Sunday, August 1, 2010

အာရုံဦးများဖူးသည့်ကြာ မှ အနုပညာရှင်များအတွက်

နအဖ စိတ်ဓါတ်စစ်ဆင်ရေးနှင့် ၀ါဒဖြန့်ချီရေးဌာနမှ တင်ဆက်စေသော မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို လိမ်လည်ထားသည့် အာရုံဦးမှာဖူးသည့်ကြာ ဇာတ်ကားတွင်ပါဝင်သော သရုပ်ဆောင်များကို ပေးထားသော အထူးအခွင့်အရေးများတွင် နိုင်ငံခြားသို့ ဖျော်ဖြေခွင့်သည်လဲ ပါဝင်ကြောင်းသိရပြီး။ စိတ်ဓါတ်စစ်ဆင်ရေး အတွက် သြဂုတ်လ နှင့် စက်တင်ဘာလများတွင် ဖျော်ဖြေရေးများ အထူးပြုလုပ်ရန် မြန်မာသံရုံးများကို ညွှန်ကြားထားကြောင်းနှင့် စစ်အစိုးရသံရုံးမှ စီးပွါးရေးသမားများကို ဖျော်ဖြေပွဲများတင်သွင်းရန် အခွင့်လမ်းများချပေးလျှက်ရှိကြောင်း သိရသည်။ ဒီမိုကရေစီအင်အားစုများမှ အမေရိကန်နိုင်ငံတ၀ှမ်း တင်သွင်းမည့်ဖျော်ဖြေပွဲများမှ အာရုံဦးမှာဖူးသည့်ကြာ ဇတ်ကားသရုပ်ဆောင်များ ပါဝင်လျှင် ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင် သွားမည်ဖြစ်ကြောင်း။ အနုပညာသည် ဆိုသည်မှာ ပြည်သူမြှောက်စားမှ အောင်မြင်မှာဖြစ်ပြီး ပြည်သူလက်မခံသော အစိုးရမှ အနုပညာရှင် မွေးမထုက်ပေးနိုင်ကြောင်းကို ပြသခြင်းဖြင့် စစ်အစိုးရ၏ စိတ်ဓါတ်စစ်ဆင်ရေးနှင့် ၀ါဒဖြန့်ချီရေး ထိုးဖေါက်ခြင်းကို  ရိုတ်ချိုးပစ်မည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ ပေါ်လစီ ဇာတ်ကားမရိုတ်ကူးခြင်းဖြင့် ရပ်တည်နေသော အနုပညာသည် အမြောက်အများတွင် ပြည်သူအတွက် ရပ်တည်ပြီး ပြည်သူကပေးသော သူရဲကောင်းဘွဲ့ ခံယူသည့် ကိုဇာဂနာ နှင့် ဦးကျော်သူ ကဲသို့သော အနုပညာရှင်များ သတ္တိရှိရှိ ပေါ်ပေါက်ခြင်းရှိသလို။ အရန်သရုပ်ဆောင်များ နောက်လိုက်အများအပြားလဲ ပေါ်လစီဇာတ်လမ်း မရိုက်ကူးသဖြင့် အခွင့်အလမ်းပိတ်နေသူများ ရှိနေပါသည်။

စစ်အစိုးရသည် တချိန်က ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ ပြီးနောက်ပိုင်း ၀ါဒဖြန့်ဇာတ်ကားများ ရိုတ်ကူးပြီး အစိုးရကို ဆန့်ကျင်ရန် လူငယ်အမြောက်အများ နယ်စပ်ဒေသများကို ထွက်ခွါခြင်းအား ထိန်းချုပ်ရန် ကြိုးစားသလို။ စစ်အစိုးရသည် တိုင်းပြည်အတွက် လိုအပ်လို့ ပေါ်ပေါက်လာသော အစိုးရတရပ်အဖြစ် သမိုင်းက မွေးဖွါးလိုက်သည် ဟူသော အတွေးခေါ်ဆိုး ၀ါဒမှိုင်းများကို မျိုးဆက်သစ်လူငယ်များ တိုက်ပြီး စစ်တပ်၏ အခန်းဂဏ္ဍကို မြှင့်တင်ရန်ကြိုးစားလျှက်ရှိသည်ကို၊ ပြည်ပရောက် ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ အားပေးသူများ အနေဖြင့် စစ်အစိုးရ၏ တိုင်းပြည်အပေါ် ၀ါဒမှိုင်းများ တိုက်နေခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြကြောင်း သတင်းများမှ သက်သေခံနေသည်။

အနုပညာရှင်များကို ပြောကြားလိုသည်က ပြည်သူအတွက် အရှေ့ကထွက် မရပ်ရဲသော အနုပညာရှင်များကို အပြစ်မပြောလို သော်လည်း ပြည်သူကို အဆိပ်ခက်သည့် ၀ါဒမှိုင်းတိုက်သည့် လုပ်ရပ်မျိုးကိုတော့  ရှောင်းရှားသင့်သည် ဟုပြောကြားလိုပါသည်။ သို့မဟုတ်ပါက ပြည်သူ၏ ဒဏ်ခတ်ခြင်းကို ယခုအချိန်မှာရော နောင်တချိန်မှာပါ ခံစားရမည် ဖြစ်သည်ကို သတိပေး ပြောကြားလိုပါသည်။



သတင်းများကို ဖတ်နိုင်ရန် ကူးယူတင်ပြပေးလိုက်ပါသည်။
-------------------------------------------------------------------------------------------------------

"အရုဏ်ဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်သရုပ်ဆောင်များ အမေရိကန်ဗီဇာ မပေးရေး တောင်းဆို"

 VOA သတင်း
မြန်မာနိုင်ငံမှာ မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုတဲ့ မြန်မာစစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကြား ဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ တ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကလည်း ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့သူ အားလုံးကို အမေရိကန်အစိုးရ အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ပင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၊ တိုင်းရင်းသား လူမျိုးစုတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ မြန်မာ့သမိုင်း ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ပြီး မှားယွင်းစွာ ဖော်ပြခဲ့တဲ့အတွက် ၀ါရှင်တန်ဒီစီ တ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက ဒီဇာတ်ကားမှာ ပါဝင်တဲ့သူတွေကို အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့အတွက် တောင်းဆိုလိုက်တာပါ။ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာရှိတဲ့ သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါးကို စာရေးသားပေးပို့ပြီး တောင်းဆိုလိုက်တာပါ။ အခုလို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့ တောင်းဆိုရတာနဲ့ ပတ်သက်လို့ ဒီကိစ္စမှာ ကမကထလုပ် ဆောင်ရွက်သူတွေထဲက တဦးဖြစ်တဲ့ ကိုညီညီအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ ပြည်ပမှာရောက်နေတဲ့၊ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဗမာတွေ အနေနဲ့ ကျနော်တို့ လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထား၊ ကျနော်တို့ လုပ်နိုင်တဲ့ စွမ်းအားနဲ့ ပြည်သူလူထု မလိုလားတဲ့ အခြေအနေကို အားပေးတဲ့ အနုပညာရှင်တွေကို ပိတ်ပင်နိုင်တဲ့ အနေအထားတွေမို့ ကျနော်တို့က ပိတ်ပင်တာပဲ ဖြစ်ပါတယ်။

“ကျနော် မျှော်လင့်ပါတယ်၊ အောင်မြင်မယ်လို့။ အချက်အလက်နဲ့ ထောက်ပြပြီး ပြောထားတဲ့ အတွက်လည်း အမေရိကန် အစိုးရ အနေနဲ့ စဉ်းစားပြီးတော့ ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာလည်း ရှိထားပြီးသား စစ်အစိုးရနဲ့ ပတ်သက်တဲ့လူတွေ၊ စစ်အစိုးရက ပုဂ္ဂိုလ်တွေ၊ အာဏာရှင်ဘက်က အင်အားစုတွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဘူးဆိုတဲ့ ပိတ်ပင်တဲ့ ဥပဒေလည်း ရှိနေတဲ့ အတွက်ကြောင့် ဒါဟာ ထပ်မံ တိုးသွားနိုင်တဲ့ စာရင်း ဖြစ်နိုင်ပါတယ်။”

ဒီရုပ်ရှင်ဟာ သမိုင်းဖြစ်ရပ်မှန်၊ တကယ့် အဖြစ်အပျက်တွေကို အခြေခံပြီးတော့ ရိုက်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ကားအတွင်း တချိန်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်အပေါ်မှာ ဝေဖန် ပြောဆိုတာ၊ ဦးသန့် ဈာပနနဲ့အတူ ဖြစ်ပေါ်လာခဲ့တဲ့ ဦးသန့် အရေးအခင်း၊ တပါတီ အာဏာရှင်စနစ်ကို တော်လှန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုနဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေကို အဓိက ဝေဖန်ခဲ့ပြီး သမိုင်းဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ခဲ့တယ်လို့ အများက ဝေဖန်ခဲ့ကြပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို မှားယွင်းစွာ ဖော်ပြတာတွေနဲ့ ပတ်သက်လို့ ကိုညီညီအောင်က အခုလို ဥပမာပေးပြီး ပြောပါတယ်။

“ကျနော်တို့ အဲဒီထဲမှာ တွေ့လိုက်ရတာ ကရင်တွေ၊ ဗကပတွေကို သူတို့တွေ တင်ပြနေတဲ့ ပုံစံက အာဏာလိုချင်လို့ လက်တဆုပ်စာ အင်အားစုတစု၊ တိုင်းရင်းသားတစုက သောင်းကျန်းနေတယ်ဆိုတဲ့ အနေအထားမျိုး တင်ပြနေတယ်။ တင်ပြနေတော့ ဒါက အစစ်အမှန် မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ ပြဿနာက တွေ့ဆုံဆွေးနွေး ဖြေရှင်းရလိမ့်မယ်။ ဒီဟာကို မတင်ပြသွားဘဲနဲ့ သူတို့က လက်တဆုပ်စာ ဖြစ်နေတဲ့ တိုင်းရင်းသား တစုက သောင်းကျန်းနေတယ်ဆိုပြီး တင်ပြတာ မှားယွင်းစွာ တင်ပြခြင်းလို့ ကျနော် ပြောချင်ပါတယ်။”

စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ အခုလိုမျိုး အစိုးရရဲ့ ၀ါဒဖြန့်ချိတဲ့ ရုပ်ရှင်ဇာတ်ကားတွေ မကြာမကြာ ရိုက်ကူးပြသလေ့ရှိပြီး အာဏာပိုင်တွေက အနုပညာရှင်တွေကို မဖြစ်မနေ ပါဝင် သရုပ်ဆောင်ခိုင်းတာကြောင့် တချို့ အနုပညာရှင်တွေဟာလည်း မရိုက်ချင်ဘဲ ရိုက်ပေးခဲ့ရတာတွေလည်း ရှိပါတယ်။ ဒီလိုအခါမျိုးမှာ အနုပညာရှင်တွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေ၊ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဒါရိုက်တာ၊ အကယ်ဒမီ ဦးဝင်းဖေကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် ကိုယ်တိုင်ကလည်း အဲဒီလို ဒီစစ်အစိုးရရဲ့ အလိုက်ကန်းဆိုးမသိ ခေါ်ခေါ်ခိုင်းတဲ့ ကိစ္စကို ခံခဲ့ရဖူးပါတယ်။ ဒါ ကျနော့်ခံစားချက်နဲ့ ပြောရမယ်ဆိုရင် အဲဒီလို ၀ါဒဖြန့်ကားတွေ ရိုက်ရပြီဆို ကျနော်တို့က ရှက်လည်းရှက်တယ်၊ ၀မ်းလည်းနည်းတယ်၊ ခံပြင်းတယ်၊ စိတ်တိုတယ်၊ အဲလိုဟာတွေ ဖြစ်တယ်။

“ပြီးတော့ ပရိသတ်ကလည်း အဲဒီလိုပဲ။ ဒီကောင် ငဖားပဲဆိုပြီး ပြောတာမျိုး ကျနော်တို့က ခံရတယ်။ အဲဒီ ဒဏ်ရာဒဏ်ချက်တွေကိုက တော်တော်များလှပါပြီ။ အဲဒီတော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်မှာလည်း ကြောက်ရတယ်ဗျ။ အနုပညာသည်တွေက မိအေး နှစ်ခါနာလို ဖြစ်မှာလည်း ကြောက်ရတယ်ဗျ။ ဒါကတော့ ကျနော့်အမြင်ကို ပြောတာပါ။”

စွယ်စုံ အနုပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ အကယ်ဒမီ ဦးဝင်းဖေ ပြောပြသွားတာ ဖြစ်ပါတယ်။
------------------------------------------------------------------------------
BCC သတင်း

1 comment:

  1. အကယ်ဒမီဆုများစွာကို ဆွတ်ခူးနိုင်ခဲ့သော သာသနာပြုသောအားဖြင့် ရဟန်းစားရသောဆွမ်းတနပ်၊ရဟန်းမစားရသော ဆွမ်းတနပ်၊တပါး သီလတို့ကို မျက်မမြင်ဘဝနဲ့ ရိုက်ကူးခဲ့သော ဒါရိုက်တာကြီးဦးသုခ ပြောခဲ့သော စကားအရ သူ့ဘဝမှာ နောင်တအရဆုံးနဲ့ ယူကြုံးမရအဖြစ်ရဆုံးက ဂုဏ်ဆိုတာ ငွေကိုခေါ်သည် လို့ သီဆိုရိုက်ကူးခဲ့ခြင်းဖြစ်သည်တဲ့
    သူပြောတာက ဂုဏ်ဆိုတာ ဘာလဲလို့ မင်းတို့ဘာနဲ့တိုင်းတာမလဲ မင်းတို့တိုင်တာတာနဲ့ မင်းတို့ရဲ့ ရှေ့ဆက်ခရီးဟာ ဘာလဲဆိုတာသိနိုင်ပါတယ်တဲ့

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....