Friday, December 10, 2010

ကချင်ပြည်နယ်တွင် မတည်ငြိမ်မှုများ ဖြစ်နိုင်ခြေ ပိုမို များပြား လာ

ကိုညီ။ ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၀

မြန်မာစစ်အစိုးရအဖွဲ့ရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ကချင်လွတ်မြောက်ရေးတပ်မတော်က ငြင်းဆန်လိုက်တဲ့နောက်ပိုင်း တနေ့တခြား ဆိုးရွားလာတဲ့ ကချင်ပြည်နယ် တည်ငြိမ်မှုဟာ အခုအခါ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ အကဲခတ်များက ပြောနေကြပါတယ်။
မြန်မာစစ်အစိုးရဟာ ယခင်က ငြိမ်းချမ်းရေး ရယူထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်ဆံရေးလမ်းကြောင်းတွေကို ဖြတ်တောက်လိုက်ပြီး တင်းကြပ်မှုများကို တမျိုးပြီး တမျိုး တိုးပြီး ပြုလုပ်လာခဲ့ရာ အခုအခါ ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ မြစ်ကြီးနား ဗန်းမော် ဆက်သွယ်မှုလမ်းကြောင်းဟာ ပြတ်တောက်မှုနီးပါး ရှိနေပြီလို့ သိရပါတယ်။ အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီး ယနေ့မြန်မာက ကချင် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ဝါကို ဒီဇင်ဘာ ၆ ရက်နေ့က ဆက်သွယ် မေးမြန်းခဲ့ရာ “လွန်ခဲ့တဲ့ မကြာသေးခင်က နအဖအနေနဲ့ ကုန် အ၀င်အထွက်တွေကို အကုန်လုံး ပိတ်လိုက်တယ်။ မြစ်ကြီးနား လိုင်ဇာ ပိတ်လိုက်တယ်။ ဒုတိယအဆင့်အနေနဲ့ ဗန်းမော် လိုင်ဇာ ကုန်အရောင်းအ၀ယ်တွေကို ပိတ်လိုက်တယ်။ ဒ့ါကြောင့် ကုန်အသွားအလာ မရှိသလောက် ဖြစ်သွားပြီ။ နောက်တချက်က ကုန်ကားကို မှီပြီးမှ လိုင်းကားတွေ ဆွဲနေတယ်ဆိုတော့ လိုင်းကားတွေလည်း လျော့သွားတယ်။ လွန်ခဲ့တဲ့အချိန်က အစီး တရာလောက် အ၀င်အထွက် ရှိရာက အခုအချိန်မှာ နှစ်ဆယ်၊ နှစ်ဆယ်ကျော် ပတ်ဝန်းကျင်လောက်ပဲ ရှိတော့တယ်။“ လို့ ပြောပါတယ်။

အခုအခါ လိုင်ဇာမှာ ကုန်သည် မရှိသလောက် ဖြစ်သွားပြီးဆိုတဲ့အကြောင်းကိုလည်း ကိုအောင်ဝါက “ပထမဆုံးအဆင့်အနေနဲ့ သုံးဘီးမောင်းတဲ့သူတွေကို ပြန်ခိုင်းတယ်။ ဒုတိယအဆင့် ဧည့်စာရင်း စစ်တယ်။ နောက်ဆုံးအဆင့် ဈေးရောင်းတဲ့သူတွေကို ပြန်ခိုင်းတာမျိုး ရှိတယ်။ သူတို့ လုံခြုံရေးကို တာဝန်မယူဘူး။ ကိုယ့်ဖာသာကိုယ် ရောင်းချင် ရောင်း၊ ကေအိုင်အေအနေနဲ့ တာဝန်မယူဘူးလို့ ပြောတယ်။ ဒါကြောင့် ပြန်တာမျိုးတွေ ရှိတယ်။“ လို့ ရှင်းပြပါတယ်။

ထိုသို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှုတွေ ပိတ်ပင်လိုက်တဲ့အတွက် ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ရော၊ မြန်မာစစ်အစိုးရဘက် မှာပါ အခွန်ငွေတွေ လျော့နည်းသွားပြီး နှစ်ဘက်စလုံးအပေါ် အကျိုးသက်ရောက်မှု ရှိတာကို တွေ့ရပါတယ်။ အခုရက်ပိုင်းအတွင်း ကျောက်စိမ်းလုပ်ငန်း၊ တရုပ်ပြည်မှ မြန်မာပြည်တွင်း လာရောက် လုပ်ကိုင်နေတဲ့ ငှက်ပျောခြံလုပ်ငန်းများလည်း လုံးဝ ပိတ်ထားကြောင်း သိရပါတယ်။

မြန်မာစစ်အစိုးရဟာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းများကို ရပ်တန့်အောင် တဖက်က လုပ်လိုက်သလို စစ်ရေးအရ ပြင်ဆင်မှုများလည်း တိုးမြှင့် ပြုလုပ်နေပါတယ်။ ထို့အပြင် မကြာသေးမီက အကဲစမ်း ပစ်ခတ်မှုတခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ ထို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကိုအောင်ဝါက “နအဖတပ်တွေ လွယ်ဂျေ တပ်ရင်း ၁၆ ဘက်ကို လာပြီးမှ မိုးပေါ်ထောင်ပစ်တယ်။ ကေအိုင်အေကလည်း ပြန်ပြီး တုန့်ပြန်ပြီး ပစ်တယ်၊ စနေနေ့ (ဒီဇင်ဘာ ၄ ရက်) မနက် ၉ နာရီလောက်မှာ။ နောက်ပြီးတော့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း အဲဒီ ပတ်ဝန်းကျင်မှာ နည်းနည်း ပြန်ပြီးတော့ ဖြစ်တာ ရှိတယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူး။ ပြန်ပြီးတော့ အေးဆေးသွားပြီ။ ဒါပေမယ့် နှစ်ဘက်စလုံးကတော့ ဂရုစိုက်နေတဲ့ အခြေအနေမျိုးက ဟုတ်တယ်။“ လို့ ပြောပြပါတယ်။ တကယ်လို့များ မြန်မာအာဏာပိုင်တွေဘက်က စတင် တိုက်ခိုက်လာရင် ကချင် လွတ်မြောက်ရေးတပ်မတော်ဘက်က ပြန်တိုက်မှာလားလို့ မေးကြည့်တော့ ကိုအောင်ဝါက “တိုက်မှာပဲ။ နှစ်ဘက်စလုံးက ပြင်ဆင်ထားပြီးပြီ။“ လို့ ဆိုပါတယ်။
BURMA TODAYမှ အကိုမြင့်လှိုင်ပေးပို့ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....