Friday, December 10, 2010

ကရင်ပြည်နယ် မာနယ်ပလောဒေသတွင် တိုက်ပွဲများပြင်းထန်နေ

ကိုညီ။ ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၀

ကရင်ပြည်နယ်အတွင်းရှိ မာနယ်ပလောဒေသတွင် နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး မြန်မာစစ်အစိုးရတပ်များ ဘက်တွင် ကျဆုံးမှု အများအပြား ရှိနေကြောင်း နယ်စပ်သတင်းများအရ သိရှိရပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ တိုက်ပွဲများဟာ နိုဝင်ဘာ ၇ ရက်နေ့က မြ၀တီမြို့တွင် ဖြစ်ပွားခဲ့တဲ့ တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင်များနဲ့ မြန်မာစစ်အစိုးရတပ်ဖွဲ့များရဲ့ ထိပ်တိုက်တွေ့မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်များ ဖြစ်ပါတယ်။
 မြန်မာစစ်အစိုးရဟာ တပ်ရင်းပေါင်း မြောက်များစွာ ကရင်ပြည်နယ်တွင် ဖြန့်ကျက်ထားပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ တောင်ကုန်းအတော်များများမှာလည်း စခန်းချထားကြပါတယ်။ ဒါ့ကြောင့် အခု ဖြစ်ပွားတဲ့ တိုက်ပွဲများဟာ ထိပ်တိုက် ရင်တိုင် တိုက်ပွဲများထက် ကရင်တပ်ဖွဲ့များက ပျောက်ကြား ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားတဲ့ တိုက်ပွဲများ ဖြစ်ကြောင်း နယ်စပ် စစ်ရေးအကဲခတ်များက ပြောပါတယ်။ အခု တိုက်ပွဲများဟာ ကရင်လွတ်မြောက်ရေးတပ်မတော်ရဲ့ အဓိကစခန်းကြီးများကို တိုက်ခိုက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကာလတိုက်ပွဲများနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပါတယ်။
 အဲဒီလို တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း ကရင်ပြည်သူများဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာခဲ့ကြပြီး တိုက်ပွဲဖြစ်ပြီး နောက်တရက်တွင် နေရပ်ကျေးရွာများကို ပြန်သွားလိုက်၊ ထပ် တိုက်ပွဲဖြစ်ရင် ထိုင်းဘက်ကို ပြန် ပြေးလာလိုက်စတဲ့ ဖြစ်ရပ်များဟာ တလတာအတွင်း မကြာခဏဆိုသလို ဆက်တိုက် ဖြစ်နေပါတယ်။ ထို့အပြင် မြန်မာစစ်အစိုးရတပ်များဟာ သူတို့နဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီလို့ အမည်ပေးထားတဲ့ ဗိုလ်ထိန်မောင် ဦးစီးတဲ့ ကရင်တပ်မတော် ခွဲထွက်အဖွဲ့ဝင်တဦးကို ပစ်သတ်လိုက်ပြီး ကျန် ၆ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ထို ဖမ်းဆီးထားသူများကို ဒီဇင်ဘာ ၂ ရက်နေ့ခန့်က ပစ်သတ်လိုက်ပြီး မီးရှို့ကာ ပလောတပို့ရွာအနီး ပြောင်းခင်းထဲတွင် ပစ်ထားခဲ့တာကို ရွာသားများက ဒီဇင်ဘာ ၇ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။
အဲဒီ တပ်ဖွဲ့ဝင်များဟာ ဖလူုးဒေသတွင် အကောက်ခွန်ဂိတ်ဖွင့်ထားတဲ့ ဗိုလ်တဲခီး တပ်မှ တပ်ဖွဲ့ဝင်များ ဖြစ်ပါတယ်။
တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေချိန်အတွင်း လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က မြန်မာစစ်အစိုးရတပ်များ သိမ်းပိုက်ခဲ့တဲ့ မာနယ်ပလောစခန်းကို ကရင်တပ်ဖွဲ့များက ပြန်လည် သိမ်းပိုက်လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့မြန်မာက ဆက်သွယ်ရရှိတဲ့ နယ်စပ်သတင်းများအရ အဲဒီသတင်းကို အတည်ပြုဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ မာနယ်ပလောဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းကို အားလုံးက အတည်ပြု ပြောကြားသော်လည်း မာနယ်ပလောစခန်းကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း ရှိ မရှိကိုတော့ အတည်ပြုသူ ရှားပါးလှပါတယ်။ မာနယ်ပလောကို ပြန်လည် သိမ်းပိုက်တဲ့သတင်းနဲ့ ပတ်သက်ပြီး ကရင်သတင်းဌာန တာဝန်ခံ နန်းဖော့ဂေကလည်း “ထိခိုက် ပျက်စီး ဆုံးရှုံးမှုတွေ အများကြီးနဲ့ လက်လွှတ်လိုက်ရတဲ့ မာနယ်ပလောနေရာကို ဒီရက်ပိုင်းအနည်းငယ်လေးနဲ့ ပြန်သိမ်းနိုင်တယ်လို့ ပြောရမှာက ခပ်ခက်ခက် ပဲ။ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း အဲဒါကို အတိအကျ အတည်မပြုနိုင်သေးဘူး လေ။“ လို့ ယနေ့မြန်မာကို ဒီဇင်ဘာ ၈ ရက်နေ့ နေ့လည်ပိုင်းက ပြောကြားပါတယ်။
အခု ဖြစ်ပွားနေတဲ့ တိုက်ပွဲများ ဘယ်လောက်ကြာကြာ ဆက်လက် ဖြစ်ပွားနေမလဲဆိုတာကို ဘယ်သူမှ အတိအကျ မသိနိုင်သေးသလို ဘယ်တော့ ပြီးဆုံးမလဲဆိုတာကိုလည်း မပြောနိုင်ကြသေးပါဘူုး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်များကို နိုဝင်ဘာ ၇ ရက်နေ့ နောက်ပိုင်းကျရင် စတင် တိုက်ခိုက်မှာ ဖြစ်ကြောင်း မြန်မာစစ်အစိုးရဘက်က ကြိုတင် အသိပေးထားပြီးဖြစ်ကြောင်း အချို့သတင်းရပ်ကွက်များက ဆိုပါတယ်။ ကရင်ပြည်နယ်အတွင်း အခုလိုဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ ဆယ်စုနှစ်တနှစ်ကျော်ကြာ အရှိန်သေ ငြိမ်သက်နေတဲ့ ပြည်တွင်းစစ်တိုက်ပွဲများ ပြန်လည် စတင်လာခြင်းရဲ့ နမိတ်ပုံများလားလို့ စဉ်းစားစရာ ဖြစ်နေပါတယ်။
 (သတင်းရင်းမြစ် - ယနေ့မြန်မာ)
BURMA TODAYမှ အကိုမြင့်လှိုင်ပေးပို့ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....