Friday, October 14, 2011

RFA ရေဒီယိုသတင်းဋ္ဌာနနှင့် ကိုဇာဂနာ အင်တာဗျူး အသံဖိုင်နှင့်စာသား


RFA.......အခုပြန်လွတ်လာပြီး ၂၄နာရီတရက်အကြာ ပထမဦးဆုံးမိုးအလင်းမှာ ကိုဇာဂနာ့ရဲ့ အတွေးက ဘာပါလဲခင်ဗျာ
KZGN....ဒီနေ့မနက် ၅နာရီခွဲတိတိမှာ ကျနော်နိုးတယ်။ နိုးနိုးချင်း ကျနော့် ခေါင်းထဲဝင်ကို ပထမဦးဆုံးဝင်လာတဲ့ အတွေးကတော့
ကျနော့် သူငယ်ချင်းတွေ ထောင်ထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို ဘယ်လိုလုပ်ပြီးတော့ သူတို့အမြန်ဆုံး လွတ်အောင်လုပ်ရမလဲလို့
ဆိုတဲ့အတွေး ကျနော်စိတ်ထဲမှာ စပြီးတော့ ဝင်တာပဲ။ အဲ့သည့်ကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ကိုလည်း အားမငယ်သွားအောင်

ဘယ်လိုအားပေးရင် ကောင်းမလဲလို့ စဉ်းစားမိတဲ့အတွက်ကြောင့် ကျနော့်မိတ်ဆွေသူငယ်ချင်းတွေဖြစ်တဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေ
စာပေနယ်ကလူတွေနဲ့ ပေါင်းပြီးတော့ ကျနော်သူတို့ဆီကို တမြို့ဝင် တမြို့ထွက် ကျနော်ပစ္စည်းလိုက်ပို့ရင် ကောင်းမယ်ဆိုတဲ့ အတွေးတခုရသွားတယ်ခင်ဗျာ့။ထောင်တွေမှာကျနော် ပါဆယ်လိုက်ပို့မယ်။

RFA.......ဟုတ်ကဲ့။ ဒီနာဂစ်မုန်တိုင်းအပြီး ကိုဇာဂနာ အကျဉ်းထောင်ထဲရောက်သွားတဲ့ ၂၀၀၈ကနေ ဒီကနေ့အချိန်အထိပေါ့လေ
ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲလေးတွေကို ဘယ်လိုမြင်လဲခင်ဗျ။
KZGN....ဒီဘက်အပြောင်းအလဲဆိုတဲ့ နေရာမှာတော့ အကုန်လုံးပေါ့နော်။ အဲ့လိုပဲ ပြောရမှာပဲထင်တယ်။ အကုန်လုံးပြောင်းလဲသွားတ့ အပြောင်းအလဲတွေထဲမှာ လောလောဆယ် အခြေအနေအရတော့ ကျနော်က ဟို.......အကောင်းဘက်ကိုဦးတည်လာတယ်လို့တော့
ကျနော်........အကြမ်းဖျဉ်းအားဖြင့်တော့ ကျနော်သုံးသပ်လို့ ရပါလိမ့်မယ်။ သို့သော် လုံးလုံးလျားလျား အကောင်းဘက်ကို ဦးတည်မှုကို
ပြည့်စုံလာပြီလား မပြည့်စုံသေးဘူးလားဆိုတာကိုတော့ ကျနော်အချိန်နဲနဲ ယူရလိမ့်မယ်လို့ ထင်ပါတယ်။ သို့သော် တော်တော်များများအခြေအနေ
အရတော့ အကောင်းဘက်ကို ဦးတည်လာတယ်လို့ ယူဆပါတယ်။

RFA...........အဲ့တော့ ၁၉၈၈ခုနှစ်နောက်ပိုင်း အခုဆိုရင် ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်လာပြီပေါ့လေ။ အဲ့ဒီတော့ ပုန်းလျှိုးကွယ်လျှိုး နိုင်ငံရေးကနေ လွှတ်တော်တွင်းကနေတဆင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားမယ်ဆိုတဲ့ အယူအဆရှိကြတာနဲ့
ပတ်သက်ပြီးတော့ ကိုဇာဂနာဘာပြောချင်လဲခင်ဗျ။
KZGN........ကျနော်တို့ လွှတ်တော်ဆိုတာကြီး ပေါ်ပေါက်လာတဲ့ အတွက်ကိုတော့ အင်မတန်ကောင်းတဲ့အရာပါ။ ဒါကိုလည်း ကျနော်လက်ခံတယ်။
ထိုနည်းတူ လွှတ်တော်ကနေပြီး တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့ ပေါ်လာတယ်ဆိုတာကိုလည်း အင်မတန်လက်ခံတယ်။ သို့သော် ကျနော်တို့......
ဒီလို.ဘယ်လိုခေါ်မလဲ....စကားလုံးလေးတွေနဲ့ချည်းပဲ ဖြစ်နေတယ် ဆိုတာထက် လက်တွေ့ကျတဲ့ အလုပ်တွေကိုများများ လုပ်ပြစေချင်တယ်လို့
ကျနော့်စိတ်ထဲတော့ ဒီလိုခံစားရတယ်။ လုပ်တဲ့အလုပ်တွေကိုက ဟာ.ကောင်းလိုက်တဲ့အလုပ်ကွာလို့ ပြောရလောက်တဲ့ အလုပ်မျိုးတွေ ဖြစ်လာစေချင်ပါတယ်။
ကျနော်တို့ ဗမာပြည်မှကြ ဘယ်လိုလဲလို့ ဆိုတော့ (ကျနော်တို့ အချိန်ခဏစောင့်ပါဦးဗျာ၊ မြန်မာ့ ဘောလုံးအသင်းလိုပေါ့ဗျာ ၊ ချက်ချင်းကြီးတော့ ဖြစ်လာမှာမဟုတ်ပါဘူး။
ချက်ချင်းကြီးသာ မဖြစ်တယ်။ ကျနော်တို့စောင့်နေရတာ နှစ်၃၀မကတော့ဘူး။ ဗမာဘောလုံးအသင်းလည်း တခါမှ ဆုရတာမတွေ့ပါဘူး။
အဲလိုဖြစ်သွားမှာလည်း စိုးရိမ်ရတယ်။လွှတ်တော်ကလည်း အချိန်နုပါသေးတယ်ဆိုတာတွေထက်ကို အချိန်တိုတိုအတွင်းမှာ Qualityကောင်းကောင်းဖြစ်တဲ့ လွှတ်တော်ကြီး အဖြစ်ကို ကျနော်တို့ကတော့ မြင်ချင်တယ်။ မြင်အောင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကြိုးစားကြစေချင်တယ်။

RFA.............ကျနော်တို့ နားလည်ထားသလောက်က ကိုဇာဂနာဟာ နာဂစ်မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပြီး ကယ်ဆယ်ရေးတွေ လုပ်ခဲ့တယ်။
တချိန်တည်းမှာပဲ နိုင်ငံတကာက ပေးတဲ့အကူအညီတွေကို အစိုးရက စီမံကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုတွေလုပ်ခဲ့တယ်။ အဲ့ဒီတော့
ကိုဇာဂနာကို ဘယ်လိုစွပ်စွဲချက်နဲ့ အစိုးရက ထောင်ချလိုက်တာပါလဲခင်ဗျ။
KZGN............အဲ........ကျနော့်ကိုထောင်ချလိုက်တဲ့အချက်ထဲမှာတော့ အဓိကတော့ အင်တာနက်ပုဒ်မ ဆိုပြီး ချတယ်ဗျ။ အဲ့ဒီ့ အင်တာနက် ပုဒ်မဆိုတာကလည်း ထူးထူးခြားခြားတွေပါပဲ အီလက်ထရောနစ် အက် ဆိုပြီး ကျနော့်ကိုချတာ။ အက်လထရောနစ် အက်ဆိုတဲ့ ပုဒ်မကလည်း
ကျနော့်ကို ထောင်ချတဲ့ တရားသူကြီးက ကွန်ပြူတာတောင် မဖွင့်တတ်ရှာပါဘူး။ ကျနော့ ကို တရားဆွဲတဲ့ တရားလိုကတော့ e mailမှန်း g mailမှန်းတောင် မသိရှာပါဘူး။ အဲ.ဒါပေမယ့် ကျနော်ကိုတော့သူတို့က အင်တာနက် ပုဒ်မနဲ့ ချပစ်လိုက်တယ်။ နောက်ပြီးတော့ အစိုးရကို အကြည်ညို
ပျက်အောင် ပြောဆိုမှုဆိုပြီးတော့လည်းပဲ ထောင်ချတယ်။ အသံလွှင့်ဋ္ဌာနေတွေ RFA ၊ BBC ၊ VOAတို့နဲ့လည်းပြောတယ်ဆိုပြီးတော့ ၅၀၅နဲ့လည်း
ချတာပဲ။ သာသနာ့ ညှိုးနွမ်းအောင်လုပ်ခဲ့ပါတယ်ဆိုပြီးတော့ ဘုန်းကြီးကိစ္စမှာ ပါလို့ဆိုပြီးတော့လည်းချတယ်။ ဟို.......နာဂစ်ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ ဓါတ်ပုံရိုက်လို့ ဆိုပြီးတော့ ၊ နာဂစ်ဖြစ်နေတဲ့ အချိန်မှာ ဓါတ်ပုံရိုက်တာ ဆင်ဆာ မတင်ဘူးတဲ့ ဆိုတော့၊ မုန်တိုင်းကျနော် ခဏရပ်ထားခိုင်းလို့မှမရတာ။  ဆင်ဆာဆိုတာ တင်စရာလားဗျာ။မုန်တိုင်းတိုက်နေတာကို ကျနော်က ဆင်ဆာခွင့်ပြုချက်တောင်းပြီးတော့ မုန်တိုင်းရိုက်ရမယ်ဆိုတာ ကျနော်တခါမှ မကြားဖူးဘူး။ သို့သော်လည်း အဲ့လိုပုဒ်မမျိုးနဲ့လည်းချတယ်။ သေချာတာကတော့ အမြင်ကပ်လို့ကို
ထောင်ချလိုက်တယ်လို့ ကောက်ချက်ချလို့ ရတာပေါ့။

RFA..........တလောကဆိုရင် စာပေစိစစ်ရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံမှာစာပေစိစစ်ရေးဟာ မရှိသင့်တော့ဘူးလို့ သူယူဆတဲ့အကြောင်းပြောပါတယ်။ ဒီအပေါ်မှာရော ကိုဇာဂနာ့အမြင် ဘယ်လိုရှိပါသလဲ။
KZGN........မရှိသင့်တော့ဘူးတိုရင်လည်း ကျနော်ကတော့ ဖျက်လိုက်ပါတော့လို့ပဲ အဲလိုပဲ ပြောချင်တယ်။ မရှိသင့်တော့ပါဘူးဆိုတာ စကားအရတော့ အိုကေပဲလေ။ မရှိသင့်တော့ဘူးဆိုလည်း မထားနဲ့ပေါ့။ ဘာလုပ်မလဲ။ သူ ကြီးတာပဲ။ ကျနော်ကတော့ ကြိုက်တယ်။

RFA.........ကိုဇာဂနာ မြစ်ကြီးနားကနေ ရန်ကုန်ကိုပြန်လာတဲ့ အခါမှာ ပရိသတ်က ပြုံးသွားစေမယ့် ဟာမျိုး အတွေးလေးပေါ့ ။ ဘယ်လိုဝင်လာမိလဲ။
KZGN......ကျနော်တို့ လမ်းခရီးမှာ လေယာဉ်ပျံ စီးလာတယ်။ စီးလာတော့ လေယာဉ်ပျံပေါ်ရောက်မှပဲ ကျနော်တို့လည်း မိုးစိုတော့တယ်လို့။
ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်ပျံပေါ်မှာ ယိုလိုက်တဲ့မိုးဗျ။ မိုးမရွာပဲနဲ့ ကျနော်တို့ကိုယ်တွေပေါ်ကို ကျလိုက်တာမှ တခေါင်းလုံးကို ရွှဲသွားတာပဲ။
အဲဒါကတော့ ကျနော်တို့ လေယာဉ်ပျံတွေ တော်တော်ကောင်းလာပါကလားလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ပေးရင် ကောင်းမယ်လို့
လေယာဉ်ပျံမှာ မိုးမယိုအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ကျနော် အဲ့ဒါတော့ သွားစဉ်းစားမိတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....