Monday, April 23, 2012

ယာဉ်နောက်လိုက်နှင့် အဖော်ဖြစ်သူတို့အား ခါးပိုက်နှိုက်လူတစ်စုက ဓားဖြင့်ထိုးမှုဖြစ်စဉ်

Sunday, 22 April 2012 11:25 



ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ်တွင် မထသ ယာဉ်လိုင်းတစ်ခုဖြစ်သည့် ၁၉၉ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်နှင့် အဖော်ဖြစ်သူတို့အား ခါးပိုက်နှိုက်တစ်စုက ဓားဖြင့်ထိုးမှု ဖြစ်စဉ်တစ်ခု ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ .......

ရွှေပြည်သာမြို့နယ်မှ ဆူးလေဘက်သို့ ပြေးဆွဲလာသော ၁၉၉ ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ကြည့်မြင်တိုင်၊ စာတိုက်မှတ်တိုင် အရောက်၌ ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသမီးကြီး တစ်ဦးခါးပိုက်နှိုက် ခံရ၍ ယာဉ်အကူ၏ အဖော်ဖြစ်သူ ကိုစိုးမင်းထွေးမှ ကားပေါ်မှ ဆင်းသွားသော ခါးပိုက်နှိုက်သူအား ညွှန်ပြခဲ့ရာ ယာဉ်ပေါ်တွင် ကျန်ရှိနေသော ခါးပိုက်နှိုက်၏ အဖော်တစ်စုမှ ဓားဖြင့် လိုက်ထိုးသဖြင့် ကိုစိုးမင်းထွေးနှင့် ယာဉ်အကူ ကိုဇင်မင်းဦးတို့မှာ လက်နှင့်ပေါင်တို့တွင် ဓားဖြင့် အထိုးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒီနေ့က ဆင်မလိုက်အဝေးပြေးကနေ လူတစ်စုကားပေါ်ကို တက်လာတယ်။ နတ်စင်လမ်းရောက်တော့ အဲ့ဒီအဖွဲ့ထဲက လူတစ်ယောက်ခရီးသည် တစ်ဦးဆီကနေပြီးတော့ ခါးပိုက်နှိုက်နေတာကို တွေ့တယ်။ ကျွန်တော်က ပြောမယ်လည်း လုပ်ရော ဓားထုတ်ပြီး ကျွန်တော့်ကို မျက်ရိပ်မျက်ကဲပြတယ်။ ကျွန်တော်လည်း အရင်က သူတို့ကိုဝင်ပြောရင်ပြောတဲ့ စပယ်ယာကို ဓားနဲ့ထိုးတာတွေ ကြားဖူးလို့ ဘာမှမပြောဘဲ နေလိုက်တာပါ။ စာတိုက်မှတ်တိုင် ရောက်တော့ အဲဒီ အဖွဲ့ထဲက လေးယောက်လောက် ဆင်းသွားတယ်။ နောက်တော့မှ အဘွားတစ်ယောက်က သူ့ပိုက်ဆံအိတ် ခါးပိုက်အနှိုက်ခံရတယ်လို့ လာပြောတယ်။ ကျွန်တော်က ဆင်းသွားတဲ့ သူလေးယောက်ဆိုတာသိတော့ ကျွန်တော်ပြောလိုက်တယ်။ အဘွားကြီးက ဆင်းပြီး ချက်ချင်းလိုက်သွားတယ်။ ခရီးသည် နှစ်ယောက်ကတော့ အဘွားကြီးကို ကူညီပေးဖို့ လိုက်သွားတယ်။ ကားပေါ်မှာ သူတို့ အဖွဲ့က ကျန်နေသေးတာကို ကျွန်တော်က သတိမထားမိလိုက်ဘူး။ သဲကွင်းမှတ်တိုင်လည်း ရောက်ရော တစ်ယောက်က ကျွန်တော့် အနောက် ကကပ်လာပြီး ဂုတ်ကိုဆွဲပြီး ဓားနဲ့ ဗိုက်နေရာလောက်ကို ချိန်ထိုးတာ။ ကျွန်တော်လည်း အတင်းရုန်းကန်ပြီး ပြန်ကာတော့ လက်ကို ထိုးမိသွားတာ” ဟု လက်တွင်ဓားဖြင့် အထိုးခံခဲ့ရသော ကိုစိုးမင်းထွေးက ပြောပါသည်။
ကားပေါ်မှ ဆင်းပြေးပြီး မှတ်တိုင်တွင် ရပ်ထားသော အခြားကားတစ်စီးပေါ်သို့ တက်ပြေးသော်လည်း ခါးပိုက်နှိုက်မှာ ယင်းကားပေါ်အထိ ဓားဖြင့်လိုက်ထိုးကြောင်း၊ ယာဉ်အကူမှ ၎င်းအား ၀င်ရောက် ကူညီမည်ပြုရာ ယာဉ်အကူကိုလည်း ဓားဖြင့် ထိုးသည့်အတွက် . . .

ယင်းကဲ့သို့ ဓားဖြင့်လိုက်ထိုးမှုကြောင့် ၎င်းမှာကားပေါ်မှ ဆင်းပြေးပြီး မှတ်တိုင်တွင် ရပ်ထားသောအခြား ကားတစ်စီးပေါ်သို့ တက်ပြေးသော်လည်း ခါးပိုက်နှိုက်မှာ ယင်းကားပေါ် အထိ ဓားဖြင့် လိုက်ထိုးကြောင်း၊ ယာဉ်အကူမှ ၎င်းအားဝင်ရောက် ကူညီမည်ပြုရာ ယာဉ်အကူကိုလည်း ဓားဖြင့်ထိုးသည့်အတွက် ပေါင်တွင်ထိုးမိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောပြပါသည်။

“သူတို့က အဖွဲ့လိုက် လှုပ်ရှားကြတာ။ ရှစ်ယောက် ကိုးယောက်လောက် ရှိတယ်။ သူတို့ကို ကျွန်တော်တို့ တစ်လိုင်းလုံးက သိတယ်။ ဆင်မလိုက် အဝေးပြေးမှတ်တိုင်ကနေ နတ်စင်လမ်းမှတ်တိုင် အတွင်းပဲ သူတို့က လှုပ်ရှားကြတာ။ ပြောလို့မရဘူး။ ကျွန်တော်တို့ကို ဓားနဲ့ခြိမ်းခြောက်တာ။ အရင်တုန်းကတော့ အဲဒီလောက်မဆိုးဘူး။ အခုနှစ်လသုံးလ အတွင်းမှာ အရမ်းဆိုးလာတာ။ ကျွန်တော်တို့က သူတို့နှိုက်တာကိုမြင်ပြီး မပြောပြန်ရင်လည်း စပယ်ယာနဲ့ ပေါင်းလုပ်တယ်လို့ အပြောခံရတယ်။ ပြောပြန်ရင်လည်း ကျွန်တော်တို့မှာ အန္တရာယ်ရှိတယ်။ ခရီးသည်တွေ တစ်ခုခု ဖြစ်သွားရင်လည်း ကျွန်တော်တို့ပဲ ဒုက္ခရောက်တာ။ ကျွန်တော်တို့ အဲ့ဒီလိုမျိုးကားပေါ်မှာ ခြိမ်းခြောက်တာတွေခံရတိုင်း ဂိတ်မှူးတွေနဲ့ အုံနာတွေကို ပြောပြတာပဲ။ သူတို့ကတော့ ပြဿနာမတက်အောင် နေလို့ပဲ ပြောတယ်။ အဲဒီနေ့ကတော့ ရှောင်လို့မရတော့ ကျွန်တော်တို့ ထိသွားတာ။ ဒီလိုမျိုးဆိုးရွားလာရင် ကျွန်တော်တို့တင် မဟုတ်ပါဘူး ခရီးသည်တွေအတွက်လည်း အများကြီး အန္တရာယ်ရှိပါတယ်” ဟု ပေါင်တွင် ဓားဖြင့် အထိုးခံခဲ့ရသော ကိုဇင်မင်းဦး မှ ပြောပြခဲ့ပါသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်ကလည်း မထသလက်အောက်မှ အမှတ် ၄၄ ယာဉ်လိုင်းပေါ်တွင် ခရီးသည် တစ်ဦးအား ခါးပိုက်နှိုက်တစ်စုမှ ဓားဖြင့်ထိုး၍ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း၊ ခါးပိုက်နှိုက်များမှာ ခါးပိုက်နှိုက်ခြင်း နှင့်မတူတော့ဘဲ ဓားပြတိုက်သည်နှင့် တူလာကြောင်း၊ စပယ်ယာ ဆက်လုပ် ရမည်ကိုလည်း ကြောက်ရွံ့သွားပြီ ဖြစ်ကြောင်း ကိုဇင်မင်းဦးမှ ဆက် လက်ပြောပြခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အကူနှင့် ၎င်း၏ အဖော်ဖြစ်သူတို့မှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယာဉ်အကူမှာ ပေါင်ဒဏ်ရာကို ငါးချက်ချုပ်ခဲ့ရကာ ၎င်း၏ အဖော်မှာ လက်ဒဏ်ရာကို လေးချက်ချုပ်ခဲ့ရကြောင်း သိရသည်။ ၎င်းတို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် အတွင်း သက်ဆိုင်ရာမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ မြန်မာနိုင်ငံရဲ အဖွဲ့မှ စစ်ချက်လာယူခဲ့ပြီး မြို့နယ် ရဲအဖွဲ့အနေဖြင့် လိုက်လံဖမ်းဆီးနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်းတွင် ၎င်းယာဉ်လိုင်းမှ ကားတစ်စီးကို ခါးပိုက်နှိုက်ခြောက်ဦး တက်ရောက်ပြီး ယာဉ်အကူတို့အား ဓားပြကာ ကားခ မတောင်းရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်းကိုလည်း အဆိုပါယာဉ်လိုင်း မှ ယာဉ်အကူများက ပြောပြခဲ့ပါသည်
Infinity Powerမှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....