![]() |
သူမသည်
ငိုက်မျည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။
သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။
သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခန္ဓာအနားပေးရင်း
အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။
သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။
သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။
သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။
သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။
သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။
သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။
သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊၊
သူမသည် လူထု၊ လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘ၀ကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။
သီတာအောင်(ဂျပန်)
မနေ့ကတောင် လမ်းပြကြယ်ပြက္ခဒိန် ယူဖတ်ရင်း မကြီးသီတာ ရဲ့ကဗျာ သေချာပြန်ဖတ်ဖြစ်လိုက်သေးတယ်
ReplyDeleteဖတ်ပြီး ဟူးးးးးး ကနဲဖြစ်သွားစေတယ်......
လူထုထဲက လူတစ်ယောက်ပဲမို့
ကိုယ်ဘာပြန်ပေးနိုင်ခဲ့လဲ?
ပြန်တွေးရင်း ကိုယ့်ကိုယ် အားမရလေ
ဒီကဗျာလေးက ရှင်းရှင်းလေးနဲ့ အသိတွေ အများကြီးပေးတယ်