Thursday, December 9, 2010

သံဃာတော်များကို ဒေါ်အောင်ဆန်းစုကြည် သင်္ကန်း ကပ်လှူ

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယနေ့နံနက် ၈ နာရီတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များက သံဃာတော်များနှင့် သီလရှင်များကို သင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ ပင့်ဖိတ်ထားသော သံဃာတော်များအပြင် တခြားသော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များစွာ ကြွရောက် လာမှုကြောင့် စီစဉ်ထားသော သင်္ကန်း အရေအတွက် မလောက်မင ဖြစ်ခဲ့ပြီး သံဃာတော် အပါး ၁၅၀ ကိုသာ သင်္ကန်းများ ကပ်လှူနိုင် ခဲ့ကြောင်း၊ သင်္ကန်း မကပ် လှူနိုင်သော သံဃာတော်များကို ဖိနပ်နှင့် ၀တ္ထုငွေများ ကပ်လှူခဲ့ ရကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော် ၁၅၀ ကို သင်္ကန်းများ ကပ်လှူရန် NLD ရုံး အနီးအနားရှိ ဘုန်းကြီးကျောင်းများကို လိုက်လံ ပင့်ဖိတ် ခဲ့သော်လည်း ယနေ့တွင် ရန်ကုန်မြို့တမြို့လုံးရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များ၊ သာမဏေ များနှင့် သီလရှင်များစွာ ကြွရောက် ခဲ့ကြောင်း NLD ဗဟို ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။

ယနေ့ လှူဒါန်းပွဲသို့ NLD ရုံးရှေ့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆွမ်းခံကြွလေ့ ရှိသည့် သံဃာတော် ၇၈၅ ပါးနှင့် သီလရှင် ၁၁၉ ပါး ကြွရောက် ခဲ့သည်ဟု သူက ပြောသည်။

ယနေ့ လှူဒါန်းမှု မပြုလုပ်မီ ၁ ပတ်အလိုကတည်းက NLD ရုံးချုပ်ရှေ့နှင့် ရွှေတိဂုံ စေတီတော် အနီးတဝိုက်တွင် သံဃာတော်များ ကြွရောက်ပါရန် ပင့်ဖိတ် ထားသည့် ကြော်ငြာစာရွက်များ လိုက်လံကပ်ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....