Monday, October 15, 2012

ပြည်သူကို တကယ်စေတနာမှန်ရင်..........

စေတနာစကားဆိုပါရစေ…
နိင်ငံတနိင်ငံကို အုပ်ချုပ်တဲ့ အစိုးရ လုပ်နေပြီး သာမန်ပြည်သူလောက်မှ အတွေးအမြင် မထက်သန်ရင် နိင်ငံတကာအလယ်မှာ ကိုယ့်နိင်ငံနဲ့ အစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေသလို အဆိုးရွားဆုံးအနေနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်။ ပြည်သူပြည်သားတွေ နစ်နာဆုံးရှုံးမှုနဲ့ ကြုံရစေပါတယ်။ ပြည်သူဆိုတာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး အေးချမ်းစွာ နေထိုင်ရှင်သန်ချင်ကြတဲ့သူတွေချည်းပါပဲ။ ထစ်ခနဲရှိ နေပူပူ မိုးရွာရွာ လ
မ်းမထွက်ပြီး ဆန္ဒထုတ်ဖော် နေရတာဟာ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေပါ။ အချိန်ကုန် လူပန်းစေပါတယ်။ ပြည်သူတွေ ဆန္ဒထုတ်ဖော်မှ “ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း” ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်နေရတာဟာ အုပ်ချုပ်သူတွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် နဲ့ သုံးသပ်ချက် မရှိတာ ပေါ်လွင်လွန်းတယ်။ ပြည်သူပြောမှ သိရမယ် ကြားရမယ်ဆိုရင်တော့ အဲဒီပြည်သူကိုပဲ အစိုးရခန့်သင့်ပါတယ်။ ဒါမှမဟုတ် သိသိချည်းနဲ့ လုပ်တာဆိုရင်တော့ အမှတ် လိုချင်တဲ့ အကွက်ကလွဲပြီး တခြားမရှိနိင်ဘူးဆိုတာလည်း ပြည်သူတွေက သဘောပေါက်မှာပါ။ ပြည်သူတွေဝိုင်းအော်မှ ပြည်သူ့သဘောအတိုင်းခွင့်ပြုမည် မဟုတ်ကြောင်းဆိုတဲ့ လုပ်ကွက်နဲ့ နာမည်ကောင်း အမှတ်ယူ မယ်ဆိုရင်လည်း အဲဒီအမှတ်က ၂၀၁၅ ရွေးကောက်ပွဲ အထိ မခံဘူးဆိုတာတော့ သိထားဖို့ လိုပါလိမ့်မယ်။ ပြည်သူတွေ အဲဒီလောက် မနုံပါဘူး။ မ အပါဘူး။ မလိုအပ်ဘဲ ပြည်သူပြည်သားတွေရဲ့ အားအင်တွေ မကုန်ခမ်းပါရစေနဲ့။ စိတ်ညစ်နွမ်းမဆင်းရဲပါရစေနဲ့။ အစိုးရအဖွဲ့ဝင်တွေ အဲကွန်းခန်းထဲ ထိုင်နေသလို ပြည်သူတွေ မထိုင်နေရရင်တောင် ကိုယ့်အိမ်ရိပ်မှာကိုယ် စိတ်ချမ်းသာစွာနဲ့ နေကြပါရစေ။ လမ်းပေါ်မထွက်ပါရစေနဲ့။ ရှေ့လျှောက် စီမံကိန်းတွေမှန်သမျှ ပြည်သူတွေကို မထိခိုက်ပါရစေနဲ့။ နိင်ငံကို အုပ်ချုပ်တဲ့ အစိုးရပီပီ မှန်ကန်စွာ သုံးသပ် ဆုံးဖြတ် နိင်ကြပါစေ...။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....