Monday, February 15, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ကင်တားနား တွေ့ဆုံ

မြန်မာနိုင်ငံသို့ယနေ့ရောက်ရှိလာသောကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာသောမတ်စ်ကင်တားနားသည် ၎င်း၏ပထမနေ့ခရီးစဉ်အဖြစ်ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများနှင့်ယနေ့ညနေပိုင်းတွင်(၁)နာရီကြာတွေ့ဆုံခဲ့ကြသည်။

အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက“အဓိကအချက်အနေနဲ့ကျနော်တို့တင်ပြခဲ့တာကတော့
အခုကျင့်သုံးနေတဲ့တရားစီရင်ရေးစနစ်မှာopencourt(အများကြားနားနိုင်တဲ့တရားစီရင်ရေး)မဖြစ်တဲ့အကြောင်းရယ်၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုအခြေအနေတွေရယ်၊နောက်တရားစီရင်ရေးလွတ်လပ်မှု၊မျှတမှုတွေဒီထက်ပိုရှိဖို့ လိုတယ်၊
ဒါမှသာတရားဥပဒေရဲ့ ခံစားခွင့်တွေရမယ်ဆိုပြီးတော့ ကျနော်တို့ ရှင်းပြခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ရန်ကုန်မြို့ မြရိပ်ညိုရွိုင်ရယ်ဟိုတယ်၌မစ္စတာကင်တားနားနှင့်ယနေ့ညနေ(၃)နာရီတွင်တွေ့ဆုံခဲ့သည့်ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာရှေ့နေကြီးဦးကြည်ဝင်း၊ဦးဉာဏ်ဝင်း၊ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့(၄)ဦး ဖြစ်သည်။

ဦးဉာဏ်ဝင်းက “မစ္စတာကင်တားနားကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့တောင်းဆိုထားတယ်။ခွင့်ပြုချက်ရရင် တွေ့မယ်လို့ ပြောပါတယ်” ဟု ဆက်လက်ပြောကြားသည်။
The New Era Journal :

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့်ပတ်သက်၍ တရားစီရင်ရာတွင် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေသည့် အကြောင်းကိုလည်း မစ္စတာ ကင်တာနားက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြသွားမည်ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

၎င်းက “မစ္စတာ ကင်တားနားက ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ဖြစ်တဲ့ ၁၉၇၄ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ဥပဒေဟာ တရားရုံးရဲ့ စီရင်မှု မပါဘဲနဲ့ ချုပ်နှောင်ထားခြင်း၊ ချုပ်နှောင်နိုင်တယ်ဆိုတဲ့ဟာက နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူး၊ ဆန့်ကျင်တယ်၊ ဒီကိစ္စတွေကို အစီရင်ခံစာထဲမှာ သူ ထည့်သွင်းဖော်ပြဖို့ ရည်ရွယ်ထားတယ်လို့ ပြောသွားပါတယ်” ဟု ပြောကြားသည်။

ကုလအထူးကိုယ်စားလှယ်သည် ယနေ့ နံနက် (၉) နာရီခန့်တွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ် (ရန်ကုန်) သို့ ဆိုက်ရောက်ခဲ့ပြီး နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ UNDP ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူအချို့တို့နှင့် သံတမန်တို့အား တွေ့ဆုံခဲ့သည်။

မစ္စတာ ကင်တားနားသည် နိုင်ငံတကာ စံညွှန်းနှင့် ဆန့်ကျင်နေသည့် ဥပဒေများကို ပြင်ဆင်ပေးရေး၊ စစ်တပ်အတွင်း လူ့အခွင့်အရေး အသိပညာပေး၍ ပြုပြင်ပြောင်းလဲသင့်သည်များကို လုပ်ဆောင်ရေး၊ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာရေး၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မျှတမှု ရှိရေး စသည့် အချက် (၄) ချက်ကို လုပ်ဆောင်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။

၂၀၁၀ ခုနှစ်အတွင်း ကျင်းပမည့် မြန်မာစစ်အစိုးရ၏ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ “ယခုနှစ်ဟာ မြန်မာပြည်သူတို့ အတွက် အရေးကြီးတဲ့နှစ် (၁) နှစ် ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မစ္စတာ ကင်တာနား၏ ခရီးစဉ်အတွင်း လာမည့်ကြာသပတေးနေ့တွင် အင်းစိန်ထောင်အတွင်းသို့ သွားရောက်နိုင်ရန်နှင့် တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် တွေ့ဆုံနိုင်ရန် စစ်အစိုးရအား တောင်းဆိုထားသည်။ ၎င်း၏ ခရီးစဉ် နောက်ဆုံးရက် သောကြာနေ့တွင် နေပြည်တော်သို့သွားရောက်ကာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအပါအဝင် ဝန်ကြီးအချို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရန်ကုန်အခြေစိုက် UNDP ရုံးမှ ဝန်ထမ်းတဦးက ပြောကြားသည်။

ယခုခရီးစဉ်သည် ကင်တားနားအနေဖြင့် လာမည့် မတ်လ ကုလသမဂ္ဂ အစည်းအဝေးတွင် အပြုသဘောဆောင်မည့် အချက်အလက်များ တင်ပြနိုင်ရေးအတွက် မြန်မာစစ်အစိုးရကလည်း လိုက်လျောမှုအချို့ လုပ်ဆောင်လာလိမ့်မည်ဟု နိုင်ငံရေး အကဲခတ်တို့က မျှော်လင့်နေကြသည်။

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....