Tuesday, March 1, 2011

ကြံ့ဖွံ့အင်အားစုဆောင်းမှု ဥပဒေနှင့် ဆန့်ကျင်နေ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က အောက်ခြေ ရပ်ကွက်အဆင့် အင်အားတိုးချဲ့ ဖွဲ့စည်းမှုများကို ဖေဖော်ဝါရီ နှောင်းပိုင်းမှ စတင်နေပြီး အင်အားတိုးချဲ့ရာတွင် ဥပဒေနှင့် အညီ လုပ်ဆောင်ခြင်း မရှိကြောင်း သိရသည်။


ရွေးကောက်ပွဲ မကျင်းပမီက ကြံ့ဖွံ့ပါတီဝင်များ စုဝေးနေသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - salweennews.org)

ကြံ့ဖွံ့ပါတီက အောက်ခြေအဆင့် အင်အားတိုးချဲ့ရာတွင် အစိုးရ ၀န်ထမ်းများကိုလည်း ထည့်သွင်း ဖွဲ့စည်းလျက် ရှိသည်။

“အစိုးရ ၀န်ထမ်းတွေကိုပါ ကြံ့ခိုင်ရေးပါတီက ရပ်ကွက် အလုပ် အမှုဆောင် ရာထူးတွေ ခန့်တယ်။ ကျနော်တို့ ရပ်ကွက်မှာ ဆိုရင် အစိုးရ၀န်ထမ်း တဦးကို အရန် အလုပ်အမှုဆောင် အဖြစ် ခန့်တယ်။ အခန့်ခံရတဲ့ သူကလည်း အစိုးရ ၀န်ထမ်းမို့လို့ မလုပ်ချင်ဘူးလို့ မငြင်းဘူး။ ၀င်လုပ်တယ်” ဟု မရမ်းကုန်းမြို့နယ် ကြံ့ဖွံ့ ပါတီဝင်တဦးက ပြောသည်။

စစ်အစိုးရ ပြဋ္ဌာန်းထားသော ဥပဒေအရ နိုင်ငံရေး ပါတီဝင်များသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရန် လိုအပ်ရန် လိုအပ်ပြီး ပြဋ္ဌာန်း ချက်နှင့် မကိုက်ညီလျှင် အဆိုပါ နိုင်ငံရေးပါတီကို ဖျက်သိမ်း နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀ (ဃ)၊ ပုဒ်မ ၁၂၊ ပုဒ်မ ၁၃ တို့တွင် တရားဝင် ပြဋ္ဌာန်းထားသည်။

ကြံ့ဖွံ့ပါတီသည် အစိုးရ ဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများ၊ ရယက အဖွဲ့ဝင် များသာမက လောင်းကစားဒိုင်များ၊ မှောင်ခိုနှင့် တရားမ၀င် စီးပွားရေး လုပ်သူများကိုပါ ၎င်းပါတီ၏ အမာခံ အင်အားစုအဖြစ် စုဆောင်းလျက်ရှိသည်။

ရပ်ကွက်တခုလျှင် ကြံ့ဖွံ့ပါတီ အမြဲတမ်း အလုပ်အမှုဆောင် ၅ ဦး၊ အရန် အလုပ်အမှုဆောင် ၁၀ ဦး၊ စုစုပေါင်း အလုပ် အမှုဆောင် ၁၅ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်ပြီး ရပ်ကွက်လမ်း တလမ်းတွင် အနည်းဆုံး ကြံ့ဖွံ့ပါတီကို ထောက်ခံ အားပေးသည့် အမာခံ ဦးဆောင်လှုပ်ရှားသူ တဦး ထားရှိကြောင်း မြို့နယ် ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌတဦးက ပြောသည်။

“အထက်က ညွှန်ကြားချက်နဲ့အညီ အခြေခံအကျဆုံး ရပ်ကွက်အဆင့် ပါတီဖွဲ့စည်းပုံတွေ ပြင်နေပြီ။ အရင်က ရွေးကောက်ပွဲ ရှိတော့ ပါတီမှာ စနစ်တကျ ဖွဲ့စည်းတာမျိုးမရှိဘဲ နားလည်မှုနဲ့ လုပ်ခဲ့ကြတာ။ အခုက သေသေချာချာ စနစ်ကျအောင် ပြန်လုပ်တာပါ။ ရပ်ကွက်ပါတီ အမာခံတွေက ရယက ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရာထူးတွေကိုပါ ပူးတွဲတာဝန် ထမ်းဆောင် ရမှာပါ” ဟု ၎င်းက ဆိုသည်။

ဘောလုံးပွဲဒိုင်ကိုင်သူများ၊ နှစ်လုံးထီရောင်းချသူများ၊ အနှိပ်ခန်းနှင့် KTV ဖွင့်လှစ်ထားသူများ၊ တည်းခိုခန်းနှင့် အရက်ဆိုင် ဖွင့်လှစ်ထားသူများလည်း ကြံ့ဖွံ့ပါတီ၏ ရပ်ကွက်၊ မြို့နယ် အလုပ် အမှုဆောင်များ စာရင်းတွင် ပါဝင်နေသည်။

“လက်ရှိမှာ ကြံ့ခိုင်ရေးကို ရဲက ကြောက်နေရတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့သူတွေ၊ မှောင်ခို စီးပွားရေး လုပ်စားတဲ့သူတွေပါ ကြံ့ခိုင်ရေးထဲ ၀င်တယ်။ ပါတီကလည်း သိပ်ပြီး စိစစ်တာမျိုးမရှိဘူး။ အင်အားရ ပြီးရောဆိုပြီး အကုန်လုံးကို ပါတီဝင်၊ ပါတီအမာခံ လုပ်နေတယ်” ဟု တောင်ဥက္ကလာပ ဒေသခံတဦးက ရှင်းပြသည်။

အောက်ခြေအဆင့် ပါတီဝင်များ တိုးချဲ့ စုဆောင်းရာတွင် ရာထူးနေရာ အသစ်များကိုပါ တီထွင် သုံးစွဲ မက်လုံးပေးပြီး တက္ကသိုလ် ကျောင်းသားများကို ဦးစားပေးစနစ်နှင့် ပါတီဝင်အဖြစ် သိမ်းသွင်းမှုများလည်း ရှိကြောင်း သိရသည်။

“ဆယ်စုမှူး၊ ရာစုမှူး၊ ထောင်စုမှူး၊ သောင်းစုမှူးဆိုတဲ့ စည်းရုံးရေးပေါ် မူတည်ပြီးပေးတဲ့ ရာထူး အခေါ်အဝေါ်တွေ ရှိလာတယ်။ ရပ်ကွက် အဆင့်ကနေ မြို့နယ် အလုပ်အမှုဆောင်၊ ဥက္ကဋ္ဌ၊ ခရိုင်၊ တိုင်း၊ ဗဟို အဆင့်ဆင့် တက်လှမ်းနိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ လွှတ်တော်အမတ်လောင်းအဖြစ် ၀င်ပြိုင်နိုင်တဲ့ အခွင့်အရေးလည်း ရှိတယ်” ဟု ရပ်ကွက် ကြံ့ဖွံ့ စည်းရုံးရေးမှူး တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအတွက် ရပ်ကွက်အဆင့် စည်းရုံးလှုပ်ရှား ခဲ့သူများကို မြို့နယ် အလုပ်အမှုဆောင် များအဖြစ် ရာထူးတိုးပေးခဲ့ပြီး လုပ်ပိုင်ခွင့်နှင့် အာဏာမှာလည်း မယက အဖွဲ့ဝင်များထက်ပင် အရှိန်အ၀ါ ပိုကြီးနေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ၏ အာဏာ ကြီးထွားလာမှုသည် ဥပဒေစိုးမိုးရေး၊ အစိုးရ အုပ်ချုပ်ရေးယန္တရားကို အနှောင့်အယှက်ကြီး တခု ဖြစ်လာမည်ဆိုသည့် ပြောဆိုမှုများလည်း ရှိသည်။

“ဒီပါတီကို အကာအကွယ်ယူပြီး အနိုင်ကျင့် ဗိုလ်ကျတာတွေ ရှိလာမယ်။ အစိုးရအုပ်ချုပ်ရေး အာဏာပိုင်တွေက ဒီပါတီထဲက ထွက်လာတဲ့သူတွေ ဖြစ်နေတော့ အစိုးရ၀န်ထမ်းတွေက မှန်မှန်ကန်ကန် ကိုင်တွယ်ဖို့ မ၀ံ့မရဲဖြစ်မယ်။ နောင်ဆိုရင် စစ်တပ်နဲ့ ကြံ့ခိုင်ရေး ထိပ်တိုက် တွေ့တာမျိုးတွေ ဖြစ်လာနိုင်တယ်” ဟု သတင်းစာဆရာ တဦးက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအကြီးအကဲ ရာထူးထမ်းဆောင် ကြမည့်သူ အများစုသည် ကြံ့ဖွံ့ပါတီကို ကိုယ်စားပြု ရွေးကောက်ပွဲဝင်ခဲ့ကြသော စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်ကြသည်။

Ref : Irrawaddy

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....