Friday, January 22, 2010

ကလေးငယ်အား စစ်သားအဖြစ် စုဆောင်းခံရမှုကို မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းထား


ကျောင်းတက်နေသည့်ကလေးငယ်တဦးအားတပ်သားသစ်အဖြစ်စုဆောင်လိုက်သည့်အတွက်မိခင်ဖြစ်သူကလမ်းပြကြယ်အဖွဲ့သို့ တိုင်တန်းအကြောင်းကြားထားပြီးသားဖြစ်သူအားအမြန်ဆုံး ပြန်လိုချင်သည်ဟု ပြောသည်။
ယခုလ(၁၄)ရက်နေ့ကပဲခူးမြို့၊ ဇိုင်းဂနိုင်တောင်၊ပုလဲလမ်းနေ မောင်ဝေဦးချိုအားအထက(၃)တွင်ကျောင်းတက်နေစဉ် တပ်သားအဖြစ်စုဆောင်းလိုက်ခြင်းဖြစ်ကြောင်းမိခင်ဖြစ်သူ ဒေါ်နွယ်နွယ်က ပြောသည်။


“အဲဒီနေ့ မနက် (၉) နာရီခွဲလောက်က ပန်းလှိုင် စစ်သားစုဆောင်းရေးကို ခမရ (၂၁၂) တပ်က တပ်သားတယောက်နဲ့ လာတယ်၊ အရပ်တိုင်းပြီး ကျောင်းသားကဒ်ကိုကြည့်တော့ (၈) တန်းတုန်းက ကဒ်၊ မွေးသက္ကရာဇ်က ၉၄ ခုနှစ်နဲ့ဆိုတော့ ငယ်တယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီး ပြောတယ်၊ အဲဒါကို တပ်သားက သူတို့ (၂၁၂) တပ်ထဲမှာပဲ မွေးထားတော့မယ်ဆိုပြီး ပြန်ခေါ်သွားတယ်လို့ ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

မိခင်ဖြစ်သူက ဆက်လက်၍ ခမရ (၂၁၂) သို့ သွားရောက်စုံစမ်းရာ တပ်ကြပ်ကြီး သန်းအောင်က မောင်ဝေဦးချို မရှိကြောင်းနှင့် တခြားစုဆောင်းထားသည့် တပ်သားသစ်များကို ထုတ်ပြကြောင်း မိခင်ဖြစ်သူက ဆက်ပြောသည်။

ယင်းကဲ့သို့ ကလေးကိုမတွေ့ရှိသည့်အတွက် မိခင်ဖြစ်သူက ပဲခူး တပ်မ (၇၇) မှ ဂျီဝမ်းထံသို့ ကလေး၏ ကျောင်းထောက်ခံချက်၊ မှတ်ပုံတင်နှင့် အထောက်အထားများကို တင်ပြခဲ့ရာ တွေ့အောင်ရှာပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေါ်နွယ်နွယ်က ဆက်ပြောသည်။

“နောက်တနေ့ညကျတော့ ကျမတို့ လင်မယားနှစ်ယောက်ကို ခမရ (၂၁၂) က ဗိုလ်ကြီး ဌေးအောင်က ခေါ်တွေ့ပါတယ်၊ သူတို့က တာဝန်ယူပြီး ရှာပေးပါမယ်၊ ခဏစောင့်ပါလို့ ပြောပါတယ်၊ အဲဒါနဲ့ (၂၀) ရက်နေ့ညကျတော့ ကျမ သွားမေးပါတယ်၊ အဲဒါနဲ့ သူတို့က မနက်ဖြန်ကျရင် ဒညင်းကုန်းကို တပ်သားသစ်သွားအပို့မှာ အမတို့ အဲဒီကို လိုက်သွားပါ၊ အဲဒီမှာ ရှိမရှိကြည့်ပါ၊ ကျနော် ဖုန်းကြိုဆက်ထားပါတယ်လို့ ပြောတယ်” ဟု ပြောသည်။

ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်သို့ လိုက်သွားရာတွင် ဗိုလ်ကြီး ဦးကိုကိုကြီးက တပ်သားသစ် အိပ်ဆောင်များအထိ လိုက်လံပြသပြီး မောင်ဝေဦးချိုမရှိကြောင်း ပြောသည်ဟု မိခင်ဖြစ်သူက ဆက်ပြောသည်။

“ကျမ ဗိုလ်ကြီး ဦးကိုကိုကြီးနဲ့ တွေ့တော့ အဖြစ်အပျက်တွေကို အားလုံးကို တင်ပြပါတယ်၊ အဲတော့ သူက စုံစမ်းပေးပါမယ်ပြောတယ်၊ အဲဒီမှာ သူက ကျနော်တို့ တပ်သားခေါ်သွားတာ ဖြစ်တဲ့အတွက် ကျနော်တို့ တပ်ထဲမှာပဲ ရောက်နေမှာပါ၊ ဒါပေမဲ့ စာရင်းမသွင်းသေးတဲ့အတွက် ကျနော်တို့ မသိသေးတာ ဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ပေးပြောပါတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ စစ်သားစုဆောင်းရေးတပ်များကို တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် မိခင်ဖြစ်သူအနေဖြင့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့အား အကူညီတောင်းကာ ကလေးကို ပြန်ရှာဖွေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောသည်။

“အခုလို သားသမီးချင်း မစာနာဘဲ အခုလိုလုပ်တဲ့အတွက် ဦးအေးမြင့်ကိုလာပြီး အကူညီတောင်းရတာပါ၊ ကျမသားလေးဟာ စာလဲတော်ပါတယ်၊ ဒီလို ကျမသားလေးကို အညွှန့်ချိုးတာ ကျမ လုံးဝကို မခံစားနိုင်ပါဘူး၊ ကျမသားလေးကို ကျမလက်ထဲ ပြန်ထည့်ပေးပါလို့ အားလုံးကို အကူအညီတောင်း မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ကလေးစစ်သားအသုံးပြုခြင်း မရှိကြောင်း အကြိမ်ကြိမ်ပြောဆိုနေသော်လည်း ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရကြောင်း လမ်းပြကြယ် ဦးအေးမြင့်က ထောက်ပြပြောခဲ့သည်။

“ကျောင်းတက်နေတဲ့ ကလေး၊ ပန်းလှိုင် စစ်သားစုဆောင်းရေးစခန်းကို ရောက်တာ အရာရှိတွေက သိရဲသားနဲ့ အမေ အလိမ်ခံလိုက်ရတယ်၊ ကလေးကို ဟိုတပ်ပါသွားတယ်၊ ဒီတပ်ပါသွားတယ် ဆိုပြီးပြောတယ်၊ နအဖ အစိုးရ က အထက်ကတော့ ကလေးစစ်သားမရှိဘူးဆိုပြီး ငြင်းတယ်၊ အခု အိုင်အယ်လို အဖွဲ့ဒါရိုက်တာ လာတဲ့ အချိန်မှာ ကလေးက ပျောက်တယ်၊ အခုဟာက ပဲခူးမြို့ပေါ်က တကယ်နာမည်ကြီးကျောင်းက ကျောင်းတက်နေတဲ့ကလေး ကို စစ်သားတယောက်က အသက်မပြည့်သေးဘဲ ဆွဲသွားတာဟာ မိခင်အနေနဲ့ ဘယ်လောက်ခံစားရမလဲ ဆိုတာ အားလုံးသိစေချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မောင်ဝေဦးချို ကိစ္စနှင့်ပတ်သက်၍ ယနေ့ (ILO) ရုံးသို့ တင်ပြပြီး စနေနေ့တွင် (ILO)အဖွဲ့ အမှုဆောင်ဒါရိုက်တာနှင့် လမ်းပြကြယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ယင်းကိစ္စက ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးအေးမြင့်က ဆက်ပြောသည်။

သူက “၂၀၀၉ တနှစ်လုံးမှာ ကျနော်တို့ဆီရောက်လာတဲ့ ကလေးစစ်သား ၁၂၁ ယောက် ရှိတယ်၊ အခု ၂၀၁၀ မှာတော့ ပဲခူးမြို့ပေါ်မှာ မောင်ဝေဦးချိုကတော့ နံပတ် (၁) ဖြစ်တာပေါ့၊ အခုချိန်အထိကို သူတို့က ကလေးစစ်သား မရှိပါဘူးလို့ ငြင်းတာကို ကျနော်တို့က လက်တွေ့ပြနိုင်ပြီ၊ ဒီ ၂၀၁၀ မှာ၊ ဒီအကြောင်းကို ပူပူနွေးနွေး တင်ပြမယ်၊ ကလေးရဲ့ ဓါတ်ပုံ အထောက်အထားတွေနဲ့ ကျနော်တို့ တင်ပြမယ်” ဟု ပြောသည်။
Friday, 22 January 2010 14:17 ရိုးမ ၃

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....