Friday, March 16, 2012

တံတားနီနေ့လို့ ဘာကြောင့်ခေါ်တာလဲ

by Ma Nandar on Friday, March 16, 2012 at 12:03am ·
လွန်ခဲ့သော  အနှစ်(၂၄)နှစ်က ရန်ကုန်မြို့ ရှိ အင်းလျားကန်တည်ရှိရာ တံတားဖြူအရပ်ဟာ ကျောင်းသားတွေရဲ့ သွေးတွေကြောင့် တံတားနီလို့ သမိုင်းတွင် ခေါ်ဝေါ်ခံရတဲ့ အထိ ဖြစ်သွားခဲ့ရပါတယ်။

တံတားနီနေ့ ဖြစ်ပေါ်လာရပုံကတော့....
မှန်မှန်ကန်ကန် အေးအေးချမ်းချမ်း ဖြေရှင်းလို့ရနိုင်တဲ့ပြဿနာကို စစ်အစိုးရကိုယ်တိုင်က လက်နက်အားကိုး လက်လွတ်စပယ် အကြမ်းဖက်ယုတ်မာပြခဲ့တဲ့အတွက် ၁၉၈၈၊ မတ်လ။၁၃ ရက်နေ့မှာ ဖုန်းမော်အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ရပါတယ်။

စစ်အစိုးရဟာအစိုးရဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေတိုင်း၊ ကျောင်းသားလှုပ်ရှားမှုတွေတိုင်းမှာ
ရှေ့တန်းအခန်းကပါဝင်ခဲ့တဲ့ စက်မှုတက္ကသိုလ်ကို ထစ်ခနဲရှိ အာအိုင်တီ၊ လပ်ကနဲရှိ အာအိုင်တီလို့ အမြင်ရှိထားရာက အစကတည်းကမှ မကြည်ရင်းစွဲဖြစ်နေတာမို့ အခုလို ပြဿနာဖြစ်တဲ့အခါမှာ အခွင့်ရတာနဲ့ လိုအပ်သည်ထက် ပိုမိုပြီး မတရားဖိနှိပ်ပြလိုက်တဲ့အတွက် မဖြစ်သင့်ဘဲ ဖြစ်ပေါ်လာရတဲ့
အရေးအခင်းကြီးလို့လည်း ဆိုနိုင်ပါတယ်။

အဲသည့်မှာတင်ပဲ သွေးမြေကျခဲ့ရပြီး မတရားသဖြင့် နှိပ်ကွပ်တာကို ခံစားလိုက်ရတဲ့ ကျောင်းသားထုဟာ အနှစ်နှစ်အလလ ချုပ်တည်းနေခဲ့ရရာကနေ ဟုန်းကနဲ ပေါက်ကွဲလာရပါတော့တယ်။ မတ်လ (၁၄) ရက်နေ့မှာ ကျောင်းသားတွေက အဖြစ်မှန်ကိုရေးသားပြီး ပြည်သူတွေဆီကို အမှန်တိုင်းသိရအောင် အားထုတ်ကြိုးပမ်း ဖြန့်ဝေခြင်းကို လုပ်ဆောင်ခဲ့ပါတယ်။

အာအိုင်တီအပေါ် သဘောထားမမှန် ပြီးသားဖြစ်တဲ့ စစ်အစိုးရက ခေါင်းမဖော်နိုင်အောင် ထပ်ဆင့်နှိပ်ကွပ်ပစ်ဖို့ ဆုံးဖြတ်ထားဟန်ရှိပါတယ်။ ဒါကြောင့်လည်း စက်မှုတက္ကသိုလ်ဝင်းထဲ လုံထိန်းတပ်တွေဝင်စီးပြီး ကျောင်းသားတွေကို ဖမ်းဆီးပွဲကြီးလုပ်ပါတော့တယ်။

ဦးနေဝင်း စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ညွန့် ကြီးမှူးစီစဉ်တဲ့ လူဖမ်းပွဲကြီး ဖြစ်ပါတယ်။

ဖိနှိပ်မှုရှိရင် တွန်းလှန်မှုရှိတယ်ဆိုတဲ့ နိယာမအတိုင်း အသဲတဆတ်ဆတ်နာနေတဲ့ ကျောင်းသားထုဟာ ဦးကျိုးမသွားပဲ ပို၍ပင် လှုပ်ရှားလာခဲ့ပါတယ်။ လှုပ်ရှားမှုတွေဟာ ရန်ကုန်တက္ကသိုလ်မြေအထိ ကူးစက်ခဲ့ပါတယ်။

ဒီလိုနဲ့ (၁၆) ရက်နေ့မှာ အင်လျားကန်ဘောင်ပေါ်မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ဦးနေဝင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေတုန်းမှာ  သွေးချင်းချင်းနီအောင် လူမဆန်စွာ ရိုက်နှက်ဖြိခွင်းခြင်းကို ခံခဲ့ကြရပါတယ်။

အင်းလျားကန်ဘောင်အရေးအခင်း(သို့မဟုတ်) တံတားနီအရေးအခင်းလို့ မှတ်တမ်းတင်ကြရတဲ့အထိ စစ်အစိုးရရဲ့ အကြမ်းဖက်မှုဟာ ပြင်းထန်ခဲ့ပါတယ်။

(ဝင်းတင့်ထွန်းရေးတဲ့ အမှောင်ကြားက ဗမာပြည်စာအုပ်ထဲမှ အကြောင်းအရာကို ပြေပြစ်ဆီလျော်အောင် ထုတ်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....