Friday, January 22, 2010

ထိုင်းအရာရှိက မြန်မာလူမှုရေးအဖွဲ့များအား သတိပေး

(ချင်းမိုင်) မဇ္ဈိမ။ ။မြန်မာလူမှုအဖွဲ့အစည်းများကို စိစစ်အရေးယူသွားမည်ဟု ထိုင်းအရာရှိတဦးက သတိပေး ပြောကြားလိုက်သည်။
ယခုလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာ့ခ်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခုတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဆမာ့တ်လွိုင်ဖာ က လူမှုရေးဘန်းပြပြီး နိုင်ငံရေး လုပ်နေသည့် အဖွဲ့အစည်းများကို အရေးယူသွားမည်ဟု ပြောကြားသွားခဲ့သည်။


မြန်မာအတိုက်အခံအဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့် သတင်းစာရှင်းပွဲ၌ ခရိုင် အုပ်ချုပ်ရေးမှူးက ပညာရေး၊ ကျန်းမာရေးကိစ္စများ လုပ်ကိုင်နေသည့် အဖွဲ့များကိုမူ ဆက်လက် ခွင့်ပြုမည်ဟု အသိပေးခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး၏ ယခု သတိပေးမှု၏ နောက်ကွယ်တွင် မည်သည့်အခြေခံအကြောင်းများ ပါသည်ကို အတိအကျ မသိသော်လည်း မဲဆောက်ရှိ စက်ရုံများမှ အလုပ်သမားဆန္ဒပြမှုများ ယခင်ကထက် ပိုများလာခြင်းသည်လည်း အကြောင်းတခုဖြစ်နိုင်ကြောင်း မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ အတွင်းရေးမှူး ဦးမိုးဆွေက ပြောသည်။

ထို့အပြင် ထိုင်းစီးပွားရေးသမားများနှင့် မြန်မာစစ်အစိုးရတို့ကလည်း ဒီမိုကရေစီ လိုလားသော မြန်မာ အတိုက်အခံ နိုင်ငံရေးသမားများကို ထိုင်းနိုင်ငံတွင် လက်ခံထားသည်ဟု မကြာခဏ ထောက်ပြ ပြောဆိုလေ့ ရှိကြောင်းလည်း သူက ပြောသည်။

“အက်ရှင် Action က ပါလာနိုင်တယ်လေ။ နယ်စပ်ကော်မတီ အစည်းအဝေးတွေမှာ ကုန်သည်များ အသင်းတွေ၊ ဟိုဘက်ကမ်းကနေပြီးတော့ ဒီဘက်မှာရှိတဲ့အဖွဲ့အစည်းတွေကို ကြပ်တာမျိုးလည်း ရှိတယ်။ မြန်မာအစိုးရအနေနဲ့က ဒီဘက်မှာရှိတဲ့ လူမှုရေးအဖွဲ့အစည်း၊ ကျန်းမာရေး အဖွဲ့၊ သာရေးနာရေး၊ ပညာရေးပဲဖြစ်ဖြစ် အကုန်လုံးကို အတိုက်ခံ စာရင်းထဲ သွင်းတာကိုး” ဟု သူက မဇ္ဈိမကို ပြောသည်။

လူမှုရေးအရ ကူညီမှုများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ဝင်များ၊ အဖွဲ့ဝင်ဟောင်းများကလည်း မြန်မာနိုင်ငံသားများ၏ အရေးကို ကူညီရန် တာဝန်ရှိသည်ဟုခံယူ၍ ဆောင်ရွက်ပေးနေကြောင်း အဖွဲ့ဥက္ကဌ ကိုသံခဲက ပြောသည်။

“လူမှုရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ကျနော်တို့ ABSDF အဖွဲ့သူ အဖွဲ့သားတွေအတွက်ရော စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။ ကူညီနေတဲ့ အဖွဲ့အစည်းတွေကို ဒီလိုမျိုး နှောက်ယှက်တာပဲဖြစ်ဖြစ်၊ ဖိအားပေးတာပဲဖြစ်ဖြစ် ဒီလူမှုရေး လုပ်ငန်းတွေက ရပ်သွားမှာ မဟုတ်ဘူးလို့ပဲ ကျနော်ထင်တယ်ဗျ” ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်တွင် အလုပ်သမားရေး လုပ်ကိုင်သည်ဟု အမည်ခံထားသော အဖွဲ့ငယ်များ သိသိသာသာ များပြားလာကြောင်း ဒေသခံများက ပြောသည်။

မဲဆောက်မြို့သည် ရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်သမား အခွင့်အရေး လုပ်ငန်းများကို ဆောင်ရွက်နေသော အဖွဲ့အစည်းများ သာမက မြန်မာနိုင်ငံရေး အတိုက်အခံများ ခိုလှုံရာမြို့ ဖြစ်သည်။

မဲဆောက်မြို့ရှိ စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နေသော မြန်မာအလုပ်သမား အရေအတွက် သိန်းနှင့်ချီ၍ရှိပြီး ၄င်းတို့၏ အရေးကိစ္စများကို ကူညီဆောင်ရွက်နေသော အဖွဲ့အစည်း ၁၀၀ ကျော် ရှိသည်ဟု အလုပ်သမား အဖွဲ့များထံမှ သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....