Monday, July 19, 2010

၆၃-နှစ်မြောက်အာဇာနည်နေ့အမှတ်တရ

မနေ့က (၂၀၁၀၊ဇူလိုင်လ၊၁၈ရက်) တိုကျိုမှာ ကျင်းပတဲ့ အာဇာနည်နေ့ အကြိုစာတမ်းဖတ်ပြိုင်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်တဲ့အခါမှာ ယှဉ်ပြိုင်ရမယ့်ခေါင်းစဉ်က "အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ” ဆိုတဲ့ ခေါင်းစဉ်ဖြစ်တဲ့ အတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေက ဘယ်လို အနာဂတ်နိုင်ငံတော်ကို မျှော်မှန်းထားခဲ့သလဲ ဆိုတာကို လိုက်လံရှာဖွေစုဆောင်းရပါတယ်။
ပြင်ဆင်ချိန်ကလည်း တိုတောင်းလွန်းလှတဲ့ အတွက် ကျမမိတ်ဆွေ ကိုကြီး (Fight for Freedom Burma) ကို အကူအညီ တောင်းရပါတယ်။ သူလည်းသူသိတဲ့ အချက်အလက်တွေ ကျမဆီပို့ပေး၊ ကျမလည်း အမြန်စာစီ၊ စာတမ်းဖတ်ကြားရမယ့် အချိန်ကလည်း (၁၀)မိနစ်သာသတ်မှတ်ထားတဲ့ အတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့အချိန်ကစပြီး ယခုခေတ် နအဖစစ်အစိုးရလက်ထက် အထိ အနေအထားများကို တင်ပြရမှာဖြစ်လို့ ကျမဖြင့်ပြည့်စုံအောင်စီစဉ်နိုင်မယ်လို့ မထင်ရဲပါဘူး။ သို့ပေမယ့်လည်း အဖွဲ့အစည်းအတွက် ဝင်ရောက်ယှဉ်ပြုင်ရန် ကျမကိုတာဝန်ပေးထားသဖြင့် ကျမမှာအစွမ်းကုန်ကြိုးစားရပါတယ်။ ပြိုင်တဲ့အချိန်ကျတော့လည်း ကျမအပါအဝင်(၁၁)ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြလို့ ကျမအရှေ့က ဝင်ရောက်ယှဉ်ပြိုင်သွားကြသူများရဲ့ စာတမ်းဖတ်သည့် အသံနေအသံထား၊ ကဗျာသီချင်းများပါ ရောနှောဖွဲ့ဆိုသွားသည့် အတွက် ကျမမှာအလိုလို ကျမစာတမ်းအတွက် အားငယ်မိပါသည်။ ကျမအလှည့်ရောက်တော့ စိတ်ကိုတင်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဖတ်ကြားလိုက်ပါသည်။ စာတမ်းသာ ဖတ်၍ပြီးသွားတယ်၊ ကျမမှာမျှော်လင့်ချက်တစုံတရာရှိလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။ အားပေးတဲ့ လက်ခုပ်သံများအရတော့ အားတက်သွားတာတော့ ရှိတာပေါ့။ ဆုရရှိသူများကြေငြာလို့ ကျမနာမည်နဲ့ ဒုတိယဆုရရှိတယ်လို့ကြေငြာလိုက်တော့ ဝမ်းသာအံ့သြကြီးဖြစ်ရပါတယ်။ ဒါဟာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ ကျေးဇူးများကြောင့်အခုလို ကျမဆုရခဲ့ရတယ်လို့ မှတ်ယူမိပါတယ်။ ကျမဖတ်ကြားတဲ့စာတမ်းလေးကိုလည်း ကျမရဲ့စာဖတ်ပရိတ်သတ်ဖတ်ဖို့ တင်ပြလိုက်ပါတယ်။ အဖက်ဖက်က ပြီးပြည့်စုံတဲ့ စာတမ်းတစ်စောင် မဟုတ်တာကိုတော့ ကျမဝန်ခံပါရစေ။


(အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါတ်သတ်ပြီးပြောရရင် ပထမဦးစွာ အာဇာနည်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာပါလဲ။ အာဇာနည်ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရ (Martyr) သည် ဂရိတ်ဘာသာစကားက ဆင်းသက်လာတာပါ။
A martyr means somebody who suffers persecution and death for the people and a country. လို့ အဘိဓါန်မှာ ဖွင့်ဆိုထားပါတယ်။ တစုံတယောက်သော သူသည် တိုင်းပြည်နှင့် လူမျိုးအတွက် ဒုက္ခဆင်းရဲများခံကာ အသက်စွန့်ခြင်းလို့အဓိပ္ပါယ်ရရှိပါသည်။

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပူးပေါင်းချုပ်ဆိုသော ပင်လုံစာချုပ်အရဆိုရင် ‘’မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရန်နှင့် ပြည်ထောင်စုမူဖြစ်တဲ့ ဖယ်ဒရယ်မူကိုသာလျှင် ကျင့်သုံးသင့်တယ်’’လို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းရင်းသားခေါင်းဆောင်များက ယုံကြည်ထားခဲ့ကြပါတယ်။
အဲသည်လို ယုံကြည်မျှော်မှန်းချက်တွေကို အကောင်အထည်ဖေါ်နေစဲ ကာလအတွင်းမှာပဲ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့ မနက်(၁၀)နာရီ၃၇မိနစ် အချိန်မှာ နယ်ချဲ့အင်္ဂလိပ်နှင့် အလိုတော်ရိများ၏ ပူးပေါင်းကြံစည်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့
သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်ဦးဘဝင်း ၊မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင် နှင့်လုံခြုံရေး တာဝန်ယူထားရတဲ့ ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ကြရပါတယ်။
အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားပေမယ့် သူတို့မျှော်မှန်းထားသော မြန်မာနိုင်ငံကြီးဖြစ်လာဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။

ကျမတို့နိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများက ဘယ်လိုပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မျှော်မှန်းခဲ့တာပါလဲ?
အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို စစ်အစိုးရက တည်ဆောက်နိုင်ခဲ့ပါသလား? ကျမတို့ ကဏ္ဍအလိုက်ပြန် သုံးသပ်ကြည့်မယ်ဆိုရင်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး…အနေနဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၆၂မတ်လ(၂)ရက်နေ့မှာ အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်နေ၀င်းဦးဆောင်တဲ့
စစ်အာဏာရှင်စနစ်ရဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာဟာ စာအားဖြင့်သာရှိခဲ့ပြီး၊ လက်တွေ့မှာတော့ ပင်လုံစာချုပ်ပါဖယ်ဒရယ်မူအရ ပြည်နယ်အုပ်ချုပ်ခွင့် တောင်းသည့် တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို တိုင်းပြည်ခွဲထွက်၍ သီးခြားနိုင်ငံထူထောင်ရန် လုပ်ဆောင်မှုအဖြစ်စွပ်စွဲ အကြောင်းပြကာ စစ်တပ်မှ အာဏာသိမ်းယူလိုက်ပါသည်။ ယင်းအချိန်မှစ၍ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်များ ရည်မှန်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဖြစ်ကို မရောက်ရှိအောင် ဖျက်ဆီးခြင်းခံခဲ့ပါသည်။
နှိမ်နင်းနှိပ်စက်ခံ တိုင်းရင်းသားများဟာ မိမိတို့ရဲ့အိုးအိမ်ပစ်ပြေးပြီး နယ်စပ်ဒေသများ၊ အိမ်နီးချင်း နိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ကြရတာဟာဆိုရင် ယနေ့ထက်တိုင်ပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့ရပေမယ့်လည်း ပြည်တွင်းစစ်မီး တောက်လောင်ကာ ကမ္ဘာ့အလယ်မှာ
ဗမာဆိုရင် မျက်နှာငယ်ရတယ်။ ဂုဏ်သိက္ခာမဲ့ရတယ်။ အာဇာနည်ကြီးများ၏ အသက်စွန့်ကြိုးပမ်းခဲ့မှုကဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်ရှင် ….

နို်င်ငံစီးပွါရေးနှင့် လူနေမှုဘဝ
အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားသော နိုင်ငံ့စီးပွါးရေးမှာ နိုင်ငံသားတို့၏အကျိုးစီးပွါးကို ကာကွယ်သော ပြည်တွင်းနှင့် နိုင်ငံခြားကုန်သွယ်မှု ဆိုင်ရာ စီးပွါးရေးပေါ်လစီဖြစ်ပြီး နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့် နှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ပြီး အခမဲ့ဆေးဝါးကုသခွင့် အခမဲ့ပညာသင်ကြားခွင့်များ ရရှိစေရမည်။လွတ်လပ်စွာ ကူးသန်းသွားလာခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ပုံနှိပ်ထုက်ဝေခွင့် ရှိရမည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ တိုင်းပြုပြည်ပြု အစည်းဝေးမှတ်တမ်းများ ၊လူထုအစည်းဝေးပွဲများတွင် အတိအလင်းပြောဆိုထားပါတယ်။
ဒါပေမယ့်လည်းဒါတွေကို ယနေ့ နအဖစစ်အစိုးရလက်ထက်အထိ အာဇာနည်ခေါင်းဆောင်ကြီးများ ယုံကြည်မျှော်လင့်ထားခဲ့ သမျှ လုံးဝမဖြစ်လာပါဘူး။ နိုင်ငံသားတို့ဟာ စစ်အစိုးရ၏လက်ဝါးကြီးအုပ် စီးပွါးရေးစနစ်အောက်မှာ ဆင်းရဲနွမ်းပါးနေပြီး နိုင်ငံသားတို့၏အကျိုးစီးပွါးကိုကာကွယ်ပေးမှုဆိုတာ အိပ်မက်တောင်ထဲမှာတောင် မရှိပါဘူး။ တချို့အချက်တွေကို ထောက်ပြရရင် မိမိနိုင်ငံမှာ စွမ်းအင်လုံလောက်မှုမရှိပါဘဲနဲ့ တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ရောင်းချနေမှု၊ စစ်အစိုးရ၏ ရေကာတာ စီမံကိန်းများသည် တိုင်းရင်းသားတို့၏ အကျိုးစီးပွါးကို ဆိုးဆိုးဝါးဝါး ထိခိုက်နေသော်လည်း စစ်အစိုးရက ဆက်လက်လုပ်ကိုင်နေပြီး ၄င်းစီမံကိန်းများပြီးစီးသွားပါက မြန်မာပြည်ထက် တရုတ်ပြည်ကသာ အကျိုးခံစားမှုရရှိမည်ကို သိနေရပါသော်လည်း နအဖသည် ပြည်သူများထက် မိမိကိုယ်ကျိုးစီးပွါးကိုသာ ကြည့်ပြီး တည်ဆောက်နေပါတယ်။ အချိန်မရွေး အဓ္ဓမလုပ်အားပေးစေခြင်း အဓ္ဓမပြောင်းရွှေ့စေခြင်း အဓ္ဓမစစ်သား အဖြစ်စုစောင်း ခံရခြင်းတို့ဖြင့်လည်း နိုင်ငံသားတို့သည် လွတ်လပ်စွာ အသက်ရှင် နေထိုင်ခွင့်ကို လုံးဝမရရှိပါဘူး။

လယ်ယာစိုက်ပျိုးရေး
အာဇာနည် ခေါင်းဆောင်ကြီးများက မျှော်မှန်းထားခဲ့သည့် ခေတ်မှီလယ်ယာ စိုက်ပျိုးရေးစနစ်ဖြင့် ဆန်စပါးကိုပြည်တွင်း၌ ဖူလုံရုံသာမကဘဲ နိုင်ငံခြားသို့အဓိကပို့ကုန်အဖြစ်ရောက်အောင် အကောင်ထည်ဖေါ်ရေး ကိစ္စဟာ ယနေ့နအဖစစ်အစိုးရ လက်ထက်အထိ အောင်မြင်မှုမရရှိသေးပါဘူး။
ပိုဆိုးတာက စစ်တပ်က စစ်ရေးနှင့် စစ်တပ်စီးပွါးရေးအတွက် လယ်ယာမြေများကို အဓမ္မသိမ်းယူသဖြင့် လယ်ယာမဲ့ထ္မင်းငတ်တဲ့ ဘ၀ကို လက်ရှိအနေအထားမှာပဲ တောင်သူလယ်သမားများ ရင်ဆိုင်နေကြရပါတယ်။


ပညာရေးစနစ်
ပညာရေးစနစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သောဖြစ်သော အမျိုးသားကျောင်းဆရာ ဦးရာဇတ်၏ နိုင်ငံတကာနှင့်အမှီ ရင်ဘောင်တန်းနိုင်သော မြန်မာ့ပညာရေးစနစ် ရည်မှန်းချက်ဟာလည်း နေ၀င်း၏ မဆလ ပါတီလက်ထက်မှ စတင်ပြီး ပျက်ဆီးခဲ့ရာ ယ္ခု နအဖ စစ်အစိုးရလက်ထက်တွင် မြန်မာ့ပညာရေးစနစ်ကို အတန်းမြှင့်ပညာရေးစနစ်ဆိုတဲ့ ကျရှုံးသူမရှိသော စနစ်ဆိုပြီးနိုင်ငံတကာအဆင့်တန်းလည်း မမှီိသော ပညာတတ်အမည်ခံများကို အများမွေးထုက်ပေးနေခြင်းဖြင့် မြန်မာ့ပညာရေးကို ဖျက်ဆီးနေပါသည်။ ပညာသင်ကြားရေး စရိတ်များကြီးမြင့်လွန်းတဲ့ အတွက်အခြေခံလူတန်းစားအချို့နဲ့ ဝေးလံသောဒေသများမှ ကျမတို့တိုင်းရင်းသားတွေရဲ့ ရင်သွေးငယ်များဟာ ပညာရေးဆိုတာ လုံးဝမရှိတော့ပါဘူး။

အမျိုးသားကျန်းမာရေး
မိမိစရိတ်ဖြင့် ဆေးဝါးဝယ်ယူပြီး ကုသရသည့် အစိုးရဆေးရုံများ နှင့် ဆေးဝါးကုသခွင့်စရိတ်ကြီးမားပြီး ဖြစ်သလိုလုပ်တတ်တဲ့ စစ်အစိုးရနဲ့ပါတ်သက်ဆက်နွယ်နေသူတို့ ပိုင်ဆိုင်ကြတဲ့ ပုဂ္ဂလိက ဆေးရုံများတွင် မိမိတို့အသက်ကို ငွေနှင့်ဆက်နေရပြီး အစိုးရ၏ ဆေးကုသခွင့် အာမခံချက်ဆိုတာ ဝေလာဝေး တိမ်းပါးသေဆုံးခဲ့ရင်တောင် အရပ်သားအဖွဲ့အစည်းများ၏ ကူညီစောင့်ရှာက်မှုကိုသာ ရယူနေရပါသည်။ စေတနာအလျောက် ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာရှင်တွေကိုလည်း နှောက်ယှက်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ကို စစ်အာဏာရှင်တို့က ပြုလုပ်လျက်ရှိပါတယ်။

လွတ်လပ်စွာကူးသန်းသွားလာခွင့်
နအဖလက်ထက်မှာ ခွင့်ပြုချက်မရရင် ဆွေမျိုးသွေးသားတော်စပ်သူများ၏ အိမ်မှာတောင် ညအိပ်မနေရပါဘူး၊

လွတ်လပ်စွာ ပြောဆို ရေးသားခွင့်
နအဖ လက်ထက်မှာ ထောင်ကျစေမယ့် အဓိကအချက်ဖြစ်ပါသည်။ စာပေလောကသည် ဆိုးဝါးစွာ ချုပ်ကိုင်ခံထားရပြီး နအဖ သဘောမတူသည့် စာလုံးပေါင်း(သို့) စာလုံးအထား အသိုမှားခြင်းတို့ပင်လျှင် ထောင်ကျစေနိုင်သော အကြောင်းအရာများဖြစ်ပါတယ်။
ဒါကြောင့် နအဖအစိုးရလက်ထက်မှာ ပြည်သူလူထုဟာမွေးရာပါ အခွင့်အရေးတွေဆုံးရှုံးနေခြင်းဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ဘယ်လိုမှ ပေါ်ပေါက်လာနိုင်မည်မဟုတ်ပါ။ ဘာဖြစ်လို့ဗိုလ်နေဝင်းရဲ့ စစ်အစိုးရလက်ထက် ကနေစပြီး ယနေ့ခေတ် နအဖ လက်ထက်အထိ အခုလိုဆိုးရွားသထက်ဆိုးရွားမှုတွေဖြစ်နေရတာပါလဲ။

သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်…..
အင်္ဂလိပ်ကိုအာဏာဖီဆန်တဲ့ တို့ဗမာအစည်းအရုံးကြီး နှစ်ခြမ်းကွဲစဉ်မှာ သခင်ကိုယ်တော်မှိုင်း ဦးစီးသော သခင်ပေါက်စ ထောင်ခြောက်လဆိုရိုး အတိုင်း အာဏါဖီဆန်သော သခင်အုပ်စုတွင် သခင်အောင်ဆန်း ပါဝင်ခဲ့ပြီး။သခင်လျှောက်လွှာတစောင်ကို တမတ်ဖြင့်ရောင်းချသည့် ဘာမှအာဏါဖီဆန်မှု မလုပ်သည့် ထွန်းအုပ်ဘစိန် ဂိုဏ်းမှ တမတ်သခင်ဘွဲ့ကို သခင်ရူ့မောင် လို့ခေါ်တဲ့ နောင်တချိန်မှာ စစ်အာဏါရှင် ဗိုလ်နေ၀င်းကပါဝင်ခဲ့ပါတယ်။ ဗိုလ်နေ၀င်းဟာ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးပြီးကာလမှာ သက်ရှိထင်ရှားရှိမယ် ဆိုရင်ရင်မဆိုင်ဝံ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂျပန်ခေတ်အတွင်း ဧရာဝတီတိုင်းမှာ နိုင်ငံရေးတာဝန်ခံ အဖြစ်တာဝန်ယူရတဲ့ သခင်စိုးနှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ယူရတဲ့ဗိုလ်နေ၀င်းတို့ဟာ မုဒိမ်းကျင့်လူသတ်မှုကို ကျူးလွန်ခဲ့တယ်။ အဲသည့်အမှုကို ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးမှ စစ်ဆေးရန်ဆိုင်းငံ့ထားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက် စစ်ရာဇ၀တ်ကောင် ဗိုလ်နေဝင်းဟာ သူအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်တို့ချမှတ်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့လမ်းစဉ်တွေကို သွေဖယ်ခဲ့ပါတယ်။

ဒီလိုနဲ့ စစ်အာဏါရူးတွေရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်နေ၀င်းက မွေးဖွါးလိုက်သော ဘမျိုးဘိုးတူနအဖ စစ်အုပ်စုကလည်း ဗိုလ်နေ၀င်း နည်းတူ တိုင်းပြည်အပေါ်ကျေးဇူးတရားကြီးမားသော ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ပြည်သူများ၏ ကြည်ညိုလေးစားမှု အခန်းကဏ္ဍများကို မှေးမှိန်သွားအောင် မနာလိုစိတ်ကြီးမားစွာ အာဇာနည်နေ့ကိုစနစ်တကျ ဖျောက်ဖျက်နေပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်သွားတဲ့ လမ်းစဉ်တွေနဲ့ လုံးဝလုံးဝကြီးကိုဆန့်ကျင်နေတဲ့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ NLDပါတီကို အာဏာလွှဲမပေးခြင်း၊ ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် တကွပါတီခေါင်းဆောင်များ၊ ပြည်သူလူထုဘက်မှနေ၍ အမှန်တရားကို ထုတ်ဖေါ်ပြောကြားသော ရဟန်းရှင်လူကျောင်းသားများကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခြင်း
(ဒီပဲယင်းအရေးအခင်း)၊ မတရားဖမ်းဆီးထောင်ချနှိပ်စက်ခြင်း၊၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
(နာဂစ်ဥပဒေ)ကိုတဖက်သတ်ရေးဆွဲခြင်းတို့ကို ပြုလုပ်ရုံနဲ့အားမရသေးဘဲ ၂၀၁၀ ရွေးကောက်ပွဲကို
အတင်းအဓမ္မလုပ်ကြံဖန်တီးမှုများစွာနဲ့ တဖက်သတ်အနိုင်ရရှိရေး အတွက်ကြိုးပမ်းနေပါတယ်။

အခုဆိုရင် အာဇာနည်နေ့ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲ အလေးပြုခြင်းမပြုခဲ့တာ၊ ရေဒီယိုကနေ(သီချင်း)မကြားရတော့တာ၊ အာဇာနည်နေ့မှာ ချီတက်အလေးပြုခြင်းနှင့် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား မှန်သမျှကိုလုံးဝပြုလုပ်မပေးတော့တာ၊ မိမိတို့အစီစဉ်ဖြင့် ပြုလုပ်လျှင်လည်း ဖမ်းဆီးထောင်ချခြင်းတို့ကို နအဖစစ်အာဏာရှင်တွေကို တင်းတင်းကြပ်ကြပ်ပြုလုပ် နေခဲ့တာဟာဆိုရင် နှစ်ပေါင်း(၂၀)ကျော်ခဲ့ပါပြီ။

တကယ်တမ်းကြတော့ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တဲ့ တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုရော ၊အာဇာနည်နေ့ကိုပါ ကိုယ်ကျိုးရှာတကိုယ်ကောင်းသမား တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အဖွဲ့က နားမျှလေသံမှမကြားရဲလောက်အောင်ကြောက်ရွံ့နေတာပါ။ ဒါကြောင့်လည်း ယနေ့ခေတ်မျိုးဆက်သစ်လူငယ်များရဲ့ စိတ်နှလုံးသား၊ အသိတရားတွင် အာဇာနည်နေ့နှင့် အာဇာနည်စိတ်ဓါတ်အနှစ်သာရများ၊ အာဇာနည်တို့၏ ကျေးဇူးတရားများကို နားမလည်အောင်၊
မေ့ပျောက်ကုန်အောင် နအဖစစ်အစိုးရက ပြုလုပ်နေပါတယ်။ ဒါတွေကိုကျမတို့က လုံးဝလက်မခံ နိုင်ပါဘူး။

အဲသည်တော့ နောက်ဆုံးအနေနဲ့ ကျမတင်ပြချင်တာကတော့ ပြည်ထောင်စုဘွားတိုင်းရင်းသားများ အားလုံးပါဝင်ဖွဲ့စည်းထားတဲ့ ဖ၊ဆ၊ပ၊လ အဖွဲ့ကြီးရဲ့ (ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံကြီးမှာ) ဗိုလ်ချုပ်ပြောကြားသွားခဲ့တဲ့ ကျုပ်တို့လိုချင်တာကတော့ (Greatest Happiness of the Greatest Number) လူအများဆုံး အကောင်းဆုံးချမ်းသာ သုခရအောင် လူအများကကြိုးကိုင်တဲ့ ဒီမိုကရေစီမျိုးကိုသာဖြစ်တယ် ဆိုတဲ့မိန့်ခွန်းစကားအတိုင်း ကျမတို့ နိုင်ငံတော်ကြီးကို  အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်အောင်ဝိုင်းဝန်း ကြိုးပမ်းကြပါစို့လို့…တိုက်တွန်းနှိုးဆော်ရင်း
(၆၃)နှစ်မြောက် အာဇာနည်နေ့ကြီးကို ဂုဏ်ပြုလိုက်ရပါတယ်ရှင်။

ကိုးကားစာရင်း
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ
ဗမာ့တော်လှန်ရေး (ဗိုလ်ချုပ်အောင်ဆန်း)
ဗမာ့လွတ်လပ်ရေးပြဿနာ(ဗိုလ်ချုပ်အောင်ဆန်း)
အောင်သန်း၏အောင်ဆန်း (အောင်သန်း)
အလံနီ ရဲနီသက်ဝင်း (အဘဦးစိန်လှ)၏ ကိုယ်တွေ့ပြောကြားချက်များ (၁၉၉၂ အင်းစိန်ထောင်)
သခင်အုန်းမြင့်(ခေါ်) တိုးတက်ရေး အုန်းမြင့်(ခေါ်) အဘဦးအုန်းမြင့် ၏
ကိုယ်တွေ့ ပြောကြားချက်များ (၁၉၉၂ အင်းစိန်ထောင်)

အခုလိုဆုရရှိတဲ့အတွက် သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံး၊ ဂျပန်နိုင်ငံရှိ (Burma Democratic Action) BDAမှဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အဖက်ဖက်မှ ဝိုင်းဝန်းအားပေး ကူညီပေးခဲ့ကြသော အဖွဲ့သူအဖွဲ့သားအားလုံး၊ စာတမ်းဖတ်ပွဲဖြစ်မြောက်အောင် စီစဉ်ပေးသော JAC အမှတ်ပေးဒိုင်လူကြီးများနှင့် အချိန်ပေးပြီး လာရောက်နားထောင်ပေးခဲ့ကြသော ပရိတ်သတ်အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပါသည်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

2 comments:

  1. စာလာဖတ်ဖြစ်တယ် အစ်မတော်

    ReplyDelete
  2. မနန္ဒာရေ ကြိုးစားသွားပါ ဘေးကဟောင်တာက စစ်ခွေး ရှိသလို ခွေးကလေက၀ ဆိုတာလဲရှိပါတယ် သူက စစ်ခွေးထက်ပိုဆိုးတယ် စစ်ခွေးကမှ သူ့အလုပ်သူလုပ်တာလေ ခွေးကလေက၀ ဆိုတာက တွေ့ရာဟောင်နေရမှ ကျေနပ်နေတာ ( ခွေးဠီကာ မှာထပ်ထည့်ရအုန်းမယ် ခွေးကလေက၀ ဆိုတဲ့ ခွေးမျိုးသစ်) အေးဆေးပါ မနန္ဒာရေ ယုံကြည်ချက်နှင့် ကြိုးစားမှုကို လေးစားလျှက်

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....