Saturday, June 19, 2010

ဘာပြန်ပေးကြမှာလဲ


သူမသည်
ငိုက်မျည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။

သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။

သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခန္ဓာအနားပေးရင်း
အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။

သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။


သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။
သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။

သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။
သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။

သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။
သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊၊

သူမသည် လူထု၊ လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘ၀ကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။

                           
                           သီတာအောင်(ဂျပန်)

1 comment:

  1. မနေ့ကတောင် လမ်းပြကြယ်ပြက္ခဒိန် ယူဖတ်ရင်း မကြီးသီတာ ရဲ့ကဗျာ သေချာပြန်ဖတ်ဖြစ်လိုက်သေးတယ်
    ဖတ်ပြီး ဟူးးးးးး ကနဲဖြစ်သွားစေတယ်......
    လူထုထဲက လူတစ်ယောက်ပဲမို့
    ကိုယ်ဘာပြန်ပေးနိုင်ခဲ့လဲ?
    ပြန်တွေးရင်း ကိုယ့်ကိုယ် အားမရလေ
    ဒီကဗျာလေးက ရှင်းရှင်းလေးနဲ့ အသိတွေ အများကြီးပေးတယ်

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....