Saturday, August 4, 2012

ငါးမူးစေ့

မနေ့က အိမ်ကို ဂျပန် ပြည်တွင်း ချောထုတ်ပို့ဆောင်ရေးလုပ်ငန်းက ကျွန်ုပ်မှာထားတဲ့ ချောထုတ်တထုတ် လာပို့တယ်။ တဖက်က ပို့လိုက်တဲ့ ချောထုတ်ရဲ့ ပို့ခကိုတော့ ကျွန်ုပ်က ပေးပါ့မယ်ဆိုတဲ့ စနစ်နဲ့ ဂျပန်ပြည်တွင်းက မိတ်ဆွေတယောက်က ကျွန်ုပ်မှာလိုက်တဲ့ ပစ္စည်းကို ပို့ပေးလိုက်တာပါ။

ဂျပန်မှာ အဲဒီလို ပုဂ္ဂိလက door to door  ချောထုတ်ပို့ပေးတဲ့ စနစ်ရှိတယ်။ ပစ္စည်းပို့လိုက်တဲ့သူနဲ့ ပစ္စည်းမှာတဲ့ ၂ဦးက အချိန်ကိုညှိပြီး ချောထုတ်ပို့တဲ့ ဘောင်ချာမှာ ကိုယ့်ကိုလာပို့စေချင်တဲ့ အချိန်ပိုင်းကို တခါတည်း ဖြည့်ပေးလို့ရတယ်။
ကိုယ်ရေးလိုက်တဲ့ အချိန်ပိုင်းအတောအတွင်းမှာ ကိုယ့်ဆီကို ချောထုတ်က အတိအကျရောက်လာတယ်။

အဲဒီလို အတိအကျ လုပ်ထားတဲ့အပြင် အဲသည့် ကုမ္မဏီက ဝန်ထမ်းတွေက အိမ်တအိမ်ကို ချောထုတ်လာပို့တော့မယ်ဆိုရင် အိမ်အောက်လောက်အရောက်မှာ ကျိန်းသေအောင် ဖုန်းထပ်ဆက်တယ်။ " ဒီအိမ်က ဘယ်သူဘယ်သူက ချောထုတ်မှာထားပါတယ်။ ပို့ခဘယ်လောက်ကျပါတယ်။ ကျနော်လာပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အခုကစပြီးလာရင် ရပါမလား "  စသဖြင့် မေးပါတယ်။

တကယ်တော့ မေးတာချည်း သက်သက်မဟုတ်ဘဲ...
ဘယ်လောက်ကျတယ်၊ ပိုက်ဆံထုတ်ထားပါဆိုတဲ့ သဘောလည်း ပါတာပေါ့လေ။ ဂျပန်မှာ အချိန်က အင်မတန် တန်ဖိုးရှိပါတယ်။ အဲသည့် ချောထုတ်၊ ချောစာပို့တဲ့ ဝန်ထမ်းတွေဆို တအိမ်ကို အကြာဆုံး တမိနစ်ကနေ စက္ကန့်(၂၀)လောက်ပဲ သုံးလေ့ရှိတယ်။ ပစ္စည်းလာပို့မှ ခဏစောင့်ပါဦး ပိုက်ဆံထုတ်လိုက်ဦးမယ် ဆိုတာမျိုး လုပ်လေ့မရှိပါဘူး။ အဲသည်လို လုပ်နေပြီဆို အဲ့ဒါ ဂျပန်ထုံးစံမဝသေးတဲ့ နိုင်ငံခြားသားပဲ။

အဲဒါနဲ့ပဲ ထုံးစံအတိုင်း ကျွန်ုပ်ဆီကို ပစ္စည်းလာပို့ဖို့ကို ဖုန်းဆက်လာပါတယ်။ ပို့ခ ဂျပန်ယန်း ၁၀၅၀ ကျတယ်ပြောပါတယ်။ ကျွန်ုပ်လည်း သူတို့အကြောင်း သိနေတော့ အမြန်အမြန်ပဲ လက်မှတ်ထိုးယူဖို့ ဘောပင် (သူတို့မှာလည်း ပါပါတယ်)၊ နဲ့ ပိုက်ဆံ ၁၀၅၀ ကို ပြင်ဆင်ဖို့ လုပ်တော့ ထောင်တန်က ရှိနေပေမယ့် (၅၀) ယန်းစေ့က မရှိဘူးဖြစ်နေတယ်။ ကျွန်ုပ်တို့ ဂျပန်က ဗမာတွေ အခေါ်ဆို ငါးမူးစေ့ ပေါ့လေ။ အဲဒီ့ ငါးမူးစေ့က မရှိဘဲ (၁၀၀)စေ့ပဲ ရှိတာနဲ့ အားနာနာနဲ့ပဲ ထောင်တန်တရွက်နဲ့ တစ်ရာစေ့တစေ့ကို အဆင်သင့်ပြင်ပြီး စောင့်နေလိုက်ပါတယ်။

ဖုန်းချပြီး စက္ကန့်ပိုင်းအတွင်း ချောထုတ်ပို့ ဝန်ထမ်းရောက်လာပါတယ်။ ကျွန်ုပ်လည်း ချောထုတ်ကို လက်မှတ်ထိုးယူပြီး အားနာနာနဲ့ပဲ အတိအကျပိုက်ဆံ ထုတ်မထားနိုင်ကြောင်းပြောပြီး ထောင့်တရာပေးတော့ သူက " ငါလည်း ဒီနေ့မှ ဘယ်လိုဖြစ်တယ်မသိဘူး၊ ငါးမူးစေ့တွေ အတော်ထွက်တယ်။ ဒီတစေ့ကတော့ ဘဏ်ကို ပြန်အပ်မယ်ဆိုပြီး ဖယ်ထားတာ နဲနဲတော့ တွန့်လိမ်ပြီး အနားက စုတ်နေပြီလို့"  ပြောပြောပြပြနဲ့ ကျွန်ုပ်ကို အဲသည့်ငါးမူးစေ့ကို ပြပါတယ်။ ကျွန်ုပ်လည်း ရပါတယ်ဆိုပြီး ယူထားလိုက်မိတယ်။

ဒီလိုနဲ့ ညနေပိုင်းရောက်တော့ အလုပ်အသွားမှာ ခင်ပွန်းသည်အတွက် ၈၈၈၈နေ့မှာ ဝတ်ဖို့ ကချင်ပုဆိုးကို စာတိုက်ဝင်ပြီး သွားပို့ပါတယ်။ ပို့ခက ယန်း(၁၂၀၀) ကျပါတယ်။ ကျွန်ုပ်လည်း ပိုက်ဆံအိတ်ထဲကနေ ထောင်တန်တရွက်နဲ့ (၁၀၀)စေ့ နှစ်စေ့ကို ကောင်တာပေါ်တင်ပေးလိုက်တယ်။ နောက်တော့မှ ငါးမူးစေ့ အစုတ်လေးကို သတိရတာနဲ့ တစ်ရာစေ့ တစေ့ကို ချက်ခြင်း ပြန်ကောက်ယူပြီး တစ်ရာအစား ဆယ်ပြားစေ့ (၅)စေ့နဲ့ ငါးမူးစေ့ အစုတ်လေးကို ပေးလိုက်ပါတယ်။ ကောင်တာက စာတိုက်ဝန်ထမ်းက ဘာမှ မပြောပါဘူး။

လုပ်နေကျအတိုင်းပဲ ပစ္စည်းပို့မယ့် တိုင်းပြည်ရယ်၊ ပစ္စည်း အလေးချိန်နဲ့ အမျိုးအစားရယ်ကို နှိပ်လိုက်ရင် တဖက်က စက်ထဲမှာ ပို့ခတွက်ပြီးသားပေါ်လာပြီး စက်ထဲကို ပိုက်ဆံထည့်လိုက်မှ ဘောင်ချာထွက်တဲ့ အဲသည့်စက်ထဲကို ကျွန်ုပ်ပေးသမျှ ပိုက်ဆံတွေ ကောက်ယူပြီး ထည့်လိုက်ပါတော့တယ်။

ဒီတော့ ငါးမူးစေ့အစုတ်လေးကို စက်က ပိုက်ဆံရယ်လို့ မဖတ်ပါဘူး။ စက်က ငါးမူးစေ့ကို ပြန်ထုတ်ပေးပြီး ငါးမူးလိုနေတယ်လို့ပဲ ပြနေပါတယ်။ စာတိုက်ဝန်ထမ်းကလည်း ၃ကြိမ် ၃ခါတိတိ ထပ်ခါထပ်ခါ ထည့်ပါတယ်။ စက်ကလည်း ပြန်ပြန်ထွက်ကျလာပါတယ်။လိုအပ်တဲ့အချိန်ထက် ၂မိနစ်လောက် ပိုကြာလာတော့ နောက်က စောင့်နေသူတွေကိုရော ဝန်ထမ်းကိုရော ကျွန်ုပ်အားနာလာတယ်။

ဒီအချိန်မှာ နောက်လှည့်မကြည့်ပေမယ့် " စက်နဲ့ဖြတ်မယ်ဆိုတာကို သိရက်သားနဲ့ ပိုက်ဆံအစုတ်ပေးရလား၊ ဘယ်လိုလူလဲ။ ကိုယ့်ကြောင့် တခြားလူတွေ အချိန်တွေ ဖင့်ကုန်တာ အားမနာဘူးလား။ တကယ့်ကို တကိုယ်ကောင်းပါပဲ၊ ဧကန်ဒ နိုင်ငံခြားသားထင်တယ်" …စသဖြင့်ကို ပါးစပ်က ထုတ်မပြောပေမယ့်လည်း ပြောနေသယောင် မျက်လုံးတွေနဲ့ ကျွန်ုပ်ကို နောက်ကနေ ကြည့်နေမယ်ဆိုတာကို အတတ်သိနေလိုက်ပါပြီ။ အဲသည့်အချိန်မှာ ကျွန်ုပ်စိတ်ထဲမှာ စောစောက မလိုချင်လို့ ပေးလိုက်တဲ့ ငါးမူးစေ့လေးကို ပြန်လိုချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတယ်။

ကျွန်ုပ်လည်း မနေနိုင်တော့ဘဲ စာတိုက်ဝန်ထမ်းကို  မရရင်လည်း ပိုက်ဆံ ငါပြန်လဲပေးမယ်လေ လို့ ပြောတော့ ဝန်ထမ်းက အခုလို တလုံးချင်း ပြောပါတယ်။
" ကိစ္စမရှိပါဘူး။ စက်ကနားမလည်ပေမယ့် ငါက နားလည်တယ်လေ၊ ဒီငါးမူးစေ့က စုတ်နေပေမယ့်  ဒါဂျပန်ကထုတ်တဲ့ ပိုက်ဆံလေ။ ငါတို့ တိုင်းပြည်က ထုတ်တဲ့ ပိုက်ဆံကို ငါတို့အသိအမှတ် ပြုရမယ်လေ။ နောက်ပြီး နင့်ကို ပြန်ပေးလိုက်ရင် တခြားတနေရာမှာလည်း အခုလိုပဲ နင်ရောတခြားသူတွေရော ကသိလင့်တ ဖြစ်နေဦးမယ်လေ။ ကိစ္စမရှိပါဘူး။ ငါက ဂျပန်လူမျိုးဆိုတော့ စက်ကမသိပေမယ့် ငါကသိတယ်။ ငါပဲ လဲယူထားလိုက်ပါ့မယ်ဆိုပြီး ပြောပြောဆိုဆိုနဲ့ သူ့ပိုက်ဆံအိတ်ထဲက ငါးမူးစေ့အကောင်းတစေ့ကို စက်ထဲထည့်ပြီး ထွက်လာတဲ့ ဘောင်ချာကို ကျွန်ုပ်ကို ပေးပြီး နောက်တယောက် ရပါပြီခင်ဗျားလို့ အော်လိုက်ပါတော့တယ်။

ကောင်တာက လှည့်အထွက်မှာတော့ ထင်တဲ့အတိုင်းပဲ ကျွန်ုပ်နောက်မှာ တန်းစီနေတဲ့ စောစောက ကျွန်ုပ်တွေးထင်ထားတဲ့ မျက်လုံးတွေကို မြင်လိုက်ရပါတယ်။ ငါးမူးစေ့ အစုတ်ကလေးက ပေးလိုက်တဲ့ သင်ခန်းစာကြောင့် ကျွန်ုပ်အတော်လေးကို ရှက်မိပါတယ်။ မကောင်းတဲ့ ပစ္စည်းတခုကို ကိုယ့်လက်လွတ်ရင် ပြီးရော တခြားသူတွေအတွက် ထည့်မတွေးတတ်တဲ့ အကျင့်ဟာ အတော်ဟာ တကိုယ်ကောင်းဆန်ပြီး အဆင့်အတန်းမရှိပါလားဆိုတာကို ကိုယ်တိုင်ခံစားသိရှိလိုက်ရတယ်။

ကျွန်ုပ်တို့ မြန်မာပြည်မှာတုန်းကဆိုရင်တော့ ပိုက်ဆံအစုတ်ရလာရင် ရလာစဉ်တုန်းကလည်း မလိုချင်တဲ့အကြောင်း ငြင်းဆန်မိသလို၊ ရလာပြန်ရင်လည်း ကိုယ့်လက်ကလွတ်ပြီးရောဆိုပြီး အကောင်းတွေကြားမှာ အစုတ်တွေ ညှပ်ပေးတာတို့၊ ဒါပဲရှိတယ်ဆိုပြီး ဗြောင်ပေးတာတို့၊ မသိချင်ယောင်ဆောင်ပေးလိုက်ပြီး တဖက်က ပြန်ပြောမှ " သြော်..ဟုတ်လား၊ အင်း အင်း ပြန်လဲပေးမယ်။ ကိုယ်ကလည်း အားနာတတ်တာတော့ အခုလိုပဲ အစုတ်တွေပဲ ကိုယ့်ဆီမှာစုနေတော့တာပဲ" ဘာညာဆိုပြီး ကိုယ်ကပဲ စိတ်ကောင်းတွေ သိပ်ရှိနေသလိုလိုမျိုးလည်း လုပ်တတ်ကြပါတယ်။

အဲလိုမှ မလုပ်ဘဲ ဘဏ်မှာသွားလဲရင်လည်း တနေကုန်အချိန်ကြာတတ်သလို၊ အစိုးရဌာနတွေမှာ လည်း ဝန်ထမ်းတွေက ကြည်ဖြူစွာ လက်ခံယူလေ့မရှိပါဘူး။
ကျိန်းသေတာတခုက ပိုက်ဆံအစုတ်ရလာရင်  မြန်မာနိုင်ငံသား အယောက်တစ်ရာမှာ တစ်ရာ နီးပါးက စောစောက ဂျပန်တွေးသလို ငါတို့နိုင်ငံကထုတ်တဲ့ ပိုက်ဆံမို့  အသိအမှတ်ပြုရမယ်လို့ တွေးမိမှာ မဟုတ်ဘူး ထင်ပါတယ်။

နောက်တခုက စာတိုက်ဝန်ထမ်းက " နင့်ဆီမှာရှိနေရင် နောက်တနေရာမှာလည်း နင်ဒီလို လုပ်ဦးမှာပဲ" လို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားဟာ အတော်ကလေး ထိပါတယ်။ "နင့်အကျင့်ဟာ ဒီလိုမျိုးပဲ" လို့ ပြောလိုက်သလိုပါပဲ။ ဒါနဲ့ အလုပ်ရောက်တော့ အလုပ်ထဲက ဂျပန်ကို ဖြစ်ကြောင်း ကုန်စင်ပြောပြီး ငါ့နေရာမှာဆို နင်ဘာလုပ်မလဲလို့ မေးတော့ သူက " အဲသည့်ငါးမူးစေ့ကို သပ်သပ်ဖယ်ထားပြီး ဘဏ်ရောက်တော့မှ လဲလိုက်တာပေါ့။ ဒါဆို ဘယ်သူမှ မထိခိုက်တော့ဘူးလေ" တဲ့။

ကျွန်ုပ်လည်း လေပူတချက်မှုတ်ထုတ်ရင်း " အင်း...ငါ အများကြီး လိုပါသေးလား" လို့ တကိုယ်တည်း တွေးမိလိုက်ပါတော့တယ်။

နန္ဒာ (ဂျပန်)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....