Friday, December 10, 2010

ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနရဲ့ အမည်ပျက်စာရင်းတွင် မှားယွင်းမှုတွေ့ရိရ

ကိုညီ။ ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၀
 မြန်မာပြည်တွင်းကို ၀င်ရောက် လည်ပတ်ခဲ့တဲ့ နိုင်ငံခြားသူနှစ်ဦးကို ၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးခဲ့ပြီး အမည်ပျက်စာရင်း တင်သွင်းခဲ့ကြောင်း မြန်မာအာဏာပိုင်များရဲ့ နိုဝင်ဘာ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ မမှန်ကန်မှုများ ပါရှိနေကြောင်း ယနေ့မြန်မာက စုံစမ်း သိရှိရပါတယ်။
 မြန်မာစစ်အစိုးရရဲ့ အကြောင်းကြားစာထဲမှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ MRC Halland Co., Ltd မှ Marketing Manager (South East Asia) တာဝန်ထမ်းဆောင်နေတဲ့ နယ်သာလန်နိုင်ငံသူ Mrs. Elisabeth Maria Schouten နဲ့ Human Rights Watch (Asia) မြန်မာနိုင်ငံ ကိုယ်စားလှယ် ထိုင်းနိုင်ငံသူ Ms. Khangha Chon Kiet တို့ဟာ တောင်ကြီး/ညောင်ရွှေမြို့များကို သွားရောက်စဉ် အတွင်း တရားမ၀င် နိုင်ငံရေး အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံခဲ့တဲ့အတွက် အမည်ပျက်စာရင်း (Black List) စာရင်း ရေးသွင်းကာ ရန်ကုန်လေဆိပ်ကနေ ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီလို ပြည်နှင်ဒဏ် ပေးရခြင်းဟာ ရန်ကုန်တိုင်း အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ ၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ ညွန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားဧည့်သည်များ အနေနဲ့ နိုင်ငံရေးပါတီများနဲ့ လူပုဂ္ဂိုလ်များသို့ သွားရောက် တွေ့ဆုံခြင်း မပြုစေဖို့ ခရီးလှည့်လည်ရေး လိုင်စင်ရကုမ္ပဏီများနဲ့ ဧည့်လမ်းညွှန်များကို သတိပေး နှိုးဆော်ဖို့အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းကို ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနက ၂၀၁၀ နိုဝင်ဘာ ၈ ရက်နေ့ ရက်စွဲပါ စာအမှတ် ၂၀၁၀/ရက/စီမံ (ထွေ)/၂၆၈ နဲ့ ညွန်ကြားချက် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
 အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယနေ့မြန်မာက Human Rights Watch အဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းခဲ့ရာ Human Rights Watch ရဲ့ အာရှဆိုင်ရာဌာနတွင် Ms. Khangha Chon Kiet ဆိုတဲ့ အမည်နဲ့ တာဝန်ယူ အလုပ်လုပ်ကိုင်နေသူမရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။ ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တဦးက ဒီ စာ ထုတ်ပြန်တာဟာ မှန်ကန်ကြောင်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းကလည်း စာ ထုတ်ပြန်မှုမှန်ကန်ကြောင်း တစိတ်တပိုင်း အတည်ပြုပါတယ်။ သို့သော်လည်း အဲဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနကိုပဲ မေးမြန်းပါလို့ ဆိုပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနရဲ့ တယ်လီဖုန်းနံပါတ်များကိုတော့ ယနေ့မြန်မာက ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့ပါဘူး။ အခြား ပြည်တွင်း ခရီးသွားလုပ်ငန်း ဆိုင်ရာ ပုဂ္ဂိုလ်များကို မေးမြန်းတဲ့အခါ အဲဒီကိစ္စကို တိုက်ရိုက် ဖြေဆိုသူ နည်းပါးလွန်းတာကို တွေ့ရပါတယ်။ သတင်းရပ်ကွက်တခုကတော့ အဲဒီလို အမည်ပျက်စာရင်း သွင်းတာတို့၊ ပြည်နှင်ဒဏ်ပေးတာတို့ စတဲ့ ကိစ္စတွေကို ထောက်လှမ်းရေးက လုပ်ကိုင်တာ ဖြစ်ကြောင်း၊ ထောက်လှမ်းရေးကမှ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းကို စာပေးပို့ပြီး သတင်းထုတ်ပြန်တာ ဖြစ်ကြောင်း၊ အခုကိစ္စမှာတော့ ထောက်လှမ်းရေးက ပေးတဲ့သတင်းမှာ မှားယွင်းနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။
 အမည်မဖော်လိုတဲ့ ခရီးသွားလုပ်ငန်းရှင်တဦးကတော့ “တဦးချင်းစီလာတဲ့ ဧည့်သည်ကိုတော့ သံရုံးမှာကတည်းက စစ်ဆေးပြီးမှ ပေးတာ လေ။ ပြဿနာဖြစ်ရင် အမည်ပျက်စာရင်းတင် မက ဘူး။ ဥပမာ မြန်မာနိုင်ငံသူ နိုင်ငံသားက တိုင်ကြားခံထားရသူတို့ ဘာတို့ ကို စစ်တတ်တယ်။ ခရီးသွား ကုမ္ပဏီတွေရဲ့ အစီအစဉ်နဲ့လာမယ့် ဧည့်သည်ကျတော့ သက်ဆိုင်ရာကုမ္ပဏီက သံရုံးကို ဗီဇာထုတ်ပေးဖို့အတွက် စာ လှမ်းပို့ ရတယ် လေ။ အဲဒီမျိုးတွေကျတော့ ပါလာတဲ့ဧည့်သည်က ဘာလုပ်မယ်ဆိုတာတော့ ဘယ်လို သိမှာလဲ။ သံရုံးက ဗီဇာပေးရင် ၀င်လာလို့ ရတော့ မြန်မာပြည်ထဲရောက်မှ သူ လုပ်ချင်တာလုပ်ရင် ကုမဏီက ခံရောပေါ့ ။ နောက်ပိုင်း သိတဲ့ ဧည့်သည်တွေက ကိုယ့်အစီအစဉ်နဲ့ပဲ လာတော့တယ်။ အကုန် ရှုတ်ကုန်မှာစိုးလို့ နေမှာပေါ့။“ လို့ ဖြစ်တတ်တဲ့ သဘောသဘာဝကို ရှင်းပြပါတယ်။
 (သတင်းရင်းမြစ် - ယနေ့မြန်မာ)
BURMA TODAYမှ အကိုမြင့်လှိုင်ပေးပို့ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....