Showing posts with label မြန်မာအမျိုးသမီးများ. Show all posts
Showing posts with label မြန်မာအမျိုးသမီးများ. Show all posts

Wednesday, March 9, 2011

မြန်မာအမျိုးသမီးအရေးဆောင်ရွက်စရာလိုသေး

ဒီနေ့ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာမှု အရင်ကထက် အားကောင်းလာတယ်လို့ ဆိုနိုင်ပေမဲ့ နိုင်ငံရေးကဏ္ဍမှာတော့ အားနည်းချက် ရှိသေးတယ်လို့ ဒီကနေ့ ကျရောက်တဲ့ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ပြည်တွင်း အမျိုးသမီးရေးရာ လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ အမျိုးသမီးရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဆောင်ရွက်ပေးမှုတွေကလည်း အားနည်းသေးတယ်လို့ ဆိုကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲက အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခြေအနေ အမျိုးမျိုးပေါ်မှာ အဖွဲ့အစည်းတွေက တာဝန်ယူ ဆောင်ရွက်ပေးမှုအပိုင်း အလွန် အားနည်းနေသေးသလို နိုင်ငံရေး ပါဝင်ပတ်သက်မှု ကဏ္ဍမှာလည်း အတော်အားနည်းတာ တွေ့ရတယ်လို့ ပြည်တွင်း အမျိုးသမီးရေးရာ အဖွဲ့တွေက အဓိက သုံးသပ်ပါတယ်။

ကျပ်တည်းတဲ့ စီးပွားရေးကြောင့် အခြေအနေ အမျိုးမျိုးနဲ့ ရုန်းကန်နေရတဲ့ မိန်းကလေးငယ်တွေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေက တရားဝင် မဟုတ်တာကြောင့် သူတို့မှာ ကြုံလာရတဲ့ အကြမ်းဖက်မှုတွေ၊ မတရား အနိုင်ကျင့်ခံရမှုတွေဟာ ပိုပိုပြီး ကြားလာရတယ်လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“စားသောက်ဆိုင်တွေ၊ အနှိပ်ခန်းတွေမှာကတော့ မိန်းကလေးတွေက တော်တော်များတာပဲ၊ ကြာလေ များလေ ဖြစ်လာတာပဲ။ ဒါတွေအကုန်လုံးက စီးပွားရေး ကျပ်တည်းမှုကြောင့် စားစရာ၊ သောက်စရာ မရှိလို့ လုပ်ကိုင်စားနေရတဲ့ အနေအထားမျိုးပဲ ဖြစ်နေရတယ်။ နှိပ်စက်ညှင်းပန်းခံရလို့ သွားတိုင်တယ် ဆိုရင်တောင်မှ ပိုက်ဆံထိုးနိုင်တဲ့လူက အနိုင်ရနေတဲ့ခေတ်ကြီး ဖြစ်နေတာကိုး။ အမှန်တရားဘက်မှာ ရပ်တည်တဲ့ ၀န်ထမ်းက တော်တော်လေး ရှားပါးနေတဲ့ အခါကျတော့ နှိပ်စက်ညှင်းပန်းသမျှကို ခံနေကြရတာပါပဲ။”

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေရဲ့ ဇနီးတွေ စုပေါင်း ဖွင့်လှစ်ထားတဲ့ အမျိုးသမီးရေးရာ အဖွဲ့ချုပ်လိုမျိုး၊ တခါ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ အမျိုးသမီး စွမ်းဆောင်ရှင်လို အဖွဲ့တွေအပြင် တခြား အမျိုးသမီးရေးရာ လူမှုရေး အဖွဲ့တွေ ရှိပါတယ်။ အရင်က အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ အကြမ်းဖက် အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေရဲ့ ကိစ္စတွေကို ကူညီပေးပေမဲ့ အခုနောက်ပိုင်း အဖွဲ့အစည်း ထင်ပေါ်မှုသာ ဦးစားပေးလာတယ်လို့လည်း သူက သုံးသပ်ပါတယ်။

“အရင် စတည်ထောင်တုန်းကတော့ သူတို့က ကြိုးကြိုးစားစား လုပ်ပေးတယ်ပေါ့။ လာတိုင်ကြားတဲ့လူရှိရင် ထိထိရောက်ရောက် လုပ်ဆောင်ပေးတယ်။ အဲဒီအခါကျတော့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့တော့ နည်းနည်းလေး အားကိုးစရာလေး မြင်လာပြီဆိုပြီး ၀မ်းသာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာကျတော့ သူတို့က အဖြစ်သဘောလောက်ပဲ လုပ်ဆောင်ပေးတဲ့ အခါကျတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းလာတာပေါ့။ သူတို့ ထင်ပေါ်မှုတွေကိုပဲ ဦးစားပေးလာတယ်။ ပွဲလမ်းသဘင်၊ ဒါမျိုးတွေမှာပဲ နာမည်ကောင်း လိုချင်တော့တယ်။ တကယ် ထိထိရောက်ရောက် လာတိုင်ကြားတဲ့သူဆိုရင် သေချာမလုပ်ပေးတော့ဘူး။”

ရန်ကုန်မြို့ခံ အမျိုးသမီးတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို ရန်ကုန်က ယုဒဿာန်ခန်းမမှာ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အမျိုးသမီးရေးရာ အဖွဲ့တွေ၊ ပြည်တွင်းထဲမှာ လှုပ်ရှားနေတဲ့ အမျိုးသမီး အဖွဲ့တွေအပြင် တိုင်းရင်းသား အမျိုးသမီး အဖွဲ့တွေနဲ့ စုပေါင်းပြီး အခမ်းအနားတခု ကျင်းပခဲ့တဲ့အထဲ လက်ရှိ မြန်မာနိုင်ငံ အမျိုးသမီးတွေရဲ့ အခြေအနေတွေဟာ လူမှုရေး၊ စီးပွားရေးထက် နိုင်ငံရေး ပါဝင်ပတ်သက်မှုတွေမှာ အားနည်းနေတာ တွေ့ရတယ်လို့ သုံးသပ်ခဲ့တဲ့အကြောင်း အမျိုးသမီးရေးရာ လှုပ်ရှားနေသူ တဦးက ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ ပညာရေး၊ ကျန်းမာရေးတွေမှာတော့ သိပ်မသိသာပေမဲ့ နိုင်ငံရေး ပါဝင်မှုမှာတော့ တော်တော်လေး အားနည်းနေတယ်လို့ ကျမတို့ သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ National Assembly မှာဆိုရင် အမျိုးသမီးက ၄.၁% ပေါ့၊ ပြီးတော့ State Level မှာလည်း နည်းတယ်လေ၊ ၄.၃ လောက်ပဲ ရှိတယ်။ Member of Parliament မှာလည်း နည်းသေးပါတယ်။ ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် အရင်ကထက်စာရင်တော့ Stage လေးတခု ရှိလာပြီ။ အဲဒါကိုလည်း ကျမတို့ အမျိုးသမီးတွေက ဆက်လက်ပြီးတော့ ကြိုးကြိုးစားစား လှုပ်ရှားရမယ်လို့ မြင်ပါတယ်။”

ဒါပေမဲ့ မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးရာတွေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားမှုနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားမှုကြောင့် ထောင်ချခံထားရတဲ့ မစုစုနွေး၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းချက်တွေကြောင့် အကျဉ်းချခံထားရတဲ့ မနီလာသိန်း၊ မမီးမီးတို့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ အမျိုးသမီးပေါင်း ၅၀ ကျော် ထောင်ထဲမှာ ရှိနေပါတယ်။

ဒါ့အပြင် နောက်ပိုင်းကနေ နိုင်ငံရေးကို ပံ့ပိုးနေကြတဲ့ အမျိုးသမီးထုတွေလည်း ရှိသလို နိုင်ငံရေးမှုနဲ့ အကျဉ်းကျနေတဲ့ ခင်ပွန်းသည်တွေ အပေါ်မှာ အားပေးမှုနဲ့အတူ ဘ၀ကို ရုန်းကန် ကြိုးစားနေတဲ့ အမျိုးသမီးထုရဲ့ ရပ်တည်ချက်ဟာလည်း ဒီကနေ့မှာ ကျေနပ်အားရစရာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။

“ပေါ်ပေါ်ထင်ထင် လုပ်တဲ့သူတွေ ရှိသလို အနောက်ကနေ အားပေးတဲ့သူတွေလည်း ရှိတာပေါ့။ သူတို့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ပြီးတော့ အကျဉ်းထောင် အသီးသီးမှာ ကျနေတဲ့ အမျိုးသမီးတွေကတော့ အကျဉ်းသားပေါင်း ၂,၁၀၀ ကျော်မှာ ကျမတို့ အမျိုးသမီးတွေက အကျဉ်းထောင် အသီးသီးမှာ ၅၀ ကျော် ရှိပါတယ်။ အားရစရာ ရှိလားဆိုတော့ ကျမတို့ တိုင်းပြည်ကတော့ အခုချိန်အထိ စနစ်ပြောင်းဖို့က လိုအပ်နေသေးတယ်။ ကြာလာတဲ့အခါ တဖြည်းဖြည်းနဲ့ လူတွေက စားဝတ်နေရေးကြောင့်ပေါ့ အဓိကတော့၊ စိတ်ရှိပေမဲ့လည်း မပါဝင်နိုင်တဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။

“ဒါပေမဲ့ ကိုယ်တိုင် မပါဝင်သော်လည်းပဲ အနောက်ကနေ အားပေးနေကြတဲ့ ညီမတွေရှိတယ်၊ အမေတွေလိုဟာမျိုး ရှိတယ်၊ အဒေါ်တွေလိုမျိုး ရှိတယ်။ အလွှာအသီးသီးက လူတွေက အကုန်လုံး ပါဝင်နေကြတာကို တွေ့ရတဲ့အတွက် ကျမတော့ အားရ ကျေနပ်ပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာ ဒေါ်မေ၀င်းမြင့် သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
VOA မြန်မာပိုင်းသတင်းဌာနမှဖေါ်ပြပါသည်။

Friday, February 11, 2011

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ တယ်လီဖုန်းဖြင့် သြဝါဒ ခံယူဆွေးနွေးပွဲ မှတ်တမ်း (တိုကျို)

ယနေ့ ၂၀၁၁ ခုနှစ်၊ဖေဖေါ်ဝါရီလ၊ ၁၁ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်း ဖွဲ့စည်းထားသော မြန်မာ့ဒီမိုကရေစီကွန်ရက် Network for Democray in Burma(NDB)မှ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် တွေ့ဆုံ၍ သြဝါဒခံယူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ (MINAMI OTSUKA)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို ဂျပန်စံတော်ချိန် နေ့လည်(၁)နာရီ မြန်မာစံတော်ချိန်အားဖြင့် နံနက်(၁၀)နာရီခွဲတွင် စတင်၍ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက် တယ်လီဖုန်းခေါ်ဆိုပြီး ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ထံက ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအား နှုတ်ခွန်းဆက် စကားနှင့်အတူ ဒီမိုကရေစီရေးနှင့် သက်ဆိုင်သော သြဝါဒစကားကို ပြောကြားခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် The National League For Democracy Liberated Area Japan(NLD LA JB)မှလည်းကောင်း၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်(ဂျပန်ဋ္ဌာနခွဲ)မှ တာဝန်ခံဆရာတော် ဦးဓမ္မဇောတိမှလည်းကောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူတိုင်းရင်းသား ခေါင်းဆောင် အသီးသီးတို့မှလည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့နှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် မေးခွန်းများမေးမြန်းခြင်းနှင့် အမှာစကားများကို ခံယူ ဆွေးနွေးခဲ့ကြပါသည်။ အပြန်အလှန်တယ်လီဖုန်း စကားပြောချိန် ၄၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စုစုပေါင်း လူဦးရေ(၁၀၀)နီးပါးခန့် ဒေါ်အောင်ဆန်းစုကြည်၏ သြဝါဒစကားကို လာရောက် နားထောင်ခဲ့ကြပါသည်။

အခမ်းအနား အပြီးသတ်တွင် အားလုံးသော ပရိတ်သတ်မှ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရှိ မြန်မာ့၏ ဒီမိုကရေဒီ အင်အားစုများ၏ အပြန်အလှန် စကားများကို ပူးတွဲဖေါ်ပြပါအသံဖိုင်တွင်   နားဆင်နိုင်ပါသည်။







သတင်းမှတ်တမ်း ။ AYE  NANDAR  AUNG (လမ်းပြကြယ်-ဂျပန်)
သတင်းဓါတ်ပုံ။ Lian Khan Sum
ဗီဒီယိုမှတ်တမ်း ။ U Than Win

Friday, January 7, 2011

ဒေါ်အောင်ဆန်းစုကြည်အားဂျပန်နိုင်ငံMAINICHIသတင်းစာတွင်ဤကဲ့သို့ဖေါ်ပြထားပါသည်။

ပြည်တွင်းမှ ပြည်သူများမြင်တွေ့စေရန် ရည်ရွယ်ပါသည်။့ ဂျပန်စာတန်းပေါ်တွင် CLICKလုပ်၍ သတင်းစာဖတ်နိုင်ပါသည်။
スーチーさん:毎日新聞に「ビルマからの手紙」を寄稿 - 毎日jp(毎日新聞):

Monday, December 20, 2010

ဒေါ်အောင်ဆန်းစုကြည်အကြောင်းရိုက်ကူးတဲ့ရုပ်ရှင်ကားပြီးစီးလု

မြင့်လှိုင်။ ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၁၀
ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ပြယုဂ်၊ မြန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ The Lady အမည်ရှိ ရုပ်ရှင်ကားဟာ မကြာမီတွင် ရိုက်ကူးပြီးစီးတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ထို ရုပ်ရှင်ကားကို လု ဘေဆင် (Luc Besson) ရိုက်ကူးပြီး ဒေါ်အောင်ဆန်းစုကြည်အဖြစ် မလေးရှားမင်းသမီး မီရှယ်လ် ယို (Michelle Yeoh) က သရုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်လ် အဲရစ်စ်အဖြစ် ဒေးဗစ် သယူးလစ်စ် (David Thewlis) က သရုပ်ဆောင်ထားပါတယ်။ ထို ရုပ်ရှင်ကားဟာ ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်က သာမာန် အိမ်ထောင်သည်ဘ၀မှ မြန်မာစစ်အာဏာရှင်တွေ ထိပ်လန့် ကြောက်ရွံ့ရတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်အဖြစ်ကို ရောက်ရှိခဲ့တဲ့ ၁၉၉၁ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ထို ရုပ်ရှင်ကားကို ၂၀၁၀ အောက်တိုဘာလတွင် ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့ပြီး အခုအခါ အောက်စ်ဖို့က ရိုက်ကူးမှုများ ပြီးဆုံးခါနီးပြီဖြစ်ကြောင်း လန်ဒန်အခြေစိုက် ဂါဒီယန်းသတင်းစာ အင်တာနက်စာမျက်နှာမှာ ၂၀၁၀ ဒီဇင်ဘာ ၁၉ ရက်နေ့က ရေးသားထားပါတယ်။ ထို့အပြင် ရုပ်ရှင်ဇာတ်ဝင်ခန်းများရဲ့ ဓါတ်ပုံအချို့ကိုလည်း ဂါဒီယန်းသတင်းစာ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခု ရုပ်ရှင်ကားကို ပြင်သစ် ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Europacorp နဲ့ ယူကေက လွတ်လပ်တဲ့ ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Left Bank Pictures တို့ ပူးပေါင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ထို ရုပ်ရှင်ကားကို ထိုင်းနိုင်ငံတွင် ရိုက်ကူးခဲ့ရာ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ ထိုင်းအာဏာပိုင်များရဲ့ နှောက်ယှက် ဟန့်တားမှုကို ရှောင်ရှားတဲ့အနေနဲ့ (Dans la Lumière) အမည်ကို သုံးစွဲ ရိုက်ကူးခဲ့ပြီး အောက်တိုဘာလလယ်တွင် ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်တွင် ပါဝင်တဲ့ မြန်မာသရုပ်ဆောင်များ အပါအ၀င် သရုပ်ဆောင်များ၊ ရုပ်ရှင်လုပ်သားများကို လှို့ဝှက် လက်မှတ်ရေးထိုးခဲ့ပြီး ရိုက်ကွင်းသတင်းကိုလည်း တိုင်းမ်မဂ္ဂဇင်းတခုကိုသာ ရယူစေခဲ့ပါတယ်။ ယနေ့မြန်မာအနေနဲ့ ထို ရုပ်ရှင်ကား ရိုက်ကူးနေစဉ်က သတင်းများ ရရှိခဲ့သော်လည်း သက်ဆိုင်သူများကို မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရုပ်ရှင်ကားဆိုတဲ့ အဖြေ မရခဲ့ဘဲ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့၊ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတခုအဖြစ်သာ သိခဲ့ရပါတယ်။

The Lady ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး မီရှယ်လ် ယို (Michelle Yeoh) ဟာ ရန်ကုန်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သရုပ်ဆောင် မီရှယ်လ် ယိုဟာ မလေးရှားမယ်အဖြစ် ၁၉၈၃ ခုနှစ်က ရွေးချယ်ခံခဲ့ရပြီး ဂျက်ကီချန်း အပါအ၀င် ဟောင်ကောင် ရုပ်ရှင်မင်းသားများနဲ့ တွဲဖက်ကာ ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ နောက်ပိုင်း ၁၉၉၇ ခုနှစ်တွင် ရိုက်ကူးတဲ့ ၁၈ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား Tomorrow Never Dies တွင် ပါဝင် သရုပ်ဆောင်ခဲ့သလို ၁၉၉၉ ခုနှစ်က ဟောလီဝုဒ်ရုပ်ရှင် Moonlight Express ရဲ့ သရုပ်ဆောင် ဖြစ်ခဲ့ပါတယ်။ ထို့အပြင် ၁၉၉၉ ခုနှစ်က Chrouching Tiger, Hidden Dragon တရုပ်သိုင်း ရုပ်ရှင်တွင် ပါဝင်ခဲ့ရာ ပိုမို ကျော်ကြားခဲ့ပါတယ်။ မီရှယ်လ် ယို ဟာ အရပ် ၅ ပေ ၄ လက်မ ရှိကာ ကိုယ်အလေးချိန် ၁၀၆ ပေါင် ရှိပါတယ်။

မြန်မာရေးရာနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ရုပ်ရှင်ကားများဟာ မရှိသလောက် နည်းပါးပြီး နှစ် ၅၀ အတွင်းမှာ ၁၉၈၈ အရေးအခင်းကို ကျောရိုးထား ရိုက်ကူးထားတဲ့ Beyond Rangoon ရုပ်ရှင်ဇာတ်ကား (၁၉၉၅) တကားသာ ရှိခဲ့ပါတယ်။ အခု ရိုက်ကူးတဲ့ The Lady ရုပ်ရှင်ကားဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မြန်မာ့ခေါင်းဆောင်တဦးအကြောင်း ရိုက်ကူးတဲ့ ပထမဆုံး နိုင်ငံတကာ ရုပ်ရှင်ကား ဖြစ်ပါတယ်။

(အကိုးအကား
BURMA TODAYမှ အကိုမြင့်လှိုင်ပေးပို့ပါသည်။

Monday, December 6, 2010

မြန်မာပြည်မလွတ်လပ်သရွေ့ကျွန်ုပ်လည်းမလွတ်လပ်ပါ


AMNESTY INTERNATIONAL ကပြုလုပ်တဲ့ မြန်မာနိုင်ငံအတွက် လှုပ်ရှားမှုတစ်ခုပါ။ မြန်မာပြည်မလွတ်လပ်သရွေ့ ကျွန်ုပ်လည်းမလွတ်လပ်ပါ ဟု...သင်လည်းခံယူပါက ဒီနေရာမှာ ဝင်ရောက်ပြီး သင့်ခံယူချက်ကိုဖေါ်ပြနိုင်ပါသည်။

Thursday, December 2, 2010

မြန်မာ့ဖွားဖွားများ

အသားလတ်လတ်၊ ကိုယ်ဟန်သွယ်နွဲ့နွဲ့ဖြင့် အသက်၈၀ အရွယ် အမေနု က သူ့ကို ရွှေတွေငွေတွေ ပုံပေးပါစေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ် အဆောက်အအုံကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေလိုသေးသရွေ့ ငှားခြင်း၊ ရောင်းခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောပြသည်။

owner ဒေါ်အောင်ဆန်းစုကြည်လိုအပ်သရွေ့ NLD ရုံးချုပ် အဆောက်အအုံကို ဆက်လက် ငှားရမ်းနေဦးမည့် အမေချော(ဓာတ်ပုံ - ဧရာဝတီ)
“ဒီနေရာကို ဈေးကောင်းပေးပြီး လာဝယ်ကြတယ်၊ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီးတော့လည်း လာပြောကြတာ ရှိတယ်၊ အမေ မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် နေလိုသရွေ့နေပါစေဆိုတဲ့ သွားလေသူရဲ့စကားလည်း ရှိတယ်၊ အမေကလည်း ကိုယ်
တတ်နိုင်တာလေ၊ ကူညီအားပေးချင်တယ်”ဟု NLD ရုံးနေရာပိုင်ရှင်ဖြစ်သော အမေနုက မှုန်သီသီ မျက်လုံးများဖြင့် ကြည့်ပြီး ဖြည်းဖြည်းခြင်း ပြောသည်။

အမေနု၏ ခင်ပွန်းဖြစ်သူ ဦးထွန်းကြိုင်က သူပိုင်ဆိုင်သော အဆောက်အအုံအား NLD ရုံးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ပိုင်း ကတည်းက စတင်ငှားရမ်းပေးခဲ့ခြင်းဖြစ်ြေ
ကာင်း သိရှိရသည်။

NLD ရုံးကို စတင်တည်ထောင်စဉ်က ရုံးချုပ်နေရာမှာ ရွှေဂုံတိုင်တွင်မဟုတ်ဘဲ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ခြံ နှင့် မလှမ်းမကမ်း ခြံဝန်းတခုတည်းတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။

သို့သော်လည်း ၁၉၈၉ ခုနှစ်အတွင်းမှာပင် ထိုခြံရှင်အား စစ်အစိုးရက ဖိအားပေးသောကြောင့် ခြံရှင်မှာ ဆက်မငှားရဲတော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ရုံးခန်းဖွင့်ရန် ရှာဖွေခဲ့ရကြောင်း၊ ထိုကာလမှာပင် ဦးထွန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကသာ သူ့အိမ်ကို လိုချင်တယ်ဟု ပြောလျှင် ငှားပေးပါမည်ဟု ပြောခဲ့သည့်အတွက် NLD ရုံးချုပ်မှာ လက်ရှိ ရုံးချုပ်နေရာ ရွှေဂုံတိုင် တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဦးထွန်းကြိုင် တိမ်းပါးသွားသည့်အခါမှာလည်း အမေနုက ထိုကတိကို ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဦးထွန်းကြိုင်၏ ဆွေမျိုးနီးစပ်သူ အမေချောကလည်း ဒေါ်အောင်ဆန်းစုကြည်က နေချင်သေးသရွေ့တော့ သူတို့ဘက်မှ ကတိကို ပျက်စေမှာ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီအားပေးခြင်းမှာ တိုင်းပြည်ကို ကူညီအားပေးခြင်းသာ ဖြစ်သည်ဟု လက်ခံထားကြောင်း အမေချောက သူ့သဘောထားကို ပြောပြသည်။

“အဖေ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ နေလိုသရွေ့ ဘယ်တော့မှ မဖယ်ခိုင်းပါနဲ့တဲ့၊ ပြီးတော့ ဘာအကြောင်းကြောင့်မှလည်း ဒီကတိကို မပျက်ပါစေနဲ့လို့ တဖွဖွ မှာခဲ့တာပဲ၊ ကြီးကြီးလည်း ကတိပေးခဲ့တယ်၊ တည်စေရမယ် စိတ်ချပါလို့”ဟု အမေချော က ဆိုသည်။ အမေချောက ဦးထွန်းကြိုင်၏ စကားကိုနားထောင်ပြီး ကတိစကားကိုမြဲရန် စောင့်ရှောက်နိုင်ခဲ့သူ ဖြစ်သည်။

သေးသေးသွယ်သွယ် ဖျပ်ဖျပ်လတ်လတ်နှင့် အသက် ၇၀ အရွယ် အမေချောကို စစ်အစိုးရက NLD အား ရုံးခန်း ငှားပေးသည့် အတွက်ဟုဆိုကာ ဒီပဲယင်းအကြမ်းဖက်မှုအပြီး ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး လွန်ခဲ့ သော ၂ နှစ်ခန့်ကလည်း NLD ရုံးကို မငှားတော့ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

“ကြီးကြီးကလည်း ပြောလိုက်တာပေါ့၊ ဒီရုံးကို စငှားခဲ့တာ အဖေက ငှားခဲ့တယ်၊ အဖေက ဒေါ်အောင်ဆန်းစုကြည်နဲ့ငှားခဲ့ စာချုပ် ခဲ့ကြတယ်ဆိုတော့ ဒီစာချုပ်ကို ကျမတို့ဘက်ကတော့ ဖျက်လို့မဖြစ်နိုင်ဘူးလို့။ အဖေက ဖျက်ဆိုမှပဲ ဖျက်နိုင်တော့မယ်လို့ ပြော လိုက်တာပဲ”ဟု အမေချောက ပြောသည်။

အသက် ၈၀ ကျော် အမေနုနှင့် အသက် ၇၀ ၀န်းကျင်အရွယ် အမေချောတို့အား အာဏာပိုင်များက မည်ကဲ့သို့ ဖိအားပေးစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရုံးခန်းဖွင့်နိုင်ရေးအတွက် ဆက်လက်ငှားရမ်းပေးနေဦးမှာပဲ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငှားရမ်း ပေးနေခြင်းမှာ ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း အားပေးကူညီလိုသည့် စိတ်ကြောင့် ဖြစ်ကြောင်း အမေချောက ပြောဆိုသည်။

“အစ်မက  ဒီအိမ်ရှင်တွေရဲ့ ကျေးဇူးကိုအမြဲ အသိအမှတ်ပြုထားတယ်၊ ဒီနေရာက ဈေးသိပ်ကောင်းပါတယ်၊ အမေချောတို့က သူတို့ ပိုင်တာလေးတွေကို ဖဲ့ဖဲ့ရောင်းနေပေမယ့် ဒီနေရာလေးကိုတော့ မရောင်းရှာဘူး၊ ပြီးတော့သူတို့ကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ပြော ဆိုရင်လည်း အမေချောတို့က တင်းခံပြီးနေတာပဲ”ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင်တဦး က ပြောပြသည်။

ရုံးခန်းပိုင်ရှင်များဖြစ်ကြသော အမေနုနှင့် အမေချောအား ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မကြာခင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာပင် သွားရောက် ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြင်မှာ မြင်နေရရင်ကို အမေတို့က ကျေနပ်ဝမ်းသာနေတာပါ၊ အမေတို့ဘက်ကတော့ လုပ် ပေး နိုင်တာ မှန်သမျှ လုပ်ပေးဖို့ပါပဲ”ဟု အမေချောက ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို  တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန် ကြိုးစားနေသူများထဲတွင် အမေနုတို့၊ အမေချောတို့ ကဲ့သို့ ပြည်သူများလည်း ပါဝင်လျက်ရှိသကဲ့သို့ ဒေါ်လှကြည် ကဲ့သို့သော အသက် ၈၀ ကျော် အမယ်အိုကြီးလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။

“ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ နေတော့ နေ့တိုင်း ထောင်ရှေ့ကို သွားကြည့်တယ်၊ မေတ္တာပို့ပေးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ အဘွားက သူ့ကို တွေ့ချင်၊ အားပေးချင်တာ အိပ်မပျော် စားမ၀င်တောင် ဖြစ်တယ်”ဟု ရွှေဂုံတိုင် ရုံးသို့နေ့စဉ် လာစောင့်နေခဲ့သော ဒေါ်လှကြည်က ပြောပြသည်။

ငွေရောင် ဆံပင်၊ မျက်နှာအရေးအကြောင်း တွဲလျက်၊ တလှမ်းခြင်းဖြည်းဖြည်းမျှသာ သွားလာနိုင်တော့သော ဇရာထောင်းနေသည့် အသက် ၈၀ ကျော်အရွယ် အမယ်အို ဒေါ်လှကြည်က ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူ ပြည်သူအများထဲ တိုးဝှေ့ရင်း ရုံးပေါက်ဝ အထိ အရောက်လာကာ ဇွဲကြီးကြီးဖြင့် စောင့်ကြည့်ခဲ့သူ ဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးမှ ထွက်ခါနီး လူအုပ်ထဲမှ ဒေါ်လှကြည်ကို ဖျပ်ခနဲ တွေ့လိုက်သောကြောင့် ဒေါ်လှကြည်အနားအထိ သွားခဲ့ပြီး “အမေ နေကောင်းတယ် နော်”ဟု လက်ကိုဆွဲကာ တရင်းတနှီးနှုတ်ဆက်ခဲ့ကြောင်း ဒေါ်လှကြည် က ပြောပြသည်။

“အဲလို နှုတ်ဆက်တော့ အမေ့မှာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ အမေကို သူ မှတ်မိတယ်၊ မမေ့ဘူးပေါ့နော်” ဟု  စို့လာသော မျက်ရည်တို့ကို သုတ်ရင်း ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်နှင့် ဟိုစဉ် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသမား ဘ၀ကတည်းက ခင်မင်သိကျွမ်းခဲ့ဖူးကြောင်း ဒေါ်လှကြည်က ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းမှာ သခင်အောင်ဆန်း ဘ၀ ကတည်းကပင် ချွေတာခဲ့သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဘ၀မှာလည်း ချွေတာခဲ့ ကြောင်း၊ ခြံထဲရှိ ရေကန်တွင် ကန်စွန်းရွက် စိုက်၊ ဖရုံသီးများ စိုက်ကာ ဟင်းလုပ်စားခဲ့သူ ဖြစ်ကြောင်း ဒေါ်လှကြည်က ရှေးဟောင်း နှောင်းဖြစ်တို့ကို ပြောပြသည်။

“မမကြည်က အစ ပဲရေပွနဲ့ ငါးပိရည်ကို မြေအိုးနဲ့ချက်ပြီးတော့ စားတယ်၊ သူတို့ ဆန်ကောင်းတွေ၊ ဟင်းကောင်းတွေ မစားခဲ့ဘူး။ ပြည်သူတွေ စားသလိုပဲ သူတို့ မိသားစုလည်း စားတယ်၊ ဗိုလ်ချုပ်ဖြစ်တော့တောင် ငစိန်ဆန်ပဲ စားခဲ့ကြတယ်၊ ဟင်းဆိုလည်း ခြံထဲ က ကန်စွန်းရွက်တို့၊ ကင်းမွန်ရွက်တို့နဲ့ စားကြတယ်၊ အမေတို့ ဒါတွေ အကုန်သိခဲ့ မြင်ခဲ့ရတယ်၊ အခုလည်း ဒီကလေးက အမေ အဖေ ရဲ့ ကောင်းမွေတွေ အကုန်ရခဲ့တဲ့ သူတော်ကောင်းမလေး သူ့ကို ထောက်ခံပေးရမယ်”ဟု ဒေါ်လှကြည်က ပြောသည်။

၁၉၈၈ ခုနှစ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့သည့်အတွက် သူတို့ မိသားစုပိုင် လှယမင်းနှင့် မြယမင်း ဆို သော စာပုံနှိပ်စက်တွေကို အစိုးရက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

“အမေတို့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်ကြတယ်၊ အမေတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေလို့တဲ့။ ဒါပေမယ့် အမေ မကြောက်ဘူး၊ ငတ်ချင်လည်း ငတ်တော့လို့ အမေ စိတ်မာတယ်၊ ဒီကလေးကိုတော့ အားပေးရမယ်၊ ထောက်ခံ ရမယ်ပေါ့၊ သူက တိုင်းပြည်ကို ကောင်းတာ လုပ်တာ ဆိုတာ အမေသိတယ်၊ ယုံတယ်လေ”ဟု ဒေါ်လှကြည်က ဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရလျှင်လည်း အိမ်မှာ ကျန်ခဲ့သောသားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေအဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက်တလှည့်စီ NLDရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။

source: http://www.irrawaddy.org/bur/index.php/articles/2-articles/4976-2010-11-22-12-44-57
သတင်းကိုအနုပညာမြောက်တင်ပြနိုင်တဲ့    ဆောင်းပါးရှင်ကြည်ဝေရဲ့   သတင်းဆောင်းပါးကိုနှစ်သက်စွာနဲ့    ပြန်လည်ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်။
ပေးပို့သူ။ ။ကိုတေ
ﱞﱟﱢ

Thursday, November 25, 2010

ဖဲကြိုးဖြူတို့ဖြင့်ကမ္ဘာကြီးအားငြိမ်းချမ်းစေ(အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့)အမှတ်တရ

(၁)

တိုက်ဆိုင်မှုလို့ပဲပြောရမလား။

ဒီနိုဝင်ဘာလထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနှင့် သက်ဆိုင်တဲ့ကိစ္စ အတော်များများကို ကျမတို့ ကူညီဖြေရှင်းပေးခဲ့ရတယ်။ တကယ်ဆိုရင် ဒီလမှာ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ရှိတယ်ဆိုတာ မေ့နေကြတာလား၊ မသိချင်ယောင် ဆောင်နေကြတာလား ဆိုတာကိုတော့ ကျူးလွန်သူကာယကံရှင်တွေသာ အသိ ဆုံးဖြစ်ပါလိမ့်မယ်။

အဲ့ဒီနေ့က ကျမလည်းရုံးမှာ အစည်းဝေးပြီးစ ထမင်းစားမယ့်အချိန် ကျမတို့ လုပ်ဖေါ် ကိုင်ဖက် ညီအမတယောက် ဖုန်းခေါ်လာတယ်။

အမရေ အမျိုးသမီးတယောက် ဒုက္ခရောက်လို့ အကူအညီပေးပါဆိုလို့ ကျမလည်း ဘာ ကေ့စ်ဖြစ်တာလဲ ဘယ်နားမှာလဲမေးမြန်းနေတုန်း သူငယ်ချင်းရဲ့ အပြောကြောင့် အကြောင်းစုံ ကို နောက်မှရှင်းပြမယ် အခုမဲဆောက်ပန်းခြံကို အမြန်လိုက်လာခဲ့ပါဆိုပြီး ခေါ်လိုက်တာ ကြောင့် ကျမ ရုံးကိုအကြောင်းကြားခဲ့ပြီး ခပ်သုပ်သုပ် ထွက်လိုက်သွားတယ်။

ပန်းခြံကိုရောက်တဲ့အချိန် ဆယ်ကျော်သက်အရွယ် ထင်ရတဲ့ ခလေးမလေးတယောက် ကို အ၀တ်အစား ခတ်နွမ်းနွမ်းလေးနဲ့ ကြောက်လန့်နေတဲ့ပုံကလေးနှင့် တွေ့ရတယ်။ ကျမ လည်း လမ်းမကြီးဘေးမှာဆိုတော့ ဘာမှမမေးတော့ပဲ ကျမတို့ဖွင့်လှစ်ထားတဲ့ ဆေ့ဖ်ဟောက်စ် (Safe House) အမျိုးသမီးဂေဟာရှိရာကို ကျမတို့ သူငယ်ချင်းနှစ်ယောက် ခလေးမလေးကို ခေါ် ဆောင်လာခဲ့ကြတယ်။

ပိန်ပိန်ပါးပါး ချိနဲ့နဲ့ လမ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေရှာတဲ့ ကောင်မလေးကို ရောက်မဆိုက်ပဲ မေးခွန်းတွေ မမေးချင်ပေမယ့် အလုပ်သဘောအရ သိချင်တဲ့ အချက်အလက် တွေကို မေးခဲ့ရပါတယ်။

(၂)

သူကဒီလိုစပြောပါတယ်။

“သမီးနာမည်ကသဇင်ပါ။ အသက်က (၁၄)နှစ်ရှိပါပြီ၊ သမီးမှာ မိဘတွေမရှိတော့ပါဘူး။ ငယ်စဉ်ကတည်းက အဖေနဲ့အမေက သမီးကို မွေးစားမိဘတွေ လက်ထဲပေးခဲ့တာ။ မွေးစား မိဘတွေကလည်း သမီးကိုသိပ်မချစ်ကြဘူးထင်ပါရဲ့။ အမြဲတမ်းဘဲ သမီးကိုအကြောင်းမရှိအ ကြောင်းရှာ ရိုက်နှက်တယ်၊ သမီးဘယ်လောက်ပဲ ကောင်းအောင်နေနေ အပြစ်ရှာပြီးဆူကြ တယ်။

သမီးကတော့ သူတို့မွေးစားတာ သမီးကိုခိုင်းဖို့တင်မကပဲ နှိပ်စက်ဖို့ပါ ဖြစ်ပုံရတယ်လို့ တောင်တွေးနေမိတဲ့ အထိပါပဲ။ ဒါပေမယ့် မွေးစားအဖွားကတော့ သမီးကိုသူ့မြေးအရင်းလို ချစ် ရှာတယ်၊ မွေးစာအဖေကတော့ သမီးကို မချစ်ဆုံးနဲ့တူပါတယ်။

ဘယ်လောက်ပဲ မောင်လေးတွေနဲ့ ညီမလေးတွေကို ထိန်းကျောင်းပေးပေး သမီးအပြစ် မကင်းတာများတယ်။ တခါတလေသမီးကို ရိုက်နေရင် အဖွားကနင်တို့ဟယ် သူ့ကိုနှိပ်စက်ရင် ငါသေမှနှိပ်စက်ကြပါ ခလေးမှာဘာအပြစ်မှ မရှိပါဘူးလို့ ငိုရင်းသမီးကိုဖက်ပြီး ၀င်လည်းဆွဲ ပြောလည်းပြော လုပ်တတ်ပါတယ်။ ဒါပေမယ့် ဒါကလည်း အဖွားရှိတုန်းလေ။ အဖွားမရှိတော့ သမီး ဘယ်လိုမှ နေလို့မရတော့ဘူး၊ ကျောင်းထားပေးတာကိုတော့ သမီးကျေးဇူးမမေ့ပါဘူး။

ထမင်းဆိုတာလည်းအ၀မစားရပါဘူး။ အမြဲတမ်း ဆူပူကြိမ်းမောင်းတာ ခံရင်းနဲ့ပဲ စားခဲ့ ရတာများပါတယ်။ ဒါတွေကြောင့်ပဲ အဖွားလည်းမရှိတော့တဲ့နောက် သမီးဘယ်လိုမှ နေမပျော် တာနဲ့ အိမ်နီးချင်းအဒေါ်ကြီးရဲ့ အကူအညီနဲ့ အခုလို ထွက်လာခဲ့မိတာပါ။

အစကတော့ တကယ်ပဲ အလုပ်ရမယ် ထင်ခဲ့တာလေ၊ နောက်တော့မှ သမီးတို့ရောင်း စားခံလိုက်ရတာလို့ သိရတယ်၊ သမီးကိုခေါ်သွားတဲ့ အိမ်မှာလည်း သမီးလိုအရွယ် ကောင်မလေးတွေ အများကြီးရှိ တယ်၊ သူတို့က အစကတော့ သမီးကို သနားကြည့်ကြည့်ကြတယ်၊ သမီးလည်း ဘုမသိဘမ သိနဲ့ အမတို့ ဘာလုပ်တာလဲဆိုတော့ ညီမလေး အခုအားမွေးထား ညကျရင် အလုပ်ဆင်းရ တော့မယ်လို့ ပြောတယ်၊ ဘာအလုပ်လဲဆိုတာကိုတော့ သူတို့ကလည်းမပြောသလို သမီးလည်းမမေးမိခဲ့ပါဘူး။ အဲ့လိုမမေးမိတဲ့အတွက် သမီးဘ၀ အရှင်လတ်လတ် ငရဲခန်းပို့ခံရတာပါ ပဲ” ဆရာမရယ်။

(၃)

သမီးလည်း အစက စားသောက်ဆိုင်တခုခုရဲ့ စားပွဲထိုးလားလို့ ထင်ယောင်မှားတော့ ဖြစ်မိသား။ ဒါပေမယ့် အယောက်(၃၀)နီးပါးရှိတဲ့ မိန်းခလေးတွေကို အိမ်တအိမ်မှာ စုပြီးထား တာဆိုတော့ စိတ်ထဲတမျိုးကြီးတော့ခံစားရတယ်၊ မိန်းခလေးအများစုကလည်း ရုပ်ချောချောလေးတွေပဲ။ အသက်နည်းနည်းကြီးတယ်လို့ ထင်တဲ့အမျိုးသမီးတွေတောင် ကြည့်လို့ကောင်း နေတယ်။

ညဖက်ကျတော့ သမီးကို အသက်ကြီးကြီး လူတယောက်နဲ့ အခန်းတခုတည်းမှာ ၀တ် ကောင်းစားလှဝတ်ပြီး ထည့်ပေးလိုက်တယ်။ ပထမဆုံးနေ့ဆိုတော့ ဘာလို့အဲ့လို နေခိုင်းတာ ပါ လိမ့်ဆိုတာ စဉ်းစားလို့မရဘူး၊ အဲ့ဒီလူကြီးက အရက်ခိုးတွေဝေနေတာ၊ မျက်နှာတခုလုံး ရမက် ခိုး တွေထနေတာ မြင်လိုက်တော့မှ ငါ့ဘ၀တော့ ပျက်ပါပြီဆိုတာ သိလိုက်ရတော့တယ်။

သမီးလည်းကြောက်လွန်းလို့ ရှိခိုးတောင်းပန်ပြီး ပြောပေမယ့် မရတော့ပါဘူး။

ညည်းကို ငွေတွေအများကြီးပေးပြီး လာနေရတာ ပြန်လို့မရတော့ဘူးလို့ပြောတယ်။

သမီးလည်း မလုပ်ပါနဲ့ဦးရယ် သမီးကအခုမှ အသက်(၁၄)နှစ်ပဲရှိပါသေးတယ်လို့ ရှိခိုး ငိုယိုပြီး တောင်းပန်ပေမယ့် သမီးဘ၀ပျက်ခဲ့ရတယ်၊ အားကိုရာမယ့်အဖြစ်ရဆုံးည၊ ရင်ထဲမှာ ကြိတ်မှိတ်ငိုကြွေးရဆုံး ညတွေကို ဖြတ်သန်းရင်း လိင်အဖျော်ဖြေခံဘ၀ကို ရောက်မှန်းမသိ ရောက်ခဲ့ရတယ်။

သမီးဘ၀ပျက်ခဲ့ရပြီဆိုတော့ ကျွေးတာစားပေးတာယူရင်း ခိုင်းသမျှ လုပ်ပေးနေရပေ မယ့်၊ တညကို သမီးတို့ ဘယ်လောက်ငွေကြေးရတယ်ဆိုတာ မသိပါဘူး။မုန့်ဖိုးလည်းမပေးဘူး၊ အ၀တ် အစားကောင်းတွေ အသုံးအဆောင်တွေတော့ ၀ယ်ပေးပါတယ်။

မရိုသေစကားပြောရရင်တော့ သမီးကို တချို့လူတွေက ရိုးရိုးဆက်ဆံတာမဟုတ်ပဲ လွန်လွန်ကျူးကျူးကို ဆက်ဆံကြတဲ့အတွက်ကြောင့် သမီးရေရှည်မခံနိုင်တော့ဘူး၊ အခုသမီး ကို နေမကောင်းလို့ နည်းနည်းပါးပါးလျှော့ခိုင်းတယ်၊ ဒီလိုနေသိပ်မကောင်းဖြစ်လာတာကိုကပဲ သမီးရဲ့ ကံလို့ပြောရမလား မသိတော့ဘူး၊ သမီးဘာဆက်လုပ်သင့်သလဲ စဉ်းစားချိန်လေး ရလာလို့လေ။

သမီးဘယ်လိုမှ မနေချင်တော့တာကြောင့် ဒီအိမ်ကနေ ထွက်ပြေးဖို့ ကျိုးစားမိခဲ့တယ်၊ တနေ့အခွင့်ကြုံတုန်း သမီးထွက်ပြေးလိုက်တာ ပန်းခြံလို့ထင်ရတဲ့နေရာရောက်သွားတယ်၊ ပုန်းနေပေမယ့် ကံမကောင်းတော့ သူဌေးရဲ့တပည့်တွေက ပြန်မိသွားပြီး သမီးကိုရိုက်ပါလေရော။

ခလေးမလေးက သူ့ဇာတ်ကြောင်းတွေကို ရင်ထဲကအတိုင်း တခုပြီးတခုပြောပြနေတာပါ၊
ကျမရော ကျမသူငယ်ချင်းရောကတော့ အသက်တောင်မရှူမိတော့သလိုပဲ။

(၄)

သမီးကို အိမ်နီးချင်း အဒေါ်ကြီးက နောက်ထပ်အဖော် တယောက်နဲ့အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အလုပ်သွင်းပေးမယ်ဆိုပြီးခေါ်ဆောင်လာခဲ့တာ၊ မဲဆောက်ကားဂိတ်လို့ ထင်ရတဲ့အနားမှာ သမီးနဲ့အတူ အရွယ်တူ ကောင်မလေးတယောက်ကိုပါ လူကြီးတယောက် လက်ထဲကိုအပ်လိုက်တာ၊ အဲ့ဒီလူကြီးက သမီးတို့ကို ခေါ်လာပေးတဲ့အဒေါ်ကြီးကို သမီးတို့မမြင်ဘူးတဲ့ ငွေတွေအများကြီးပေးလိုက်တာ အဲ့ဒါတွေကို သမီးအမှတ်ရနေသေးတယ်။

သမီးအခုလို ဘ၀ပျက်ရမယ်ဆိုတာ သိခဲ့ရင် မွေးစားအဖေ ဘယ်လောက်ရိုက်ရိုက် ကြိတ်မှိတ်ပြီးခံနေခဲ့မှာပါ။ အခုလိုအဖြစ်ဆိုးနဲ့ ကြုံရမယ်မှန်းသိခဲ့ရင် အိမ်နီးချင်းအဒေါ်ကြီး ဘယ်လောက် အဆွယ်ကောင်းကောင်း လိုက်ခဲ့ဖြစ်မှာမဟုတ်ပါဘူး။

အိမ်နီးချင်း အဒေါ်ကြီးကို အစက သမီးကိုသနားနေတာလို့ပဲ ထင်နေခဲ့တာပေါ့။ နောက်ဆုံးမှ သမီးဘ၀ရေနစ်တာကို ၀ါးကူလို့ထိုးလိုက်သူပါလားဆိုတာ သိလိုက်ရတော့တယ်။ အဲ့လို သိလိုက်ရတဲ့အချိန်မှာတော့ သမီးသိပ်ကိုနောက်ကျသွားပြီ ဆရာမရယ်။

ခလေးမရဲ့ အဖြစ်တွေကို နားထောင်နေရင်း စိတ်ထဲလည်း မကောင်းဖြစ်မိတယ်၊ ဘာကြောင့်များ အရွယ်မရောက်သေးတဲ့ ခလေးတွေကို အလိုဆန္ဒမရှိပဲ အခုလို အလုပ်လုပ်စေရတာလဲ၊ ဘယ်လိုလူတွေကများ သားသမီးချင်းကိုယ်ချင်းမစာ အခုလိုလုပ်ခဲ့ကြတာလဲ၊ ဘာကြောင့် အမျိုးကောင်းသမီးလေးတွေ လွယ်လွယ်ကူကူနှင့် ဘ၀ပျက်ခဲ့ရတာလဲ စတဲ့စတဲ့ မေးခွန်းတွေကိုတော့ ကျမရင်ထဲမှာ ကိုယ့်ဘာသာပဲမေးနေမိတယ်။

တချက်တချက် ကျမရဲ့မေးခွန်းတွေ ဟိုရောက်ဒီရောက်ဖြစ်သွားတာ သူငယ်ချင်းက ရိပ်မိပြီး အမပင်ပန်းနေရင် ကျမဆက်မေးရမလားဆိုတော့ ရပါတယ်ညီမ ဒီနေ့အဖို့ မေးခွန်း တွေ ထပ်မမေးသင့်တော့ဘူး ထင်တယ်လို့ပြောပြီး စကားဖြတ်လိုက်ကြတယ်။ပြီးတော့ ကျမတို့ သူငယ်ချင်းတွေ ဒီခလေးမလေးကို ဆေးခန်းပြဖို့တိုင်ပင်ဖြစ်ကြပါတယ်။

(၅)

နောက်တနေ့ မယ်တော်ဆေးခန်းကို ခလေးမလေးအတွက် ဆေးစစ်ပေးဖို့ ရောက်ခဲ့ရပြန်တယ်။ ဘယ်နှစ်ကြိမ်မှန်းမသိ ရောက်ပြီးရင်းရောက်ဖြစ်နေတာကြောင့် တာဝန်ကျ ဆရာမလေးတွေနှင့်တောင် ရင်းနှီးနေပါပြီ။ ခလေးမလေးအကြောင်းကို တိုရင်းလိုရှင်း ပြောပြလိုက်တယ်။ တာဝန်ကျဆရာ ဆရာမကလည်း ခလေးမလေးကို သွေးစစ်ဖို့ လိုအပ်တဲ့ဆေးဝါး ကုသမှုတွေ လုပ်ပေးပါတော့တယ်။

ဆေးခန်းအဖြေထွက်ဆိုချက်ကို သိလိုက်ရတော့ ကျမတော်တော် စိတ်မကောင်းဖြစ်မိတယ်၊ ခလေးမလေးမှာ (AIDS) ရောဂါ ကူးစက်ခံနေရပြီလေ၊ သူမရဲ့ မိန်းမခိုတ၀ိုက်မှာလည်း အနာတွေပေါက်နေလို့ ဆေးကုသခဲ့ရတယ်။

ကျမလည်းတခါတလေ ရုံးဆင်းချိန် သမီးနေကောင်းလား ဘာစားချင်လဲစသဖြင့် သွားမေးတဲ့ နေ့တွေဆိုရင် ပြာပြာသလဲ အခန်းထဲက အပြေးတပိုင်းထွက်လာတဲ့ မျက်နှာလေးကိုမြင်ရတာ သူမဘ၀အတွက် လုံခြုံတဲ့ အရိပ်အာဝါသတခုကို ရှာတွေ့သွားလို့ စိတ်ချသွားတဲ့ ပုံမျိုးလေး၊ တော်သေးရဲ့လို့ပဲ အောက်မေ့ရတော့မှာပါ။

သမီးနေကောင်းသွားရင် ဘာလုပ်မလဲ မြန်မာပြည်ကို ပြန်ချင်သလားဆိုတော့ သမီး မပြန်ရဲဘူး ဆရာမ၊ ဒီအဖြစ်တွေကို အဖေတို့သိရင်လည်း သမီးကို သတ်ကြလိမ့်မယ်၊ ဒီမှာ သမီး ကျောင်းနေခွင့်ရရင်တော့ နေချင်တယ်လို့ပြောရှာတယ်။

အခုတော့သဇင်လေးကို အေ့စ်ဝေဒနာသည်တွေ နေထိုင်တဲ့ဂေဟာလေးကို ပို့ပေးလိုက်ပါပြီ၊
ကျောင်းနေမယ်ဆိုလည်း သူမရဲ့ဘ၀လေး အေးချမ်းပျော်ရွှင်စွာနဲ့ နေနိုင်ပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျမကတော့ သဇင်လေးရဲ့ အနာဂတ်လေး တစုံတရာ လုံခြုံသွားသလို သဇင်လိုပဲ နောက်ထပ် ကျန်နေခဲ့တဲ့ အမျိုးသမီးလေးတွေရဲ့ ဘ၀တွေလည်း လုံခြုံမှုတွေရှိစေဖို့အတွက် တတ်စွမ်းသမျှ ကြိုးစားပြီး ကူညီလုပ်ကိုင်ပေးနေဦးမှာပါ။

(၆)

မနေ့ညက ကျမအိပ်မပျော်ဖြစ်ခဲ့တယ်၊ အိမ်သားတွေကတောင် အလုပ်ပင်ပန်းလို့လား မျက်နှာလည်း မကောင်းဘူးလို့မေးကြပေမယ့် မေးခွန်းတွေကို ကျမပြန်မဖြေမိပဲ နှုတ်ဆိတ်နေမိတယ်။

မနက်ဖြန်ဟာ နိုဝင်ဘာလ (၂၅) ရက်နေ့လေ။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့၊ ဖဲကြိုးဖြူနေ့ မဟုတ်လား။

ဘယ်လိုပဲ ကျမတို့တတ်စွမ်းသမျှ လုပ်ကိုင်ပေးနေကြတယ်ဆိုဆို အမျိုးသမီးလေးတွေရဲ့ ဘ၀တွေ မပျက်စီးသင့်ပဲ စက္ကန့်နှင့်အမျှ ပျက်စီးနေကြရဆဲ ဖြစ်နေရတာတွေ။ တနေ့တခြားတောင် ပိုပိုပြီး ဆိုးသည်ထက်ဆိုးနေကြရရှာတာတွေ တွေးကြည့်နေမိရင်း သက်ပြင်းတွေ အကြိမ်ကြိမ် ချမိနေတော့တယ်၊ ဒီနှစ်တော့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ကျမတို့ စကားဝိုင်းတွေ ပြုလုပ်ကြရမယ်ဆိုရင် အဲ့ဒီစကားဝိုင်းတွေမှာ ကျမတို့ဘယ်လိုမက်ဆေ့ခ်ျတွေ ပေးကြမလဲ။

ဘယ်လိုကူညီဖြေရှင်းမှုတွေလုပ်ပေးရင် အမျိုးကောင်းသားသမီးလေးတွေ ဒီထက်ပိုလို့ အနာဂတ်တွေ လုံခြုံလှပစေနိုင်မလဲ ကျမတို့သေသေချာချာပဲ အဖြေရှာဖွေကြရပါလိမ့်မယ်။ ဒါတွေဟာ ကျမတို့ အမျိုးသမီးထုအတွက်သာမက လူသားထုတရပ်လုံး အတွက်စိန်ခေါ်မှု တရပ်ပဲလို့ ကျမပြောချင်ပါတယ်။ ကျမတို့တွေ ဒီထက်ပိုလို့ အလုပ်တွေ အများကြီးလုပ်ဆောင်ကြရပါလိမ့်မယ်။

ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ ကျမတို့ အမျိုးသမီးထုတွေ ငြိမ်းချမ်းဖို့၊ ကမ္ဘာ့လူသားတွေ ငြိမ်းချမ်းဖို့ ကျမတို့တွေ ဒီထက်ပိုလို့ အလုပ်တွေအများကြီး အစွမ်းရှိသမျှ လုပ်ဆောင်ကြရပါ လိမ့်မယ်။

ဖဲကြိုးဖြူလေးတွေ တပ်ဆင်ပြီး တာဝန်သိမှု၊ တာဝန်ယူမှုတွေနှင့် ၀ိုင်းဝန်းကူညီ ဖြေရှင်းကြပါစို့။

အင်ကြင်းမေ။
၂၅-၁၁-၀၉။
ည-၁၁း၄၅မိနစ်။

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်BBCအင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည်နှင့်BBCသတင်းဋ္ဌာနတို့၏ အင်တာဗျူးကို ဒီနေရာ တွင်နားထောင်ပါ။
ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ချက်ဆန္ဒတွေအတွက် အရှူံးမပေးကြပါနဲ့တဲ့။  ဒီနေရာမှာ နားထောင်ပါ။

Friday, October 1, 2010

မဝေနှင်းပွင့်သုန်အင်တာဗျူး(ဗီဒီယို)

အသက် (၂၁) နှစ်သာရှိသေးတဲ့ Ms.Waihnin Pwint Thon (Campaigns Officer, Burma Campaign UK)
သူမရဲ့ အကြောင်းကို Foreign Commonthwealth Office မှပြုလုပ်ထားတဲ့ Interview လေးကို တဆင့်ဖော်ပြလိုက်ပါ
တယ်။


မောင်လေးစံပီး(IT RESHARE SITE-www.sbsangpi.com)မှကူးယူဖေါ်ပြပါသည်။

Thursday, August 19, 2010

နာရေး ကူညီမှု အသင်းမှ အမျိုးသမီးတို့၏ လှုပ်ရှားမှု

နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ နာရေး၊ ဆေးဝါး ကုသမှု၊ တခြားသော လူမှုရေး လုပ်ငန်းရပ်များတွင် အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများသည်လည်း တက်တက်ကြွကြွ ပေးဆပ်လျက် ရှိပါသည်။
ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) ၏ အဒေါ်ဖြစ်သူ မကြာသေးမီက ကွယ်လွန်သွားရာ နာရေးဈာပန လမ်းကြောင်းတွင် အသင်း ၏ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်၍ အသင်းသူ/သားများက ရေဝေးသို့ လိုက်လံ သယ်ယူ ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့သည်။
ဘ၀တစ်ပါးသို့ ပြောင်းသွားသူသည် အသက် (၈၀) ကျော်ပြီဖြစ်သည်။ ဒေါ်ရွှေဇီးကွက်က ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး ကိုဗညား လှူဒါန်းထားသော အထူး နိဗ္ဗာန်ယာဉ်ကို နာရေး နေအိမ်မှ မောင်းနှင်ပေးခဲ့သည်။
ထို့ကြောင့် လူမှုရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပေးဆပ်မှုအသီးသီးတို့သည် မည်မျှပင် ခက်ခဲခြင်း၊ ကြမ်းတမ်းခြင်း၊ အနှောက်အယှက်များခြင်း၊ ရာသီဥတုဒဏ် ပြင်းထန်ခြင်း ရှိစေကာမူ နာရေး ကူညီမှု အသင်း(ရန်ကုန်) ရှိ လူမှုရေးသမား အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ ကိုယ်ကျိုးစွန့်၍ အများပြည်သူတို့ အတွက် ပေးဆပ် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။

source by : မိုးမခ

Friday, August 6, 2010

၈၈၈၈ အကြွေး

၈၈၈၈ အကြွေး 

အဲဒိတုန်းကပေါ့
များလိုက်တဲ့လူအုပ်ကြီး
မျက်စေ့တဆုံး အုန်းအုန်းထပြီး
ကြွေးကြော်သံ တိုင်သူတိုင်
အလံကိုင်သူကိုင်နဲ့
တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့

အဲဒိတုန်းကပေါ့
ထမင်းထုပ်ဝေသူဝေ
ရေအလှူကမ်းသူကမ်း

လူတန်းတလျှောက် ရဲရဲတောက်လို့
မိန့်ခွန်းတွေလည်းနားထောင်
လက်ခုပ်သံတွေ မြည်ဟီး
ပြည်ကြီး တုန်မတတ်ပေါ့


အဲဒိတုန်းကပေါ့
စစ်တပ်ဆိုတာ
ပစ်၇င်မှန်အောင်ပစ်သတဲ.
နိုင်ငံကျော်မိန့်ခွန်းအပြီး
တည့်တည့်ကြီးအပစ်ခံဖို့
လက်နက်ပီးနေသလို
အသီးသီး ထွက်လာကြ
လူပင်လယ်ကြီးဖြစ်ရပေါ့


အဲဒိတုန်းကပေါ့
ကိုယ့်ရှေ့က ဆရာသမား
ဦးနှောက်တွေအဖွေးသားနဲ့ လဲကျ
ဒဏ်ရာဗလပွနဲ့
လူထုရဲ့ ညည်းသံ
အဖန်ဖန်ပြန်ကြားရင်း
မေ့မရတဲ့ အိပ်မက်ဆိုး
ရင်ကိုလာလာနှိုးလို့
ပြန်ကိုမတွေးချင်တာ
နှစ်(၂၀)ကျော်ကြာပေါ့

ဘယ်လိုပဲဖြစ်ဖြစ်
အဲဒိတုန်းကပေးဆပ်ခဲ့တဲ့
လေးမြတ်သူတို့ရဲ့
စိတ်ဓါတ်
အဲဒိတုန်းက လူထု 
အဲဒိတုန်းက ညီညွတ်မှု
အခု...
ပြန်ရချင်လိုက်တာ။

သီတာအောင်(တိုကျို
်)

Monday, July 12, 2010

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်များ....


ဒီနေ့ အလုပ်အားလပ်ရက် ရတဲ့နေ့မှာ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ကျိုတိုမြို့ကို မိတ်ဆွေ (၃)ဦးနဲ့ အလည်တစ်ခေါက် ရောက်ရှိခဲ့ပါတယ်။ သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ကျိုတိုတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တုန်းက နေထိုင်ခဲ့တဲ့ အမေစုအတွက် အမှတ်တရ ပြုလုပ်ထားတဲ့ အခန်းကိုပါ။ ကျိုတိုရောက်တော့ မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကျိုတိုဘူတာကနေ မိနစ်(၂၀)လောက် ဘတ်(စ်)ကား စီးပြီးသွားခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်ကို ရောက်ပြီး မေးမြန်း စုံစမ်းကြည့်တော့ ဒေါ်အောင်ဆန်းစုကြည် အခန်းကို ကြည့်ရှူခွင့် ရဖို့အတွက် ကြိုတင်အကြောင်းကြားပြီး ရက်ချိန်းယူရပါတယ်တဲ့.. ။ ဒါပေမယ့် ကျွန်တော်တို့ ဝေးလံတဲ့ တိုကျိုမြို့က တကူးတက လာကြည့်တယ် ဆိုတာသိတော့ သူတို့စီစဉ်ပေးပါတယ်။


ကျိုတိုတက္ကသိုလ်ကနေ နောက်ထပ် တက္ကစီစီးပြီး အမေစုနေခဲ့တဲ့ အဆောင်ကို ရောက်ခဲ့ပါတယ်။ သွားရောက်ခွင့် မှတ်တမ်းတင်ခွင့် ရရှိခဲ့တဲ့အတွက် ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာ ကြည်နှူးခဲ့ကြရပါတယ်။ အဆောင်ရှေ့ မြင်ကွင်းကို ကြည့်ပြီး ငါတို့ခေါင်းဆောင် ဒီနေရာမှာ နေထိုင်ခဲ့တာ ပါလားလို့ .. တွေးတော နေမိလိုက်တယ်။ အဆောင်ရဲ့ (၃)ထပ်ကို ဓာတ်လှေကားနဲ့ တက်သွားတဲ့ အခါမှာတော့ Aung San Suu Kyi Room ဆိုတာကို ကြေးနီပြားပေါ်မှာ ရေးထိုးထားတာကို တွေ့လိုက်ရတယ်။ နောက်အခန်းက ကျွန်တော်တို့ ကြိုတင် အကြောင်းကြားပြီး လာရောက်တာ မဟုတ်တဲ့အတွက် နေထိုင်ခဲ့တဲ့ ပုံစံတူတွေ ပြုလုပ်ပေးဖို့ အချိန်မရှိပေမယ့်… ဒေါ်အောင်ဆန်းစုကြည် ကျောင်းမှာ နေထိုင်စဉ် ဓာတ်ပုံမှတ်တမ်းတွေနဲ့ ကိုယ်ရေးရာဇဝင် ၈၈၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ထိုစဉ်က ဂျပန်သတင်းစာပါပုံတွေကို မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်…။ ကျွန်တော်တို့ ခေါင်းဆောင်ဟာ ၁၉၈၅ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့ကနေ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ ဒီအခန်းမှာ နေထိုင်ပြီး စာတမ်း သုတေသနပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စာတမ်းပြုစုခဲ့တဲ့ ခေါင်းစဉ်ကတော့ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း ကို (၉)လကြာ အခန်းနံပါတ် E306 မှာနေထိုင်ပြီး စာတမ်းပြုစုခဲ့ပါတယ်..။
ကျိုတိုတက္ကသိုလ်မှာ နေထိုင်ပြီး စာတမ်းပြုစုနေထိုင်ခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဆန်ဆန် မြန်မာရိုးရာ အမျိုးသားဝတ်စုံ ကိုသာ ဝတ်ဆင်နေထိုင်ခဲ့ပါတယ်…။ အခန်းအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်တဲ့ စာအုပ်တွေနဲ့ Biography တွေရှိနေပါတယ်….။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းစာအုပ်အတွင်းမှာတော့ နိုင်ငံပေါင်းစုံက ဒေါ်အောင်ဆန်းစုကြည်ကို လေးစား..မြတ်နိုးသူတွေရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်အတွက် အမှတ်တရတွေ ရေးထားတာကို ဖတ်ကြည့်ပြီး အထူးပီတိဖြစ်ခဲ့ရပါတယ်.။ အခုအချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားတဲ့ ခေတ်စံနစ်ကြီးထဲမှာ အဖိအနှိပ်ခံပြည်သူတွေ အတွက် မတရားတဲ့ ဥပဒေတွေ ကိုအံ့တုရင်း ရင်ဆိုင် ပြည်သူတွေဘက်က မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲ ဝင်နေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၉၉၀ရွေးကောက်ပွဲအပြီးမှာ ပြည့်သူ့အစိုးရသာ ပေါ်ထွန်းလာခဲ့မယ်.. ဆိုရင် အခုချိန်မှာ ဆိုရင် ရင့်ကျက်တဲ့ ဒီမိုကရေစီအစိုးရ အနေနဲ့ အနှစ် (၂၀)ခရီးကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ် ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ်အနေနဲ့ အနှစ်(၂၀) အတွင်းမှာ အမှားအယွင်းတွေကို ပြင်ဆင်နိုင်ဖို့ တိုင်းပြည်ထူထောင်ဖို့ အတွက် လုံလောက်တဲ့ အချိန်အတိုင်းအတာပါ..။ နုပျိုငယ်ရွယ်တဲ့ အချိန်မှာ ကျွန်တော်တို့ လူထုခေါင်းဆောင်သာ ဦးဆောင်ခဲ့မယ်ဆိုရင် ဆိုတဲ့စိတ်ကူးတွေနဲ့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ၊ချမ်းသာပြီး တိုင်းပြည်အကျိုးကို ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..အမေ..။

လိုက်လံပို့ဆောင် ပေးသူအား အထူးကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ

http://www.demowaiyan.co.ccမှဖေါ်ပြပါသည်။ 

Monday, June 21, 2010

“သမ္မတ အိုဘားမား ကိုယ်တိုင် ဂုဏ်ပြုလက်မှတ် ပေးအပ်ခံရသူ မချောငြိမ်းကျော်”


ဒီကလေးမလေးရဲ့ အမည်က ချောငြိမ်းကျော်။
သူ့အဖေက ပြည်ချစ်ရဲဘော်ဟောင်း၊ အမေက ရန်-ငါ စည်းပြတ်တဲ့သူ။
ဒီကလေးမလေးဟာ သူ့မိဘ မိသားစုနှင့်အတူ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုကနေ အမေရိကကို ၂ဝဝ၄ ခုနှစ်မှာ ရောက်လာခဲ့သူ။ အဲဒီတုန်းက ဒီကလေးမလေးက တတိယတန်းကျောင်းသူ။ အခု အမေရိကမှာ နဝမတန်းကျောင်းသူအဖြစ် ကျောင်းတက်ရန်စောင့်နေသူ။ သူတက်နေတဲ့ ကျောင်းမှာလည်း ကျောင်းဘောလုံးအသင်းရဲ့ ရှေ့တန်း တိုက်စစ်မှူး။
သူနေနေတဲ့ နေရာက

OHIO အိုဟိုင်းယိုးပြည်နယ်၊AKRON အာခရွန့်မြို့ ၊အစိုးရ အိမ်ရာဝင်း။
အခု မိဘတွေက အိမ်ထောင်ရေး အဆင်မပြေကြ။
လွန်ခဲ့တဲ့ ၂နှစ်ကျော်က အမေရိကမှာ ရဲဘော်အေသင်တို့ရဲ့ မြန်မာပြည်လွတ်မြောက်ရေး မိုင် ၃ဝဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်မှာ ချောငြိမ်းကျော်ဟာ ခွပ်ဒေါင်းမလေးအဖြစ် လိုက်ပါ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အလားတူ ရဲဘော်မောင်မောင်တိတ်တို့ ရဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး မိုင် ၉ဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်တွင် တက်ကြွစွာ ပါဝင်ခဲ့တယ်။
ယခု ၂၀၁၀ခုနှစ်မှာ သူနေတဲ့ကျောင်းမှာ အမေရိကန် သမ္မတရဲ့ ပညာရည်ချွန် ထောက်ပံ့ရေးဆုကို ဆွတ်ခူးနိုင်လို့ ယခုနှစ် မေလထဲမှာပဲ ဝါရှင်တန်ဒီစီ၊သမတ အိမ်ဖြူတော်မှာ အမေရိကန် သမတ အိုဘားမား ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး ဂုဏ်ပြုလက်မှတ် ပေးအပ်ခံခဲ့ရတယ်။မြန်မာခွပ်ဒေါင်းမလေး ချောငြိမ်းကျော် စိတ်ဝင်စားတဲ့ ဘာသာရပ်က သမိုင်းရုပ်ကြွင်းတူးဖော်လေ့လာရေုးဖြစ်ပြီး ၊ မွေးချင်း (၄)ယောက်တွင် သူမက ဒုတိယမြောက် အဖြစ် မြန်မာခွပ်ဒေါင်း မျိုးဆက်လေး၊
အနာဂတ်ရဲ့ မြန်မာအမျိုးသမီးတို့ရဲ့ ကြယ်တပွင့် ဖြစ်လာမည့်သူ ချောငြိမ်းကျော် တယောက် ယခုလို ထူးချွန်လာတာကို ၊မြန်မာပြည်ထဲမှာ ဒီမိုကရေစီ ရရှိရေး အတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ကြားသိရရင် ဘယ်လောက် ၀မ်းမြောက် လိုက်မလဲ။ ဒေါ်အောင်ဆန်းစုကြည် သာသိရင် ဇွန် ၁၉ရက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့မှာ ထူးချွန်တဲ့ အမျိုးသမီးလေး တွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်မှာ အသေအချာ ပါပဲ။မြန်မာ့ခွပ်ဒေါင်းသွေး မျိုးဆက်သစ် ဖြစ်တဲ့ မချောငြိမ်းကျော် တယောက်လည်း ဒေါ်အောင်ဆန်း စုကြည်နဲ့တကွ ခေတ်အဆက်မှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ထူးချွန် သွားကြတဲ့ အမှန်တရားကို မြတ်နိုးတဲ့ မြန်မာ အမျိုးသမီး တွေလို သမီးကောင်း ရတနာတပါး ဖြစ်ပါစေ၊
ဒေါ်အောင်ဆန်း စုကြည်နှင့် မြန်မာပြည်ကို ချစ်ရင် ၊ရောက်တဲ့နေရာမှာ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေးတဲ့ မြန်မာ အမျိုးသမီးကောင်း တယောက်အဖြစ် ဆက်လက် ကြိုးစား စေချင်တယ်။မိတ်ဆွေကောင်းတွေနဲ့တွေ့ကြုံပြီး၊ မိတ်ဆွေကောင်းတို့ရဲ့ တန်ဖိုးကို အလေးထားနိုင်တဲ့ အမျိုးသမီးလေးတယောက်ဖြစ်ပါစေလို့ မြန်မာ အမျိုးသမီးများနေ့အမှတ်တရအဖြစ် ရေးသားလိုက်ပါတယ်။

(အကျဉ်းကျခံနေရသော ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အမှတ်တရ ။)

(ရဲဘော်ဒေါင်းနီ)

၁၈-၆-၂၀၁၀
ဟစ်တိုင်မှကူးယူတင်ပြပါသည်။

ကမ္ဘာအနှံ့ကသတင်းတွေ....