Friday, January 22, 2010

နာလန်ဒါ တက္ကသိုလ် ဆန္ဒပြပွဲတွင် မြန်မာသံဃာများ ပါဝင်

ဆလိုင်းပီပီ ။ ။ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ နာလန်ဒါ တက္ကသိုလ်ကို ဗဟိုအစိုးရက တက္ကသိုလ် အဆင့်အဖြစ်မှ ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်သဖြင့် မြန်မာသံဃာတော်များ အပါအဝင် စာသင်သားရဟန်း ၈၀ ကျော် ဆန္ဒပြခဲ့သည်။
မြန်မာအပါအဝင် ဒေသတွင်းနှင့် အခြားတိုင်းပြည်များမှ သံဃာတော်များသည် Nava Nalanda Mahavihara တက္ကသိုလ်၏ ဒုတိယ အဓိပတိရုံးရှေ့တွင် စုဝေးပြီး တက္ကသိုလ်အဆင့်မှ လျှော့ချသည့်အပေါ် ယမန်နေ့က ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
''ကျုပ်တို့ရဲ့ အချိန်တွေ ငွေတွေ အလဟဿ ဖြစ်ကုန်တဲ့အတွက် တော်တော် ဒေါသထွက်နေကြတယ်။ ကျောင်းကို ဖျက်သိမ်းလိုက်တဲ့အတွက် ပထမ နှစ်ဝက်နဲ့ ဒုတိယ နှစ်ဝက်ပဲ တက်ရသေးတဲ့ သူတွေကတော့ ပိုဆိုးတာပေါ့'' ဟု နာလန်ဒါတွင် မဟာတန်းပြီးမြောက်ကာ ပါရဂူတန်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် စောင့်ဆိုင်းနေသော မြန်မာရဟန်းတော် အရှင်အိန္ဒြာစာရက မိန့်ဆိုသည်။


ဦးဇင်းက ဆက်ပြီး ''တက္ကသိုလ် အာဏာပိုင်တွေက ကျောင်းသားတွေရဲ့ ပညာရေးကို ဦးစားမပေးဘဲ ကျောင်းသားတွေကို လိမ်ပြောတဲ့အတွက် ကျုပ်တို့ အပြင်းအထန် ရှုတ်ချပါတယ်။ သူတို့က ကျောင်းသားတွေကို အသုံးချပြီး ဘဏ္ဍာငွေတိုးဖို့နဲ့ ငွေရှာဖို့ပဲ လုပ်နေတယ်'' ဟု မိန့်ဆိုသည်။
ဆန္ဒပြသူများက ဒုတိယ အဓိပတိသည် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးမထား၊ အာရုံမစိုက်ဟု စွပ်စွဲကာ ရာထူးမှ နုတ်ထွက်ရန် အပြင်းအထန် တောင်းဆိုခဲ့ကြသည်။
''တချို့ကဆို ကားတွေနဲ့ ကျောင်းကို မီးရှို့ဖို့တောင် လုပ်ကြတယ်'' ဟု ဦးအိန္ဒြာစာရက မိန့်သည်။
အိန္ဒိယ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက နာလန်ဒါ အပါအဝင် အိန္ဒိယတလွှားရှိ တက္ကသိုလ်ပေါင်း ၄၄ ခုကို အခြေခံ အဆောက်အဦးနှင့် ကျွမ်းကျင်မှု နည်းပါးသဖြင့် ၎င်းတို့၏ အဆင့်အတန်းကို အသိအမှတ်မပြုရန် တရားရုံးချုပ်သို့ ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။
''ကျုပ်တို့ရဲ့ တက္ကသိုလ်က ပါမောက္ခ္ခတွေ အလုံအလောက် ပံ့ပိုးမပေးနိုင်ဘူးလို့ ကျုပ်တို့ကို ပြောတယ်။ ပြီးတော့ နောက်တကြောင်းက ကျောင်းသားဦးရေလည်း လျော့နည်းသွားတာကြောင့်လို့ ပြောတယ်'' ဟု အရှင်အိန္ဒြာစာရက ဆိုသည်။
၎င်းတက္ကသိုလ်တွင် ကျောင်းဦးရေ ၆၀၀ နီးပါးရှိပြီး မြန်မာနိုင်ငံမှ ရဟန်းတော် ၉၇ ပါး ပညာ သင်ယူနေကြသည်။
တက္ကသိုလ် ဒုတိယ အဓိပတိရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းကြည့်ရာ ဝန်ထမ်းတဦးက တက္က္ကသိုလ်ကို ပိတ်ထားကြောင်းသာ ဖြေကြားခဲ့သည်။
နာလန်ဒါ တက္ကသိုလ်သည် ဗုဒ္ဓဘာသာ တရားတော်များနှင့် ပါဋ္ဌိဘာသာရပ်တို့ လေ့လာသင်ယူရာ၌ နာမည်ကြီး ကျောင်းတကျောင်းဖြစ်ကာ၊ ယခုအခါ လူသားရင်းမြစ်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိပြီး ၂၀၀၆ ခုနှစ်တွင် အစိုးရက တက္ကသိုလ်အဆင့်အဖြစ် ပေးအပ်ခဲ့သည်။
အိန္ဒိယနိုင်ငံ လူသားရင်းမြစ် ဖွံ့ဖြိုးရေးဝန်ကြီး Kapil Sibal က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် တက္ကသိုလ်ကျောင်း ၄၄ ကျောင်းကို အဆင့်လျှော့ချသော်လည်း ထိုကျောင်းများတွင် ပညာသင်နေသော ကျောင်းသားများအနေဖြင့် ဆက်လက်၍ ပညာသင်ကြားရေးကို ထိခိုက်စေမည် မဟုတ်ကြောင်း အာမခံ ခဲ့သည်။
''ကျောင်းသားတယောက်မှ ဆိုးဆိုးရွားရွား ထိခိုက်မှာ မဟုတ်ဘူး။ ဒီတက္ကသိုလ်တွေက ကျောင်းသားတွေ အတွက် တက္ကသိုလ်ဘွဲ့တခုတော့ ရမှာဖြစ်တယ်'' ဟု ဝန်ကြီးက ပြောကြောင်း India Daily Express တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် တက္ကသိုလ်အဆင့် သတ်မှတ်ခံရသော ကျောင်းပေါင်း ၁၂၈ ကျောင်း ရှိသည်။
နယူးဒေလီ (မဇ္ဈိမ)
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....