Tuesday, November 6, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တပြည်အတွက် အုတ်မြစ်ချ စကားများ။



အကယ်၍ ကျွန်ုပ်သာ အောက်ပါ စကားကို ရေးရင် ပြောရင် ကျွန်ုပ်ကို နောက်ထပ်တကြိမ် ဝိုင်းဆဲကောင်းဆဲကြပါလိမ့်ဦးမယ်။ ဒီစကားနဲ့ အဓိပ္ပါယ်တူတာမျိုးတွေကိုလည်း တခြားသာမန် မြန်မာနိုင်ငံသားတချို့ရေးတာပြောတာကို တွေ့ခဲ့ဖူးပါတယ်။ ပြောမတိုးခဲ့ပါဘူး။ လူမျိုးရေး ဘာသာရေး မသင့်မမြတ်ဖြစ်ကတည်းက ကိုယ်အယူအဆ၊  ကိုယ့်ယုံကြည်ချက်ကို  မြန်မာနိုင်ငံသားတဦးပီပီ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်နဲ့ ရေးသားခဲ့ဖူးတယ်။

ထင်တဲ့အတိုင်းပဲ ကျွန်ုပ်ကိုယ်ရေးကိုယ်တာတွေကိုပါ စွဲဖက်ပြီး အဆဲခံရ၊ အထင်အမြင်အလွဲခံရတယ်။ ဒါပေမယ့် ကျွန်ုပ်ကတော့ ကိုယ့်ယုံကြည်မှုကို သစ္စာဖေါက်ပြီး အများအကြိုက် လိုက်မပြောတတ်တာကြောင့် အခုချိန်ထိလည်း အတိုက်အခံတွေကတော့ များနေဆဲပါပဲ။

ပညာရှိစကားဆိုတိုင်း မကိုးကွယ်တတ်ပေမယ့် ဒီတခါ ပြောတဲ့ ပညာရှိစကားကိုတော့ အပြည့်အဝ ထောက်ခံပါတယ်။ တကယ်ကိုလည်း အဲသည့် ပြောင်းလဲမှုကို မြန်မာပြည်မှာ အမြန်ဆုံးကို ဖြစ်စေချင်လှပါပြီ။

လက်ရှိအစိုးရက ရုပ်ဝတ္ထုပစ္စည်းတွေကို ဘယ်လောက်ပဲ ခေတ်မီတိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေဆီက မှာယူတင်သွင်းပြီး ပြည်သူကို သုံးစွဲစေကာမူ တကယ်တမ်း အမှန်ကန်ဆုံးနဲ့ အမြန်ဆုံးနဲ့ အလိုအပ်ဆုံး ပြောင်းလဲရမှာက စိတ်ဓါတ်နဲ့ အမူအကျင့် အချို့ကိုပါ။

စစ်အစိုးရက ပုံစံအမျိုးမျိုး နာမည်အမျိုးမျိုးနဲ့ အုပ်ချုပ်လာတဲ့ အနှစ်(၅၀)အတွင်း ဖိနှိပ်ပုံသွင်းမှုအမျိုးမျိုးနဲ့ brain washအလုပ်ခံထားရသလို ဖြစ်နေကြတဲ့ ကျွန်ုပ်အပါအဝင် မြန်မာပြည်သူတွေရဲ့ တချို့သော တလွဲဆံပင်ကောင်းစိတ်ဓါတ်တို့ကို အခုချိန်မှာ လက်ခံပြီး ပြုပြင်လိုက်ပြီး နဂိုရှိရင်းစွဲ မြန်မာဆိုတဲ့ ကြီးမားတဲ့ ယဉ်ကျေးမှု၊ သနားကြင်နာတတ်ခြင်း၊ နူးညံသိမ်မွေ့ခြင်း၊ ရင်းနှီးဖေါ်ရွေခြင်း၊နွေးထွေးပြုငှာခြင်းတို့တွေနဲ့သာ ပေါင်းလိုက်မယ်ဆိုရင် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီးဟာ အချိန်တိုအတွင်းမှာ တကယ့်ကို ကမ္ဘာအလယ်မှာ ကောင်းသောထင်ရှားခြင်းမျိုးနဲ့ ထင်ရှားလာမှာဖြစ်တယ်လို့ ကျွန်ုပ်ယုံကြည်ယူဆမိပါတယ်။

စဉ်းစားတွေးခေါ်တတ်တဲ့ အမူအကျင့်ကို မလုပ်ဘဲ သူတပါးပြောတိုင်း လိုက်လုပ်နေမယ်ဆိုရင် ကိုယ့်ဦးနှောက်က တဖြည်းဖြည်းနဲ့ သူတပါးဦးနှောက်ဖြစ်သွားပါလိမ့်မယ်။

တနည်းပြောရသော် ကိုယ့်ဦးနှောက်ထဲမှာ ကိုယ့်အတွေးမရှိဘဲ သူတပါး ထည့်အမျှခံနေတဲ့ ဦးနှောက်ဗလာကြီး ဖြစ်သွားပါလိမ့်မယ်။

ဦးနှောက်ကို သူတပါး ဆေးကြောတာ မခံပါနဲ့။ မလိုအပ်တာတွေကို ကိုယ်ကိုယ်တိုင် ဆေးကြောပြီး ကိုယ်ကိုယ်တိုင် စဉ်းစားတွေးခေါ် ချင့်ချိန်တတ်တဲ့ ကိုယ်ပိုင်ဦးနှောက်ပိုင်ရှင်အဖြစ်ပဲ ရှိစေချင်ပါတယ်။

အောက်ပါစကားများကို ကျွန်ုပ်အပြည့်အဝ ထောက်ခံပါ၏။

(၁)ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။

(၂) နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်။သိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။

(၃)အဲဒီလို မသင်တာဟာ မိဘတွေကလည်း မသင်တာပါတယ်။ ဆရာ၊ ဆရာမတွေကလည်း မသင်တာပါတယ်။

(၄)အဲဒီတော့ ကျမတို့ကတော့ ဒါကျောင်းသင်ရိုးညွှန်းတမ်းတွေမှာကို ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ်မတူတဲ့သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းပဲ မြင်ပါတယ်။

(၅) နောက်ပြီးတော့လည်း ဥပဒေအရလည်း ခွဲခြားဆက်ဆံမှုတွေကို တားမြစ်တာလည်း ရှိရမယ်။

(၆) ဒါပေမယ့် ဥပဒေကြီးနဲ့ပဲ မပြီးဘူး။

(၇) စိတ်ကို ပြောင်းယူရမှာ။

ကျမ ခဏ၊ ခဏပြောတယ်၊

(၈)ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေး။ နောက်ဆုံးကျတော့ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေး မဟုတ်ပါဘူး။

(၉ )အစိုးရစနစ်တစ်ခုပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကို မပြောင်းလို့ရှိရင် ဘယ်မှ ကျမတို့ ရောက်မှာ မဟုတ်ဘူး။

(၁၀) စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ။
(ဒေါ်အောင်ဆန်းစုကြည်)

ကျေးဇူး ကျေးဇူး ကျေးဇူး မြောက်များစွာ တင်ပါသည် ဒေါ်အောင်ဆန်းစုကြည်။

မှတ်ချက်။ ။ တိုင်းပြည်တပြည် ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ အုတ်မြစ်ချစကားတွေဖြစ်လို့ တချက်ခြင်း နံပါတ်စဉ်ခွဲလိုက်ပြီး စာလုံးပေါင်းမှားနေသည်များကို ပြုပြင်လိုက်တာကလွဲလို့ ဒေါ်စုပြောတဲ့ မူရင်းစကားများအတိုင်းသာ ပြန်လည်ဖေါ်ပြထားခြင်းဖြစ်ပါသည်။

အေးနန္ဒာအောင်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....