Sunday, March 30, 2014

" ရင်နာတယ်အေ "

အလုပ်များနေလို့ face bookမဝင်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ပြည်ပက မိတ်ဆွေက miss callပေးပြီး၊ ဖဘထဲမှာ messageပို့ထားတယ်။ ခဏလောက်ဖြစ်ဖြစ် ဝင်ကြည့်ပါလို့ ဖုန်းထဲမှာပါ SMS ထားခဲ့လို့ ဒီဖဘကြီးထဲ ဝင်ရပြန်တယ်။

ဝင်မိပြီဆိုတော့လည်း သိတယ်မဟုတ်လား။ ဂျပန်နက်လေ။ lap topပေါ်က ၂လက်မပတ်လည် လေးထောင့်ကွက်လေးကို လက်ချောင်းကလေးနဲ့ တချက်လောက် အသာပွတ်ဆွဲလိုက်ရင် ပို့စ်၁၀ခုလောက်က ဖလန်းဖလန်းနဲ့ကို ပြေးသွားတာ။

ဒီတော့လည်း မိနစ်ပိုင်းလေးအတွင်းမှာ ပို့စ်အစုံအလင်ကို သရဏဂုံတင်စရာမလိုဘဲ မြင်ရတွေ့ရဖတ်ရတယ် ဆိုပါတော့။

မပြောချင်လို့ကြည့်နေတာကြာပြီ လို့ပြောရင် မေခလာသီချင်းလို့မထင်ပါနဲ့။ တကယ်ပါ။ အခုတလော ကြားနေရတဲ့ သတင်းတွေက သိပ်တော့ မမိုက်ဘူး။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကောင်းမှုကြောင့် မြန်မာဟာ ဂျပန်မှာ ပေါ်ပြူလာပဲ။ မြန်းမာဂျင်းနဲ့ စူးချည်စံဟာ ဂျပန်ပါးစပ်ဖျားမှာ ဆူရှီနဲ့ဆာကေးလို ရေပမ်းစားသပေါ့။

ဒီလိုအခြေအနေကျမှ စစ်အစိုးရ အလိုတော်ရိ ကိုကိုငတိတို့က သံရုံးတံခါးကြီး တကျွီကျွီဖွင့်ပြီး၊ ကျနော်တို့ မြန်းမာပါခင်ည၊ ကျမတို့ မြန်းမာပါရှင့် လုပ်ကြ၊ ဂျပန်အစိုးရကလည်း ဘာဘာဘာမှမသိချင်ယောင် ဆောင်ပြီး၊ ယောရောရှိကုလိုက်ကြတာများ ပြီးခဲ့တဲ့ အပါတ်က မြန်မာပွဲလုပ်တော့လည်း သံရုံးက မြန်းမာတွေနဲ့ နိပွန်မာစတာတွေပဲ လုံးကြ၊ ပြုံးကြပေါ့။ ဘုမသိဘမသိ သွားမိတဲ့ မြန်မာဒီမိုတွေခမြာတော့ ငယ်လိုက်ရတဲ့ မျက်နှာ၊ ပွဲကပြန်လာတော့ ကိုယ့်မျက်နှာကိုယ်ပြန်စမ်းရသတဲ့။ သေးပြီးငယ်လွန်းလို့ ပျောက်များသွားပလားလို့တဲ့လေ။

အခုတခါ ဂျပန်က သာမန်မြန်မာအတော်များများ မသိလိုက်ရရှာတဲ့ အာစီယံပွဲမှာလည်း ဒင်းတို့ပဲ။ တိုင်းပြည်ကို ချစ်ပြနေလိုက်ကြတာ။ မသိရင်တာ့ မျက်ရည်စက်စက်ထွက်မတတ်ကို ပီတိတွေယိုလို့ပေါ့။ ခက်တာက ချစ်မိုးကြီးက ကွက်ကျားမိုးဖြစ်နေတာပဲ။
သူများ ပျော်တာ မနာလိုလို့ ပြောတာ မဟုတ်ပါဘူး။

တကယ်ဆို ကိုယ်ကလည်း လူမတတ်ပေမယ့် လက်ဖက်ထုပ်တော့တတ်တယ်ဆိုရမလားပဲ အဲ့သည့်ပွဲသွားဖို့ လက်မှတ်ရပါတယ်။ လက်မှတ်နဲ့အတူ ကြားရတဲ့ သတင်းက တော်ရုံလူဆို ဝင်ခွင့်မရဆိုဘဲ။ အလိုလေး ဂုဏ်ယူရမှာလား ကိုကိုရယ်။ ပျိုပျိုကတော့ကွယ် လူကြားထဲက လူပဲ ဖြစ်ချင်ပါတယ်။ တုံ့ကင်းမဖြစ်ချင်နေပါ။ သမ္မန်လောက်နောက်ပဲ ကျေနပ်ပါတယ်။ အာ့လို ကြီးကြီးကျယ်ကျယ်တွေးပြီး ကိုယ့်ယုံကြည်ချက် အပျက်မခံနိုင်တာမို့ မသွားဘူးဗျို့။

တကယ်ဆို ယနေ့ဒီလို အခြေအနေဖြစ်အောင် အဓိကခေါင်းဆောင်မင်းသမီးက ဒေါ်စု။ 

မိခင်အဖမ်းခံရပြီး ပထွေးနှိပ်စက်ခန်းမှာ ငရဲခံသားသမီးတွေက မြန်မာပြည် ပြည်သူလူထု။
ခြင်းထဲကကြက် အမွှေးကျွတ်ခံ၊ အရေပြားအလန်ခံပြီး တိုးထွက်သလို၊ ကွန်ထဲကငါး တအားခုန်လို့ လွတ်မြောက်သလို လွတ်မြောက်ခဲ့သူတွေက ပြည်ပကနေ ညာသံပေး၊ ပြည်တွင်းက ပြည်သူလူထုက အသက်သွေးစတေးပြီး အခုလို ဖြစ်ခဲ့ခါမှ အဘကိုယ်ရံတော်တွေက လက်နက်လေးဘေးချ အပုံခွ အသားယူတယ်။ ဇါတ်ကတော့ နာတယ်ဟယ်။

အခုဆိုရင်ဒေါ်အောင်ဆန်းစုကြည် အစွမ်းကြောင့် မြန်မာကို ကမ္ဘာက သိလာပြီ။ တိုင်းပြည်တွေ တန်းစီချရေးရင်တော့ နောက်ပိတ်ဆုံးကပါ ဆိုပေမယ့်လည်း တန်းစီစာရင်းထဲတော့ ပါခဲ့ပြီလေ။ အရင်အနှစ် ၅၀လောက် ကမ္ဘာ့အပြင်က မြန်မာ၊ အပယ်ခံမြန်မာ၊ အနှိမ်ခံမြန်မာ၊ စာရင်းပျောက်မြန်မာတော့ မဟုတ်တော့ဘူးပေါ့။

အဲ့သည့်လို အစွမ်းရှိသူကို အတင်းအကျဉ်းချထားခဲ့တာက ဘယ်သူတွေလဲ။ သူ့ကို ယုံကြည်စွာနဲ့ လွတ်မြောက်ရေးအတွက် အသံတွေနဲ့၊ ထန်တွေနဲ့၊ မာန်တွေနဲ့၊ ဘဝတွေနဲ့ ကိုယ်နိုင်သလောက်တွေ ပေးဆပ်ပြီး လွတ်မြောက်ဖို့ နည်းမျိုးစုံနဲ့ တိုက်ခဲ့တာက ဘယ်သူတွေလဲ။

ဂျပန်က မြန်မာ့အရေးနဲ့ ပါတ်သက်လို့ ပြောကြကြေးဆို ဂျပန်က ဒို့များ အကိုကြီး၊ အမကြီးများက ဦးစီးလို့ လွန်ခဲ့တဲ့ အနှစ်၂၀လောက်ကတည်းက မြန်မာနိုင်ငံမှာ ဝင်လိုက်ထွက်လိုက်ဖြစ်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်များ လွတ်မြောက်ရေးကို ဂျပန်က မြန်မာသံရုံးရှေ့သွားအော်တော့ ဆန္ဒပြသူတယောက်စီကို ဂျပန်ရဲ (၅)ယောက်လောက်စီက ဝိုင်းဖမ်းချုပ်ချီမပြီး သံရုံးနားက ခြုံပုတ်တွေထဲကို ပစ္စည်းတခုပစ်ချသလို ပစ်ချခဲ့ကြတာ။

အဲ့လိုအခြေအနေတွေကို အံတုပြီး လုပ်နိုင်သလောက်လုပ်ခဲ့ကြလို့ ကိုယ်တို့ခေတ်ကျတော့ သံရုံးရှေ့မှာ သွားအော်ခွင့်ရခဲ့တာ။ သံရုံးက စစ်အစိုးရကျေးကျွန်တွေ (အခုတော့ မြန်းမာတွေပေါ့နော်)ကို ဆန့်ကျင်ခွင့်ရခဲ့တာ။

ဂျပန်မှာ မြန်မာတယောက်ဟာ တစ်နာရီကို ကြမ်းခင်းဈေး ယန်း( ၉ ၀၀) လောက်တော့ တန်တယ်။ ဗမာငွေနဲ့ဆို တစ်နာရီ ၉ ထောင်ကျပ်ပေါ့။ သူတို့တွေဟာ ဂျပန်မှာ နေထိုင်ခွင့်ရပြီးမှ၊ ကိုယ့်ထမင်းကိုယ်စား၊ တနာရီ ၉ ထောင် အသာကဲ့ယူလို့ ရပါရက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေး၊ ကိုမင်းကိုနိုင်ကို လွှတ်ပေး၊ ဘုန်းဘုန်းတွေကို မထိနဲ့၊ ပြည်သူကိုမထိနဲ့ စသဖြင့် နှစ်ပေါင်းများစွာ အော်ခဲ့ကြတာ။

နောက်ပိုင်း ဂျပန်မှာ နေထိုင်ခွင့်လိုချင်လို့ အော်တဲ့သူတွေ များလာတော့ သူတို့တွေပါ နာမည်ပျက်ရတယ်။ ဒါပေမယ့် ဘယ်သူဘာပြောပြော ကိုယ့်ယုံကြည်ချက်နဲ့ ရပ်တည်နေသူတွေ ဂျပန်မှာ အများကြီးရှိသလို၊ ကျွဲကူးရေပါသဘောမျိုးနဲ့ နေထိုင်ခွင့်ရသွားတဲ့အထိလည်း တိုင်းပြည်အရေးကို ကိုယ့်မိသားစုအရေးလို သဘောထားပြီး၊ အချိန်ကုန်ခံ၊ ငွေကုန်ခံ လုပ်နေတဲ့သူတွေလည်း တပုံကြီးရှိတယ်။

နေထိုင်ခွင့်မရခင်က ဖင်က လိပ်ခေါင်းထွက်အောင် အော်ပြီး၊ နေထိုင်ခွင့်လည်းရသွားရော တရိစ္ဆာန်လိပ်ရဲ့ ခေါင်းလို အခွံထဲက ပြန်မထွက်တော့ဘဲ ပျောက်သွားတဲ့ သူတွေလည်း အများကြီးပါပဲ။ အဲ့လို လူတွေကတော့ ကိုယ့်လိပ်ပြာကိုယ် ရှက်တတ်ရင် ထမင်းတောင် စားဝင်မယ်မထင်ဘူး။ ရွံစရာပါ။ သူတို့တွေကြောင့် တကယ်ယုံကြည်မှုနဲ့ ရပ်တည်သူတွေပါ အပြောခံရတယ်။

ပြည်ပမှာက ကိုယ်စိတ်နှလုံးသုံးပါးစလုံးနှစ်ပြီး တကယ်အမျိုးချစ်နေသူများရှိနေသလို၊ တိုင်းပြည်အဆူပြပြီး ဒေါ်လာခြူချ နေသူတွေလည်း ရှိတယ်။
ဒါပေမယ့် အဆဲခံရရင်တော့ ပြည်ပမှာနေသူတွေလို့ အကုန်လုံးသိမ်းကြုံးပြီး အဆဲခံရတယ်။

ထားပါတော့လေ။ ပြောချင်တာက အဲ့ဒါ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် ဒီလိုအခြေနေ ဖြစ်လာမယ်ဆိုတာကို ယုံကြည်လို့ အော်ခဲ့၊ လှော်ခဲ့ ကြသူတွေက အခုကြတော့ လူကြမ်းတွေပေါ့။

ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သံရုံးရှေ့က မိုးရွာထဲမှာ၊ 

သံရုံးရှေ့က နေပူထဲမှာ၊ သံရုံးရှေ့က နှင်းတောထဲမှာ၊ သံရုံးရှေ့က ရဲတွေရဲ့ အတားအဆီးတွေကြားမှာ တောင်းဆိုခဲ့ကြတုန်းက ဒေါ်စုကို မလိုတမာမုန်းတီးမှုတွေနဲ့ မလွတ်မြောက်စေချင်ခဲ့သူတွေ၊ အခုချိန်ထိလည်း ဟန်ဆောင်အပြုံးအောက်က မလိုမုန်းတီးမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်မဖြစ်စေချင်သူတွေဟာ ဒီသံရုံးထဲက အခု မြန်းမာဂျင်း ဆိုသူတွေပဲဆိုတာကိုတော့ စဉ်းစားတတ်သူတိုင်း သိကြမှာပါလေ။
 တွေးမိတိုင်းတော့ ရင်နာတယ်အေ။

နန္ဒာ

ဧရာဝတီ

ဧရာဝတီမြစ်ကြီးကို ဘုရားသားများလည်း ချစ်တယ်။
ဧရာဝတီမြစ်ကြီးကို တိုင်းရင်းသားများလည်း ချစ်တယ်။
ဧရာဝတီမြစ်ကြီးကို စစ်သားများလည်း ချစ်တယ်။
ဧရာဝတီမြစ်ကြီးကို ကျောင်းသားများလည်း ချစ်တယ်။
ဧရာဝတီမြစ်ကြီးကို ပြည်သူပြည်သား အားလုံး အာလုံးက ချစ်ကြတယ်။
မြန်မာပြည်ကို ချစ်တဲ့သူတိုင်း ဧရာဝတီကို ချစ်တယ်။

ဧရာဝတီ မြစ်ဆုံအရေးကို ကန့်ကွက်တာဟာ ပါတီနိုင်ငံရေးလုပ်တာမဟုတ်ပါ။ လက်ရှိအစိုးရကို ဆန့်ကျင်နေခြင်းလည်း မဟုတ်ပါ။တိုင်းပြည်ရဲ့ ရတနာတပါး မပျောက်ကွယ်သွားရအောင် တောင်းဆိုနေခြင်းသာဖြစ်ပါတယ်။
 
နန္ဒာ

တကယ့်ဗိုလ်ချုပ်ဆိုတာ.........

လွတ်လပ်ရေးနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောရမလား။ စာလုပ်နေရင်းနဲ့ ကျွန်ုပ်ရဲ့ Dictionaryလေးကို ဟိုနှိပ်ဒီနှိပ် နှိပ်ရင်း ဂျပန်လို あうん(အောင်)ဆိုတဲ့ အသံထွက်နဲ့ အနီးစပ်ဆုံးတူတဲ့ အသံထွက်ပါတဲ့ အဓိပ္ဗါယ်တခုကို နှိပ်ရှာကြည့်မိလိုက်တဲ့အခါ လိုချင်တဲ့ စကားလုံးကို မရောက်ခင် " Aung San" ဆိုတဲ့ စကားလုံးကြီးက ဝင်းကနဲ လက်ကနဲ ထွက်လာတယ်။

ဟယ်....ငါတို့ဗိုလ်ချုပ်ဟာ သူတို့ရဲ့ ယနေ့ခေတ် Dictionaryထဲအထိပါနေတာ ဂုဏ်ယူစရာ၊ ဗိုလ်ချုပ်ကို လေးစားစရာလို့ပဲမြင်မိတယ်။ စစ်တွင်းဂျပန့်သမိုင်းမှာ ဗိုလ်ချုပ်ဟာ သူတို့အတွက် တုန်လှုပ်စရာဖြစ်ခဲ့တယ်။

Aung Sanကို သူတို့က အခုလို အဓိပ္ဗါယ်ဖွင့်ထားကြတယ်။
(Aung Sanဆိုသည်မှာ.. မြန်မာစစ်သား။
နိုင်ငံရေးသမား။
Dictionaryအရတိုက်ရိုက်ဘာသာပြန်ရင်တော့ ပစိဖိတ်သမုဒ္ဒရာစစ်ပွဲ(ဆီလျော်အောင်ပြန်ရင်တော့ ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့တောင်အာရှစစ်ပွဲဇုံ) အတွင်းမှာ ဂျပန့်တပ်မတော်ကို ပါဝင်ပုးပေါင်းခဲ့သူ။
မိမိလူမျိုးစု လွတ်လပ်ရေးအတွက် ဦးစီးဦးဆောင်ပြုကာ ထိပ်ဆုံးမှပါဝင်သူ။
1944ခုနှစ်မှာ ဂျပန်ကို ဆန့်ကျင်သူအဖြစ် ပြောင်းလဲခဲ့သူ။
စစ်ပွဲကြီးပြီးမြောက်သည်အထိ တာဝန်ထမ်းဆောင်နေရင်း လုပ်ကြံသတ်ဖြတ်ခြင်းခံရသူ။
သူရဲ့သမိုင်းကတော့ (1915မှ1947)အထိ။

ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးဟာ အရည်အသွေး စစ်မှန်လွန်းတဲ့အတွက်၊ မျိုးချစ်စိတ်ဓါတ်ဟာ ကြောက်ခမန်းလိလိ ထက်သန်စစ်မှန်လွန်းတဲ့အတွက် lobby မလို၊ ဒလန်မလိုဘဲ ကမ္ဘာမှာ ယနေ့ထက်ထိ မပျောက်ပျက်သေးကြောင်း......လွတ်လပ်ရေးနဲ့အမှတ်တရ လွတ်လပ်ရေးဖခင်ကြီးအား သတိတရဖြင့် ဂါရဝထားဦးညွတ်လျက်......

နန္ဒာ
— with Ye Min Tun.

" ဖရဲသီးစိတ်လေးများလို ကျေမွမသွားစေချင်ပါ "

တလောက face book တနေရာမှာ တွေ့လိုက်ရတယ်။ ဖြစ်ရပ်မှန် Statusတခုနဲ့ ကွန်မန့်တွေ၊ လွန်ခဲ့တဲ့ ၄လလောက်ကလည်း အလားတူ ဖြစ်ရပ်အတိုင်း ချွတ်စွပ်တူတဲ့ Statusနဲ့ ကွန်မန့်တွေ။

Status အကြောင်းက ခရီးသွားဟန်လွှဲ၊ ရုတ်တရက် တွေ့မြင်ရတဲ့ မြင်ကွင်းလေးတခုကို သနားဂရုဏာသက်မိပြီး၊ ကာလဒါနအလှူလို့ခေါ်လို့ရတဲ့ အလှူပေးလိုက်ရတဲ့ အကြောင်းရေးထားတာပါ။ ဒါပေမယ့် ကွန်မန့်တွေကတော့ အမျိုးမျိုးပဲ။ အမျိုးမျိုးဆိုပေမယ့်လည်း များသောအားဖြင့်ကတော့ အလှူသေးသေးလေးအတွက် သာဓုခေါ်ကြ၊ ကောင်းတယ် ပြောကြတာတွေ များပါတယ်။

ကျမတို့ ဗုဒ္ဓဘာသာဆိုတာကလည်း အင်မတန်မှ အလှူအတန်း ရက်ရောကြတာမျိုးလား။ အလှူလုပ်ခဲ့တာ ကြားရရင် သိရရင် ဝမ်းသာအားရ သာဓုခေါ်တတ်ကြမျိုးလား။ လူတိုင်းနီးပါးလှူနိုင်တဲ့ အလှူလောက်ကို face bookမှာ status တင်ရေးရင် ဝမ်းသာအားရ သာဓုခေါ်ကြသူများသလို၊ နည်းနည်းပါးပါး ခမ်းနားသွားတဲ့ အလှူမျိုးကျတော့လည်း ကြွားတာပါဟယ် ဆိုပြီး ကျော်သွားတတ်ကြတာမျိုးလည်း ရှိတာပေါ့နော်။

အလှူဖြစ်မြောက်သွားတဲ့အတွက် သာဓုခေါ်တာ ကောင်းပါတယ်။ အလှူခံပုဂ္ဂိုလ်လည်း အကျိုးရှိ။ အလှူရှင်လည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိပေါ့။
ဒါပေမယ့် ကျမအခု ရည်ညွှန်းတဲ့ statusလေးက အလှူကတော့ အလှူရှင်လည်း အကျိုးရှိပါတယ်။ သာဓုခေါ်သူလည်း အကျိုးရှိပါတယ်။ အဲ......အလှူခံပုဂ္ဂိုလ်ကတော့ လတ်တလော အကျိုးရှိသွားပေမယ့်၊ ရေရှည်သာ ဒီလိုဆက်သွားနေမယ်ဆို သူ့ဘဝအနာဂတ်အတွက်တော့ မကောင်းနိုင်ဘူးလို့ပဲ မြင်ပါတယ်။

ဘာပဲပြောပြော ပြည်ထောင်စု တိုင်းရင်းသားတွေ အပါအ၀င် မြန်မာလူ့ဘောင်တစ်ခုလုံးမှာ အလှူဒါနနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ စကားပုံဆိုရိုးစကားတွေဟာ ပြောမဆုံးနိုင်အောင်ကိုပဲ ရှိနေတာကြည့်ခြင်းဖြင့် မြန်မာနိုင်ငံဟာ အလှူအတန်း ရက်ရောတဲ့၊ ထစ်ကနဲဆို ပေးလွယ်ကမ်းလွယ်တတ်တဲ့ သဘောရှိသူများ စုဝေးနေထိုင်ရာ တိုင်းပြည်ကြီးအဖြစ်လည်း မြင်မိပါတယ်။

အဲ့သည်လို ပေးလွယ် ကမ်းလွယ် တတ်သူများ ပေါများခြင်းကြောင့်၊ ဂရုဏာသက်တတ်သူများ ပေါများခြင်းကြောင့် တောင်းရမ်းလွယ်သူများဟာလည်း ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုးနဲ့ရှိခဲ့ကြတယ်။ မြန်မာပြည်ကြီး ကျပ်တည်းလာတာနဲ့ ပြောင်းပြန် အချိုးညီစွာ တောင်းရမ်းသူများဟာ ပေါများသထက် ပေါများလာကြတယ်။

ကျမတို့ မြန်မာပြည်မှာ ယေဘုယျအားဖြင့် ကြည့်ရင် မင်း(အစိုးရ)အုပ်ချုပ်သူ ညံ့ဖျင်းမှုကြောင့် လူတန်းစေ့ အလုပ်အကိုင်ရဖို့ နေနေသာသာ ဆယ်တန်းအောင်သူ၊ ဘွဲ့ရသူများတောင် မုန့်ဟင်းခါးဆိုင်မှာ စားပွဲထိုးနေရတဲ့ အခြေအနေပါ။ ဒီလိုခေတ်ကြီးထဲမှာ တောင်းရမ်းစားသောက်တာကို အလုပ်မလုပ်ချင်သူတွေ၊ လက်ကြောမတင်းသူတွေလို့ တဖက်သတ်အမြင်နဲ့ အပြစ်ပြောလို့ မရပါဘူး။

ဘယ်သူကတော့ သူတောင်းစားဖြစ်ချင်ပ့ါမလဲနော်။ ဒါပေမယ့် အခြေအနေအရ တောင်းစားရတဲ့ ဘဝမျိုးရောက်သွားတာကို ခံစားနားလည်လို့ရပါတယ်။ ဒါကြောင့်မို့လို့ ဆင်းဆင်းရဲရဲနဲ့ ချိနဲ့စွာ ချို့တဲ့စွာ တောင်းရမ်းနေကြတဲ့ အဖိုးအို၊ အဖွားအိုကြီးများကို တတ်နိုင်သလောက်လည်း လှူလေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် ကျမအခုပြောချင်တဲ့ statusအကြောင်းကတော့ ရိုးသားစွာ တောင်းစားတဲ့အကြောင်း မဟုတ်ဘူး။ လိမ်စားတဲ့အကြောင်း။
ဂရုဏာကို လိမ်ယူသူတွေအကြောင်း။

လူတစ်ယောက်ရဲ့ မေတ္တာ စေတနာနဲ့၊ ဘာမှပြန်လည်ရယူလိုမှု မျှော်လင့်ချက်တစုံတရာ မရှိဘဲ၊ ဖြစ်ပေါ်လာတဲ့ ဂရုဏာကို လိမ်ယူတဲ့အပြင် ကိုယ့်ကို သနားဂရုဏာသက်မိလို့ ကူညီသွားတဲ့ စေတနာရှင်ကို ကျေးဇူးကို ကွယ်ရာမှာေ-ာက်ပေါကြီးပါ၊ ငတုံး ငအကြီးပါလို့ လှောင်ပြောင်ကျေးဇူးကန်းတတ်သူတွေ အကြောင်းပါ။

Statusမှာ ရေးထားတာကတော့ လူရှင်းတဲ့ လမ်းတနေရာမှာ ကလေးမလေး တစ်ယောက်က ဖရဲသီးဗန်းမှောက်နေတယ်။ ကောင်မလေးက ငိုမဲ့မဲ့ဖြစ်နေတယ်။ ဖရဲသီးစိတ်တွေက ကြေမွပြီး လမ်းမပေါ်မှာ ပလဲနေမယ်။ ဒါကို ကားပေါ်က သနားတတ်သူကတွေ့တော့ ဈေးပြန်ရင်းဖို့(သို့) တတ်နိုင်သလောက် ပေးသွားတယ်။ ဓါတ်ပုံလေးလည်း ပါတယ်။

ကျဖတ်လိုက်ရတဲ့ status၂ခုစလုံးမှာ ပေးကမ်းလှူဒါန်းခဲ့သူများဟာ တကယ်ကို စေတနာနဲ့ လှိုက်လှိုက်လှဲလှဲ ပေးခဲ့ကြတာကို သူတို့ရေးထားတဲ့ စာသားတွေ(စကားတွေ)မှာ တွေ့နေရတယ်။ ဝမ်းသာအားရဖြစ်လွန်းလို့လည်း ကိုယ့်မိတ်ဆွေများကို ကိုယ့်အလှူအကြောင်းလေးကို အားရပါးရ ပြန်ပြောပြကြတာပေါ့။ အလှူရှင်ဘက်က ဘာမှ အပြစ်ပြောစရာမရှိပါဘူး ဆိုပါတော့။ သူကတော့ လှူခဲ့တာပဲလေ။ လှူသူကတော့ " ပုဗ္ဗ၊ မုဉ္စ၊ အပရ " ဆိုတဲ့ စေတနာ(၃)တန်နဲ့ အားရပါးရ လှူခဲ့တာပါပဲလေ။ ကောင်းပါတယ်။

မကောင်းတာက ဖရဲသီး။ ဖရဲသီးသည်လေးတွေ ဆိုပါတော့။ သူတို့လေးတွေရဲ့ ဖရဲသီးဗန်းလေးတွေဟာ တဗန်းပြီး တဗန်းကို မှောက်နေတာရယ်၊ ဖရဲသီးဗန်းမှောက်တဲ့ ကလေးတွေ ပိုများလာတာရယ်ကတော့ ဆိုးပါတယ်။

ဒါဟာ တကယ်မှောက်တာလည်း ဖြစ်နိုင်သလို၊ အမှောက်ပြတာလည်း ဖြစ်နိုင်တာပဲ။ နောက်ပိုင်းမှာတော့ အမှောက်ပြတာက ပိုများလာဟန်ရှိပါတယ်။

တကယ်တော့ ဒီကိစ္စမှာ သရုပ်ဆောင်ရတဲ့ ကလေးမလေးတွေဟာ သနားဖို့ ကောင်းပါတယ်။ သူတို့ဟာ သာမာန်ရိုးရိုးသားသား တောင်းစားခိုင်းထားခြင်းခံရတဲ့ ကလေးတွေထက် ပိုပြီး သနားဖို့ ကောင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေရဲ့ ဖြူစင်ရိုးသားစိတ်ကလေးတွေဟာ ပက်ပက်စက်စက်ကို အရောင်ဆိုးခြင်း ခံလိုက်ရလို့ပဲ။

သူတို့လေးတွေ စိတ်ထဲမှာ လူတွေကို လိမ်ရတာကို အမှန်တရားတခုလို့ ထင်ကောင်း ထင်နေနိုင်ပါပြီ။ လောကကြီးမှာ လိမ်တတ် ညာတတ်မှ ငါထမင်းစားရမယ်ဆိုတဲ့ အသိတရားကြီးလည်း ဝင်ကောင်း ဝင်နေနိုင်ပါပြီ။ ပိုဆိုးတာက မိန်းကလေးတွေ ဖြစ်နေတဲ့အတွက်ပဲ။

အခုအရွယ်မှာကတည်းက မငိုချင်ပဲ မဲ့တတ်နေပြီ။
အခုအရွယ်မှာကတည်းက ကားပေါ်ကလူတွေထဲမှာ အချဉ်ကို ရှာရမယ် ဆိုတဲ့အတွေးရှိသူလေးတွေ ဖြစ်နေပြီ။

သူတို့လေးတွေများ အရွယ်ရောက်လာခဲ့ရင်.............။
ဘာဖြစ်သွားကြမလဲ။
သူတို့အတွက်လည်း မကောင်းဘူး။ မြန်မာပြည် အနာဂတ်အတွက်လည်း မကောင်းဘူးနော်။

လှည်းတန်း ဂုံးကျော်တံတား မရှိခင်တုန်းက မီးပွိုင့်မိနေတဲ့ ကားတွေကို ခြေထောက် မသန်ချင်ယောင်ဆောင်ပြီး လိုက်တောင်းတဲ့ ကောင်လေးတယောက်နဲ့ ကျမ စကားပြောဖူးတယ်။ အခုဆို အဲ့ကလေး လူငယ်အရွယ်တောင် ရှိလှရောပေါ့။

အဲ့တုန်းက ကျမက ပြောတယ်။
" ကောင်လေး မင်း အဲ့လို ကလိန်ကလိန်နဲ့ လမ်းလျှောက်တာများသွားရင် မင်းတကယ် ခြေထောက်မသန်ဘဲ ဖြစ်သွားလိမ့်မယ်"
ကောင်လေးက ရုတ်တရက်ဆိုတော့ ကလေးမဟုတ်လား၊ " အာ မကြီးကလည်း မဖြစ်ပါဘူး၊ ဒီမှာကြည့် " ဆိုပြီး ဆန့်ဆန့်ကြီး ၂လှမ်း၃လှမ်းလျှောက်ပြတယ်။ ပြီးတော့မှ လျှာကကလေး တစ်လစ်ထုတ်ပြီး ရယ်ကျဲကျဲနဲ့ မကြီးရယ် လျှောက်မပြောပါနဲ့လို့ ဆိုတယ်။

ကျမက " တချို့ကလေးတွေ ပန်းတို့၊ ဂျာနယ်တို့ ရောင်းတယ်၊ မင်းလည်း အဲ့လို ရောင်းပါလား " ဆိုတော့။
" အဲ့ဒါက ရင်းရတယ် မကြီးရဲ့။ ကျနော့်နည်းက အရင်းမလိုဘူးလေ။ ပြီးတော့ မရောင်းရရင် ရှုံးဦးမှာတဲ့၊ ဒီကောင်တွေ တုံးလို့ လုပ်နေတာတဲ့" ဆိုပဲ။
" အဲ့ကောင်တွေ တုံးတယ်လို့ မင့်ဘယ်သူပြောလဲ" ဆိုတော့...
" အဖေပြောတယ်" တဲ့။

နောက်အတွေ့အကြုံ တခုရှိသေးတယ်။ မြေနီကုန်း ဗိုလ်မိုးလမ်းထဲက ကားတာယာဆိုင်တခုမှာ တာယာသွားလဲတုန်းကပေါ့။ အဲ့ဆိုင်ပိုင်ရှင်က ကျမသူငယ်ချင်းကုလားလေးရဲ့ အဖေဆိုပါတော့။ ဆိုင်ပိုင်ရှင်သားဆိုပေမယ့် ဒီကောင်လည်း အလကားမနေရဘူး။ ဆိုင်ရှေ့မှာ တာယာတွေ ထိုင်ဆေးနေရတယ်။

ကျမလည်း တာယာလဲတာစောင့်ရင်း သူနဲ့စကားပြောနေတုန်း အသက်(၁)၀နှစ်လောက်အရွယ် မြန်မာကောင်လေးတယောက် ပိုက်ဆံလာတောင်းတယ်။ ကျမက ကြည့်နေတုန်းရှိသေးတယ် တာယာဆေးနေတဲ့ သူငယ်ချင်းက "ဆိုင်နောက်မှာ တာယာတွေဆေးဖို့ရှိတယ်။ မင်းဆေးမယ်ဆို တခွေ(၅)ကျပ်ပေးမယ်။ ဆေးမလား" ဆိုတော့ ကောင်လေးက နောက်ကို ၂လှမ်းလောက်ဆုတ်သွားတယ်။

သူငယ်ချင်းက " မင်းပိုက်ဆံလိုချင်ရင် အလုပ်လုပ်ရမှာပေါ့ကွ၊ ငါလည်း လုပ်နေတာပဲလေ" ဆိုတော့ " ဟင့်အင်း မလုပ်ချင်ဘူး" တဲ့။ ကျမက ဘာလို့ မလုပ်ချင်တာလဲလို့ မေးလိုက်တော့
" အမေ ဆူလိမ့်မယ်" တဲ့။

ဒီမှာတင်ပဲ သူငယ်ချင်းက " နင်စိတ်တော့ မဆိုးနဲ့ ပေါက်ကျော်မရာ၊ ဗမာတွေ အတော်များများက အလုပ် လုပ်ဖို့ထက် တောင်းစားဖို့ကို ပိုဦးစားပေးတယ်ဟ၊ ငါ့ဆိုင်ကို တနေ့ အနည်းဆုံး ငါးယောက်လောက်လာတယ်၊ လာတဲ့ သူတိုင်းကို ငါအဲ့လိုပြောတယ်။ သူတို့တကယ်ဆေးမယ်ဆို ငါတကယ် အလုပ်ပေးနိုင်တယ်။ ဒါပေမယ့် ဘယ်သူမှ အလုပ်မလုပ်ဘူး။
တကယ်ဆိုဟာ အဲ့ကလေးမိဘတွေက အဲ့လို လိုက်တောင်းခိုင်းမယ့်အစား အခုလို အလုပ်လိုတဲ့ ဆိုင်တဆိုင်မှာ အောက်ခြေသိမ်းကစပြီး သွင်းထားလိုက်မယ်ဆိုရင် ဒီကလေးက ကားတာယာအကြောင်းလည်း နားလည်လာမယ်။ ပိုက်ဆံတန်ဖိုးလည်း ပိုနားလည်လာမယ်။ ပိုက်ဆံဆိုတာ အလုပ်လုပ်ရင် ရတာပဲဆိုတာကိုလည်း သိလာမှာပေါ့ဟာ။"

" အခုတော့ ကလေးတွေကို သူတောင်းစားပဲ လုပ်ခိုင်းတော့ သူတောင်းစားပဲ ဖြစ်တာပေါ့ဟာ" တဲ့။ (၁၅)နှစ်လောက် ကြာခဲ့ပါပြီ။ ကျမ နားထဲကမထွက်တဲ့ စကားတွေပါ။

တကယ်တော့ သူဆက်ပြောချင်တာတွေ ကျမသိနေပါတယ်။ ကျမကို အားနာလို့ မပြောပေမယ့် လစ်ရင်လစ်သလို ကားပစ္စည်းဆိုင်တွေက ပစ္စည်းအတိုအစလေးတွေ ဆွဲတတ်တာတွေလည်း ပါမှာပေါ့။

မြေနီကုန်းမှာ လူမျိုးစုံတယ်။ ဟိန္ဒြူရှိတယ်၊ မွတ်ဆလင်ရှိတယ်၊ ဂေါ်ရခါးရှိတယ်၊ ဆစ်ခ်ရှိတယ်။ ပန်ချာပီရှိတယ်။ ဒါပေမယ့် သူတိုတွေရဲ့ ကလေးတွေထဲမှာ တောင်းစားတဲ့သူ ကျမတခါမှ မမြင်ဖူးဘူး။ ကျောင်းမထားနိုင်တဲ့ ဆင်းရဲတဲ့ ကုလားမိသားစုတွေ အများကြီးရှိတယ်။ ဒါပေမယ့် တောင်းမစားခိုင်းဘူး။ အလုပ် လုပ်ခိုင်းတယ်။

နောက်ပြီး မြန်မာပြည်မှာ တိုင်းရင်းသားတွေလည်း အများကြီးရှိတယ်။ ကျမ ပြည်နယ်အတော်များများကို ရောက်ဖူးတယ်။ တိုင်းရင်းသားတွေထဲမှာလည်း ဆင်းရဲနွမ်းပါးသူတွေ ရှိကြတာပဲ။ ဒါပေမယ့် တိုင်းရင်းသားစစ်စစ် တောင်းစားသူ မရှိသလောက် နည်းတယ်။

နောက်မြန်မာပြည်မှာ တရုတ်လူမျိုးတွေ အများကြီးရှိတယ်။ တရုတ်တန်းမှာ ဖြူဖြူဖွေးဖွေးနဲ့ တောင်းစားနေတဲ့တရုတ် တခါမှ မတွေ့ဖူးဘူး။

မြန်မာထဲမှာလည်း ကျောင်းမနေရဘဲ အလုပ် လုပ်နေရတဲ့ ကလေးလေးတွေ ထုနဲ့ဒေးရှိပါတယ်။ တကယ်ဆိုရင်တော့ ကလေးဆိုတာ ကျောင်းနေရမယ့်အရွယ်ဟာ ကျောင်းနေတာ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကျောင်းမထားနိုင်မယ့် အတူတူတော့ ရိုးရိုးသားသား အလုပ်လုပ်ခိုင်းစေချင်တယ်။

ယုတ်စွအဆုံး တောင်းစားမယ်ဆိုရင်တော့ ရိုးရိုးသားသားပဲ တောင်းစားတာမျိုးပဲ ဖြစ်သင့်ပါတယ်။

ဖရဲသီးတဗန်းဖိုးတောင် ရင်းနိုင်သေးတာပဲကွယ်။ အဲ့ဖရဲသီးကို တန်ရာတန်ကြေးနဲ့ လိုက်ရောင်းခိုင်းပေါ့။

ကိုယ့်ခဏတာ အဆင်ပြေစေရေးအတွက် ကလေးတယောက်ရဲ့ အနာဂတ်တခုလုံး ပျက်စီးသွားစေနိုင်တဲ့ ညစ်ညမ်းတဲ့ စိတ်ဓါတ်တွေ၊ လူညွှန့်တုံးစေမယ့် စိတ်ဓါတ်တွေ ထည့်ပေးခြင်းနဲ့၊ အဲ့လိုထည့်ပေးတာကို (မရည်ရွယ်ပေမယ့်) အားပေးအားမြှောက်ပြရာရောက်တဲ့ ဒါနကို ကျမကတော့ အားမပေးဘူး။

၁။ အာမိသဒါန၊ ဓမ္မဒါန
၂။ သာဝဇ္ဇဒါန၊ အန၀ဇ္ဇဒါန
၃။ ဓမ္မိယဒါန၊ အဓမ္မိယဒါန
၎။ သာဟတ္ထိကဒါန၊ အာဏတ္ထိကဒါန
၅။ သက္ကစ္စဒါန၊ အသက္ကစ္စဒါန
၆။ ကာလဒါန ၊ အကာလဒါန
၇။ နိဗဒ္ဓဒါန ၊ အနိဗဒ္ဓဒါန
၈။ သံဃိကဒါန၊ ပုဂ္ဂလိကဒါန
၉။ ဟီနဒါန၊ မဇ္ဈိမဒါန၊ ပဏီတဒါန..ဆိုတဲ့ ဒါနတွေထဲက တပါးပါးမှာတော့ ဒီလိုဒါနမျိုးလည်း ပါမှာပေါ့။

ကျမကတော့ တကယ်ဒုက္ခရောက်တာ ဟုတ်မှန်းမဟုတ်မှန်း မကျိန်းသေဘဲနဲ့တော့
" ငါလှူတာ ငါ့စိတ်စေတနာ၊ လိမ်ညာတာ သူ့အကုသိုလ်ပဲ" ဆိုတဲ့ စိတ်နဲ့တော့ ဘယ်တော့မှ မလှူဘူး။

မြတ်စွာဘုရားဟာ အလှူဒါနကို ဟောတော်မူရာ၌
" မိမိ ပြုလုပ်သော အလှူဒါနကြောင့် သတ္တဝါတို့ သေကြေပျက်စီးမှု မရှိစေရ" လို့ ဟောတော်မူပါတယ်။ အလှူအတန်းနှင့် ပတ်သက်၍ မလိုအပ်ပဲ ဗုံးပေါလအော လှူဒါန်းမှုမျိုးကိုလည်း အားပေးတော် မမူပါ။ ဒီလိုအလှူမျိုးမှာ အလှူခံ ပုဂ္ဂိုလ်ဟာ ဖြူစင်ခြင်းမရှိ၊ ကိုယ်လှူလိုက်တာကြောင့် ဘယ်သူမှ မသေပေမယ့် သူ့အနာဂတ်တော့ ပျက်စီးဖို့ အားပိုကောင်းသွားတယ်လို့ မြင်ပါတယ်။ လူမိုက်အားပေးရာလည်း ရောက်တယ်လို့ လည်း ယူဆတဲ့အတွက် မြတ်စွာဘုရားတရားဟောနဲ့လည်း မညီဘူးလို့လည်း မြင်ပါတယ်။

မယှဉ်အပ်တာကို ယှဉ်ပြီးပြောတာမဟုတ်ပေမယ့် ဂျပန်မှာ တခုတခုကို အရင်းအနှီးအဖြစ် လုပ်မပြဘဲ ဒီအတိုင်း သနားကြပါဆိုပြီး အသားလွတ်တောင်းလို့ အဆင်မပြေဘူး။ ဘယ်သူမှ ထည့်မှ မဟုတ်လို့ပဲ။

အနည်းဆုံး လူစိတ်ဝင်စားမယ့် အဆို၊ အက၊ အထူးအဆန်း တခုတခု လုပ်ပြရတယ်။ စိတ်ဝင်စားလို့ သဘောကျရင်ပေးတယ်။

အခုလို လိမ်ညာတောင်းတာကို သိသိကြီးနဲ့တော့
" သူ့ဖာသာသူ ဘယ်လိုပဲတောင်းတောင်း၊ ငါလှူလိုက်ရင် ငါကုသိုလ်ရတာ " ပဲဆိုပြီး လူမိုက်အားပေး၊ လူလိမ်အားပေး လုပ်လေ့မရှိဘူး။

ဂျပန်နဲ့တော့ မယှဉ်နဲ့ပေါ့ဗျာ။
အူမတောင့်မှ သီလစောင့်နိုင်မှာပေါ့ မနန္ဒာရယ်လို့ ပြောကောင်းပြောကြပါလိမ့်မယ်။

ဂျပန်တွေလည်း အရင်က အူမ မတောင့်ခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့စိတ်ဓါတ်တွေ ဖြောင့်ခဲ့ကြတယ်။

တောင်းရမ်းစားသောက်မယ့်အစား အလုပ်ကိုရေကုန်ရေခမ်း လုပ်ခဲ့ကြတယ်။
ကျမတို့ ဗိုလ်ချုပ်တကယ်လုပ်စေချင်တဲ့ အလုပ်မျိုးကို ဂျပန်တွေက အနှစ်(၅၀)လောက်ကတည်းက စောပြီး လုပ်ခဲ့ကြတယ်။

ကိုယ့်ကိုယ့်ကို မညှာဘဲ စည်းကမ်းတွေနဲ့ တုတ်နှောင်ခဲ့ကြတယ်။ အချိန်ကို တန်ဖိုးထားခဲ့ကြတယ်။ ရေသာခို အချောင်လိုက်မှုတွေကို လုံးဝ အားမပေးခဲ့ကြဘူး။

ဒါတွေကြောင့် ယနေ့ကမ္ဘာမှာ သာမာန်ဂျပန်လူမျိုး အရပ်သားတယောက်နဲ့ မြန်မာလူမျိုးအရပ်သားတယောက်ရဲ့ ရပ်တည်မှုခြင်း ကွာသွားပြီ။ ဆက်ဆံခံရပုံခြင်း ကွာသွားပြီ။ အထင်ကြီးလေးစားခံရပုံခြင်း ကွာသွားပြီ။

ဂျပန်လူမျိုးတွေမှာ ဘယ်ကိစ္စပဲဖြစ်ဖြစ် စဉ်းစားရင် သူ့အတွက်ရော၊ သူ့လူမျိုးအတွက်ပါ ထည့်စဉ်းစားတတ်တဲ့ အခြေခံစိတ်ဓါတ်တော့ ရှိတယ်။

အဲ့သည့်စိတ်ဓါတ်ကြောင့် သူတို့တွေဟာ home lessတွေကို သနားလေ့မရှိဘူး။ ပေးကမ်းစွန့်ကျဲလေ့မရှိဘူး။
ရမှန်းသိနေရင် အလုပ်မလုပ်ချင်တဲ့သူတွေ ဂျပန်မှာ များလာလိမ့်မယ်။ အလုပ်မလုပ်ချင်တဲ့သူများလာရင် ဂျပန်ပျက်စီးသွားလိမ့်မယ်တဲ့။

ကျမတို့ မြန်မာအများစုမှာ အဲ့လို စဉ်းစားရင်ေ-ာက်ပေါကြီးလို့ အပြောခံရမယ်။
အောင်မလေးဟယ်....ဖရဲသီးစိတ်သည်လေး လိမ်နေတာကိုသိပေမယ့် သနားလို့ ပိုက်ဆံလေးပေးမိတာကို တိုင်းပြည်နဲ့လူမျိုးနဲ့ချီပြီး ပြောနေလိုက်တာ။
ကျွတ်နေတဲ့ပလတ်ကတော့ နည်းနည်းနောနောမဟုတ်ဘူးဟေ့။ ပြန်တောင် တပ်လို့ရပါ့မလား မသိတော့ဘူးလို့ ဒီစာဖတ်ပြီးရင် ပြောကြမယ့်သူတွေ အများကြီးရှိမှာပဲ။

မြန်မာပြည်ကြီး ကောင်းစားဖို့ဆိုတာ ဦးသိန်းစိန်ကိုချည်းပဲ ဆဲနေလို့လည်း မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုချည်းပဲ အားကိုးနေလို့မရဘူး။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတခွန်း ရှင်းရှင်းလေးပဲ။
" ကျမတို့လူမျိုး တိုးတက်ချင်ရင် အရင်ဆုံးပြင်ရမှာ စိတ်ဓါတ်တဲ့" ။

တကယ်တော့ ကလေးတွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ ရတနာတွေပါ။ တိုင်းပြည်ရဲ့ အနာဂတ်လေးတွေကို တတ်နိုင်သမျှ မညစ်ထေးစေချင်ဘူး၊ တိုင်းပြည်ရဲ့ ရတနာလေးတွေကို တတ်နိုင်သမျှ အနာအဆာ ကင်းစေချင်တယ်။
သူတို့လေးတွေရဲ့ ဖြူစင်တဲ့ စိတ်ဓါတ်၊ လှပတဲ့ အနာဂတ်လေးတွေဟာ လမ်းမပေါ်မှာ အစိတ်စိတ် အမွှာအမွှာ ကျေမွသွားတဲ့ #ဖရဲသီးစိတ်လေးများနဲ့အတူ ရောမပါသွားစေချင်ပါ။

နန္ဒာ

မှတ်ချက်...face bookပေါ်မှာ ကျမကိုခင်တဲ့၊ ကျမက ခင်တဲ့ မိတ်ဆွေများ၊ တချို့ဆို ကျမနဲ့အတူတူ အလုပ်တွဲလုပ်ဖို့အထိ ရည်ရွယ်ထားတဲ့ မိတ်ဆွေများရှိတဲ့အတွက် ကျမရဲ့ အယူအဆကို အချိန်ရလို့ ရေးပြခြင်းသာဖြစ်ပါတယ်။ ခံယူချက်မတူသူတွေကို အပြစ်တင်ခြင်းမဟုတ်ပါ။ ကျမကတော့ ဒီလိုမိန်းမပါဆိုတာကို ခင်မင်ရသူများ သိထားရရုံဆိုပါတော့။ ရှောင်ချင်လည်း ရှောင်လို့ရအောင်ပေါ့။

" သူတို့ အောင်မြင်နေပြီလား "

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရဖြိုခွင်းလိုက်ပုံက တကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့တယ်
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကိုကြည့်ပြီး စစ်အစိုးရရဲ့ တကယ့် သရုပ်အမှန်ကိုလည်း ကမ္ဘာက သိသွားခဲ့တယ်။

မေတ္တာပို့နေတဲ့ သံဃာတော်များကို ရက်ရက်စက်စက် နှိမ်နင်းလိုက်တဲ့ စစ်အစိုးရဟာ အာဏာနဲ့ပါတ်သက်လာရင် ဘာသာတရားလည်း မရှိတဲ့ မိစ္ဆာဒိဋ္ဌိတွေပါလားဆိုတာကို ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကနေ မြန်မာပြည်သူတွေ သိသွားကြတယ်။

သံဃာတော်တွေရဲ့ ဒကာဒကာမများ အပေါ်ထားတဲ့ စေတနာ၊ မေတ္တာစွမ်းအားကြောင့် နိုင်ငံရေးကို စိတ်မဝင်စားသူများ၊ သေနတ်ကြောက်သူများ၊ ဘာသာတရား ကိုင်းရှိုင်းသူများတောင် လမ်းမပေါ်ရောက်လာခဲ့ကြတယ်။

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုရဲ့ နောက်ဆက်တွဲ ရလဒ်တွေကြောင့် စစ်အစိုးရဟာ ဘယ်လိုမှ ဆက်လက်ရပ်တည်လို့မရတော့ဘူး။

ဒါကြောင့် စစ်အစိုးရဟာ မြန်မာပြည်က ရဟန်းသံဃာတော်များရဲ့အား ကို အတော်တုန်လှုပ်သွားခဲ့သလို၊ အဆိုပါ ရဟန်းသံဃာတော်များကို ကိုးကွယ်ကြတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုသဒ္ဓါအားကိုလည်း မှန်းဆလို့ရသွားတယ်လို့ မြင်တယ်။

" ဒီဘုန်းကြီးတွေကြောင့် ငါတို့အခြေအနေပျက်ရတာ" ဆိုတဲ့ အတွေးနဲ့ စစ်အာဏာရှင်တွေဟာ သံဃာတော်များအပေါ် ကြီးစွာသော အငြှိုးနဲ့ တေးထားခဲ့တယ်လို့ ယူဆတယ်။

ဒါကြောင့်လည်း စစ်အစိုးရဟာ အခြေအနေမလှလို့ တိုက်ပုံဝတ်လိုက်ရပေမယ့် ၊နောက်နောင်ကို ရဟန်းသံဃာကိုထိလို့ ပြည်သူက မချိရတဲ့ အဖြစ်မျိုး ဘယ်တော့မှ မဖြစ်ရအောင် သံဃာတော်များကို ပြည်သူလူထုက အကြည်ညိုပျက်စေမယ့် လုပ်ရပ်များကို အရပ်သားအစိုးရအသွင်နဲ့ ကြံဖွတ်အစိုးရဖြစ်ကတည်းက စီမံကိန်းတခုအဖြစ် တရစ်ခြင်း၊ တထစ်ခြင်း အကောင်အထည် ဖေါ်ခဲ့တယ်လို့ မြင်တယ်။

ရဟန်းသံဃာတော် အစစ်များကြားမှာ ဘုန်းကြီးအတုများ ထည့်သွင်းတာမျိုး။
ဝိနည်းလျော့ရဲတဲ့ရဟန်းပျိုများဟာ အကွက်ဆင်ခံရပြီး စစ်အစိုးရရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်။
ရဟန်းပျိုများနဲ့ မာတုကာမနဲ့ ထိတွေ့လျှင် ဖျက်စီးသူတို့ ပျော်၏။ မီဒီယာအမျိုးမျိုးကတဆင့် ပြည်သူသိအောင် ဖေါ်၏။
ရဟန်းပျိုများ ဘောလုံးကန်လျှင် ဖျက်စီးသူတို့ သဘောကျ၏။
မီဒီယာအမျိုးမျိုးကတဆင့် ပြည်သူသိအောင် ဖွ၏။

ပြည်သူလူထု အကြည်ညိုပျက်လာတဲ့ အဆင့်ရောက်တော့ ဘာသာရေး၊ အမျိုးသားရေး ဗန်းပြပြီး တိုင်းပြည်မှာ ဆူပူမှုတွေ ဖြစ်နေတာ ဒီဘုန်းကြီးတွေကြောင့်ပါလို့ ကမ္ဘာက အထင်လွဲအောင် သာသနာနဲ့ သံဃာကို ဓါးစားခံလုပ်ခဲ့တယ်။

သာသနာကို အလွန်တန်ဖိုးထားပြီး၊ အလွန်ချစ်တတ်သော၊ သာသနာမှတပါး အခြားမမြင်တတ်သော ရိုးသားတဲ့ သံဃာတော်များကြားမှာ ဘုန်းကြီးအတုတွေပါ ရောထည့်ပြီး စစ်အစိုးရဟာ သံဃာထုကို လိုသလို အသုံးချနေတယ်။

ရဟန်းသံဃာတော်များအား စစ်အစိုးရက အချိန်ယူပြီး စနစ်တကျ ဖျက်စီးထားတဲ့မှုကြောင့် ယခုဆိုရင် ပြည်သူလူထုက
ဝါဝါမြင်တိုင်းလည်း သံဃာမထင်တော့ပါ။ သံဃာမြင်တိုင်းလည်း မကြည်ညိုရဲတော့ပါ။
အင်မတန် နှမြောစရာကောင်းပါတယ်။

ပြောမယ်ဆို မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိနေတာဟာ အခုမှ မဟုတ်ဘူး။ အဲ့သည့် လူမျိုးတွေ၊ ဘာသာတွေကို မတည့်အောင် ဖန်တီးပေးနေခြင်းကသာ အခုမှ ပေါ်လာတာ။

အိမ်တအိမ်မှာ လူကြီးအချင်းချင်းပဲ ရန်ဖြစ်ဖြစ်၊ ကလေးအချင်းချင်းပဲ ရန်ဖြစ်ဖြစ်၊ လူကြီးနဲ့ကလေးနဲ့ပဲ ရန်ဖြစ်ဖြစ်၊ ဘယ်သူနဲ့ဘယ်သူနဲ့ပဲ ရန်ဖြစ်ဖြစ်၊ ရန်ဖြစ်နေခြင်းဖြင့် အမြဲဆူပူသောင်းကျန်းနေတဲ့ အိမ်တအိမ်ဟာ ဘယ်တော့မှ တိုးတက်ကြီးပွား ချမ်းသာပျော်ရွှင်လာမှာ မဟုတ်ဘူး။

နိုင်ငံတနိုင်ငံမှာလည်း အဲ့သည့်နိုင်ငံမှာ ခေတ်အဆက်ဆက်ကတည်းကအရင်မှီတင်းနေထိုင်ကြသူများ အချင်းချင်း ရန်ဖြစ်နေရင် ဒီနိုင်ငံဘယ်လို ကြီးပွားတိုးတက်မလဲ။

အရင်းစစ်တော့ ကျမတို့နိုင်ငံအတွက် မလိုအပ်သူများကို ကျမတို့နိုင်ငံထဲကို ထည့်နေတာလည်း တရားခံက ဒီအုပ်စုပါပဲ။ ကျမတို့နိုင်ငံအတွက် လိုအပ်တဲ့ စည်းလုံးမှုကို ဖြိုခွဲနေတာလည်း တရားခံက ဒီ အုပ်ပါပဲ။
ကျမတို့ ရန်ဖြစ်ဖို့ မလိုပါ။ စဉ်းစားတတ်ဖို့ပဲ လိုပါသည်။

နန္ဒာ

February 15  

ခေါင်းဆောင်

တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တက်ဖို့ ဦးဆောင်နိုင်တာ လက်ရှိမြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် တယောက်သာ မြင်မိပါတယ်။
ကျနော် NLD အမာခံအားပေးသူမဟုတ်သလို့ မျက်စိစုံမှိတ် ထောက်ခံတာ မဟုတ်ပါ။ တိုင်းပြည်အတွက် တွေးကြည့်ရင် ရှင်းရှင်းလေး အခု လိုင်းတင်ပြောနေတဲ့ ဥက္ကဌတွေ သမ္မတတွေ ကြံ့ဖွတ်ပါတီက ပုဂ္ဂိုလ်တွေနဲ့ တယောက်စီနှင့် ယှဉ်စဉ်းစားရင် ဒေါ်အောင်ဆန်းစုကြည်လောက် နိုင်ငံတကာနှင့်ရော ပြည်တွင်းမှာပါ အဆင်ပြေနိုင်ဆုံး ဖြစ်မည့် နံပါတ်တစ်နေရာ ခေါင်းဆောင်နိုင်သူ ခေါင်းဆောင် မရှိသေးပါ။

မှတ်ချက်။ ခေါင်းဆောင်နိုင်သူလို့ဆိုတာ ခေါင်းဆောင်နိုင်တဲ့ အရည်ချင်းတွေနှင့် တကယ့်လမ်းကြောင်းပေါ်မှာ သွားနိုင်အောင် ဦးဆောင်နိုင်သူကို ဆိုလိုတာပါ။ ခေါင်းဆောင်အမည်ခံချည်း သက်သက်ဆို လမ်းဘေးက အရက်မူးလဲနေတဲ့ ငနဲ ရေချိုးပေးပြီး ခေါင်းဆောင်တင်လဲ ဖြစ်တာပေါ့။


ရဲမင်းထွန်း

တာဝန်မဲ့စကား မပြောကြစမ်းပါနဲ့

လူမျိုးမပျောက်ဖို့အရေး ညီမလေးတို့မှာပဲ တာဝန်ရှိတယ်နော်ဆိုတဲ့ စကားကို ဘယ်တာဝန်မဲ့ အကိုကြီးကရေးပြီး၊ ဘယ်တာဝန်မဲ့ ညီလေးတွေကများ ဖြန့်နေတာပါလိမ့်။ မိန်းကလေးတွေမှာချည်း တာဝန်ရှိတယ် ထင်နေလား။
အမျိုးမပျောက်ဖို့အရေးဆိုတာ တမျိုးသားလုံးနဲ့ဆိုင်တယ်။ အမျိုးသမီးတယောက် မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ် ဆုံးဖြတ်တတ်ရေးဆိုတာ အဲ့သည့်မိန်းကလေးရဲ့ မိသားစု၊ ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ တနည်းပြောရရင် အဲ့သည့်မိန်းကလေးရဲ့ မိသားစု၊ ပတ်ဝန်းကျင်မှာလည်း တာဝန်ရှိတယ်။
လူဆိုတာ တာဝန်ယူချင်စိတ်ရှိရင် ကိုယ့်တိုင်းပြည်ရဲ့ နေရာတိုင်း ကိစ္စ္စရပ်တိုင်းမှာ တနည်းတဖုံနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တာဝန်ယူလို့ ရတာချည်းပဲ။ ဘယ်နေရာမှာမှ ငါ့တာဝန်မရှိဘူးလို့ ပြောလို့မရဘူး။

နန္ဒာ
၂၀၁၄.၀၃.၂၆

Wednesday, February 20, 2013

ကောင်းတာကို အတုယူပါ။

1991ခုနှစ်လောက်တုန်းက ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ 石神井公園(Shakujikoen) ဘူတာမှာ ဖြစ်ပါတယ်။ မနက်တိုင်း အခုလို အလုပ်သွားချိန်မှာ ရထားကြပ်ကြပ်ညှပ်ညှပ်ကို တိုးစီးကြရပေမယ့် တဦးနဲ့တဦး ရန်ဖြစ်လေ့မရှိကြဘူး၊ ခါးပိုက်နှိုက်ခြင်းလည်း မရှိသလောက်ကို နည်းတယ်လို့ သိရပါတယ်။ အဲ့သည်လို စိတ်ဓါတ်တွေနဲ့ ကြိုးစားခဲ့ကြတဲ့ ဂျပန်လူမျိုးတွေကို အတုယူစေချင်ပါတယ်။

Thursday, February 14, 2013

ဂျပန်မှ မြန်မာပြည်သို့ တရားဝင်ငွေလွှဲနိုင်ပြီ

7 ELEVEN ရဲ့ company ကြီးရဲ့ 7 Bank နဲ့ WESTERN UNION တို့ ပူးပေါင်းပြီး ယခုအခါမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲလို့ ရနိုင်တဲ့ စနစ်တခုကို သိပ်မကြာသေးခင် အချိန်ကပဲ အကောင်အထည် ဖေါ်လိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ တရားဝင်နေထိုင်တဲ့၊ ဂျပန် လဝက မှ(zairyu card)လို့ ခေါ်တဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်တမျိုးမျိုးနဲ့ နေထိုင်ခွင့်ကဒ် ရှိသူတိုင်း အခုအခါမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နေ့ညအချိန်မရွေး(၂၄)နာရီပတ်လုံး ငွေလွှဲလို့ရပါပြီ။

မြန်မာပြည်မှာ နေထိုင်သူ(ငွေလက်ခံသူ)များ အနေနဲ့လည်း အခက်အခဲ မရှိဘဲ အလွယ်တကူ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

လုပ်နည်းအဆင့်ဆင့်ကတော့ ပထမဦးစွာ ဂျပန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးဟာ( မြန်မာနိုင်ငံသားမဟုတ်လည်းရပါတယ်။ အဓိက က တရားဝင်နေထိုင်နေသူတဦးဖြစ်ဖို့ပဲ လိုပါတယ်) ပထမဦးစွာ Seven Bank မှ Seven Bank Card တခုကို စတင် လျှောက်လွှာတင်ပြီး ပြုလုပ်ရပါမယ်။ လျှောက်လွှာကို ဂျပန်နိုင်ငံရဲ့ 7 Elevenဆိုင်တိုင်းမှာ တောင်းယူနိုင်ပါတယ်။

လျှောက်လွှဲထဲမှာ အင်္ဂလိပ်-ဂျပန် နှစ်ဘာသာနဲ့ ရေးထားပြီး ဖြည့်ရတာ သိပ်မခက်လှပါဘူး။ လူတဦးအနေနဲ့ လျှောက်လွှာတစ်စောင်မှာ မြန်မာပြည်က ငွေလက်ခံမယ့်သူ (၆)ဦးတိတိ ဖြည့်သွင်းနိုင်ပါတယ်။

7 Bank Cardကို အသုံးပြုပြီး ငွေလွှဲပါက မြန်မာနိုင်ငံတွင်းမှ ငွေလက်ခံသူမှာ 7 Bank accountရှိစရာ မလိုပါ။ ဂျပန်နိုင်ငံမှ 7 Bankဖြင့် လွှဲလိုက်သောငွေအား မြန်မာနိုင်ငံတွင် အောက်ပါ နေရာများ၌ ထုတ်ယူနိုင်ပါသည်။ ( Western Union)
(1) Kanbawza
(2) Co-operative
(3)First Private
(4)Myanma Apex
(5)Myanmar Livestock Fisheries Development
(6)Myanmar Oriental
(7)United Amara

ပို့ဆောင်ခများမှာ အောင်ပါအတိုင်းဖြစ်ပါသည်။
၁ယန်းမှ-ယန်း ၁သောင်း အထိ ပို့ဆောင်ခ ယန်း ၉၉၀။
ယန်း ၁သောင်း၁ယန်း-ယန်း ၅သောင်း အထိ ပို့ဆောင်ခ ယန်း ၁၅၀၀။
ယန်း ၅သောင်း၁ယန်း-ယန်း ၁၀သောင်း အထိ ပို့ဆောင်ခ ယန်း ၂၀၀၀။
ယန်း ၁၀သောင်း၁ယန်း-ယန်း ၂၅သောင်း အထိ ပို့ဆောင်ခ ယန်း ၃၀၀၀။
ယန်း ၂၅သောင်း၁ယန်း-ယန်း သောင်း၅၀ အထိ ပို့ဆောင်ခ ယန်း ၅၀၀၀။

ငွေလွှဲနှုန်းထားများကတော့ တနေ့နဲ့တနေ့ မတူညီနိုင်ဘဲ ကမ္ဘာ့ပေါက်ဈေးအတိုင်းပဲ ဖြစ်တယ်လို့ 7 Bankရဲ့ တာဝန်ခံတဦးက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ 7 eleven ဆိုင်တိုင်းမှာ ငွေလွှဲပုံလွှဲနည်း အဆင့်ဆင့်ကို မေးမြန်းအကူအညီတောင်းနိုင်ကြောင်းလည်း အဆိုပါ တာဝန်ခံပြောပါတယ်။
အင်တာနက်ပေါ်တွင်လည်း http://www.sevenbank.co.jp/english/ နေရာမှာ ဝင်ရောက်၍ လေ့လာနိုင်ပါသည်။

ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အဆင်ပြေစေရန် ရေးသားခြင်းဖြစ်ပါသည်။ ထပ်ဆင့် ဖြန့်ဝေမည်ဆိုပါက ကျေးဇူးပြု၍ ဤမူရင်းဇစ်မြစ်ကို ဖေါ်ပြပေးစေချင်ပါသည်။ 

လေးစားစွာဖြင့်
နန္ဒာ


ကမ္ဘာအနှံ့ကသတင်းတွေ....