Friday, October 14, 2011

“အပြောင်းအလဲဖြစ်ပြီမဖြစ်သေးဘူးဆိုတာပြည်သူတွေရဲ့ လက်တွေ့ဘဝနဲ့ တိုင်းတာရမှာဖြစ်တယ်”

Picture

မောင်ချင့်ချိန်
အမှန်တော့ တောင်ပို့ကြီးမှန်း အစောကြီးကတည်းက ..
မြင်ထားသိထားကြပြီးသားပါ၊“ဖွတ်ထွက်လာတာမတွေ့သေးဘူး၊ ဘုရားဖြစ်ချင်ဖြစ်နေမှာ ၊ စောင့်ကြည့်ကြသေးတာပေါ့ ” လို့ ဝေဝါးနေဖို့ကိုမလိုတာပါ ၊ “သူများလိမ်တာ ခံရတာမျိုးက ပထမတကြိမ်မှာ လိမ်တဲ့သူအမှား ၊ ဒုတိယတကြိမ်လည်း လိမ်တဲ့သူအမှားပဲ ၊ အခါခါခံရရင်
တော့ လိမ်တဲ့သူအမှားထက် အလိမ်ခံနေသူကိုက အလွန်းလို့ ၊ အသုံးမကျလို့ ဆိုတာမျိုး ခံရသူအမှား” ဆိုတဲ့ ဆိုရိုးစကားဟာ ခေတ်အဆက်ဆက် ခုလိုအခြေအနေမျိုးတွေရှိခဲ့လို့ တင်စားပြောခဲ့ကြတာ ဖြစ်မှာပါ ။

 ပြောကြည့်စမ်းပါ ၊ စစ်အုပ်စုမှာ ရိုးသားတဲ့လက္ခဏာတွေ ၊ တိုင်းပြည်အကျိုးကိုပဲ ဦးစားပေးဆုံးဖြတ်တော့မဲ့ အနေအထားတွေ ၊ တကယ်ပဲ တွေ့နေရပါပြီလားလို့ ။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြတာ ၊ နိုင်ငံရေးအကျဉ်းသား(တချို့)လွှတ်ပြတာ ၊ ပြောချင်ရာပြောခွင့်ရထားတဲ့ သတင်းစာတွေ ၊ ရုပ်မြင်သံကြားတွေပေါ်ကနေ စကားလုံးလှလှတွေ ရွတ်ပြတာတွေလောက်ကိုကြည့်ပြီး ပြောင်းလဲဖို့လမ်းစမြင်နေရပါပြီ လို့ စစ်အုပ်စုကိုယုံကြည်ရတော့မယောင်ပြောဆိုမှုမျိုး ဘယ်ပြည်သူ့ဘက်တော်သားကမှ ယတိပြတ်ပြောရဲမှာမဟုတ်ပါဘူး ။

 “စားဝတ်နေမှုဘဝ ဖူလုံခွင့်ပေးပါ”လို့ ဆန္ဒပြတောင်းဆိုယုံသက်သက်နဲ့ ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ရတဲ့
အပြစ်မဲ့ပြည်သူတွေ ၊ ကျောင်းသားတွေ ၊ ရဟန်းသံဃာတွေကို မေ့ထားလိုက်ကြတော့မလား ။
အကျဉ်းထောင်တွေ ၊ တောတောင်တွေထဲ ၊ မိတကွဲဖတကွဲ ၊ သားတကွဲ မယားတကွဲရောက်ကြရပြီး ဘဝတွေ ထိခိုက်ပျက်ဆီးခဲ့ရသူတွေ ၊ ခြေလက်ခန္ဓာဆုံးရှုံးခဲ့ရသူတွေ ၊အသက်ပါပေးခဲ့ရသူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ က အလကားဖြစ်ရတော့မှာလား ။
စစ်ပွဲတွေကြားမှာ အိုးအိမ်စွန့်ခွာရှောင်ပုန်းပြေးလွှားပြီး အနာဂတ်မဲ့နေတဲ့ တိုင်းရင်းသားတွေအတွက် ဘယ်လို့  အာမခံချက်မျိုးကို ဘယ်သူကပေးနိုင်ပါပြီတဲ့လဲ ။

 အစွန်းရောက်လွန်းတယ်လို့မထင်ပါနဲ့ ၊..............

စစ်အာဏာရှင်ခေတ် နှစ်ငါးဆယ်သက်တမ်းမှာ ကျနော်တို့မမှီခဲ့ပေမဲ့
  ကြားရဖတ်ရလို့သိခဲ့ရတဲ့ ၊ ၁၉၆၂ ခုနှစ် ၊ မတ်လ(၂)ရက်နေ့ကနေ ၁၉၈၈ခုနှစ်ထိ ၂၆ နှစ်စာအခြေအနေတွေနဲ့ ကျနော်တို့ကောင်းကောင်းမှီပြီး ကိုယ့်တွေခံစားသိမြင် ခဲ့ရတဲ့ ရှစ်လေးလုံးကာလအပါအဝင်၂၃ နှစ်ကျော်အတွေ့အကြုံတွေက စစ်အုပ်စုကို ဘယ်လိုမှမယုံကြည်သင့်ဘူးဆိုတာ သတိပေးနေလို့ ပါ ။

အာဏာခိုင်မြဲရေးအတွက် မီးစတဘက် ၊ ရေမှုတ်တဘက်နည်းကို နေဝင်းလက်ထက်ကတည်းက တွင်တွင် သုံးလာခဲ့တာပါ ၊ ပစ်သတ်တယ် ၊ ရိုက်နှက်ဖမ်းဆီးတယ် ၊ လူမဆန်တဲ့နှိပ်စက်ညှင်းပန်းမှုတွေလုပ်တယ် ၊ ထောင်ချတယ် ၊ မိသားစုလိုက်ဘဝပျက်ပြီး နာလန်မထူ နိုင်တော့အောင်နှိပ်ကွတ်တယ် ၊ အဲဒီလိုမီးစတဘက် နည်းတွေကို ကျောင်းသားသမဂ္ဂအဆောက်အဦးဖျက်ခဲ့တဲ့ ၆၂ ဆဲဗင်းဂျူလိုင် ၊ ၇၄ အလုပ်သမားအရေးအခင်း ၊ ၇၄ ဦးသန့်အရေးအခင်း ၊ ၇၅ အလုပ်သမားအရေးအခင်းနှစ်ပတ်လည် ၊၇၆ မှိုင်းရာပြည့် ၊ ၈၈ မတ်လအရေး အခင်း စတဲ့ အာဏာကိုထိပါးလာတဲ့ကိစ္စတိုင်းမှာ ရက်ရက်စက်စက် အသုံးပြုခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးဖို့ကမ်းလှမ်းတာ ၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွေပေးတာ ၊ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲ လုပ်ပြီး စစ်ယူနီဖေါင်းတွေချွတ် အရပ်သားအစိုးရ ယောင်ဆောင်ပြတာ ၊ ဝန်ထမ်းတွေကိုလစာတိုးပေးတာ ၊ ဘုရားတည် ၊ တံတားဆောက် ၊ လမ်းဖေါက်ဆိုတာတွေလုပ်ပြတာ စတဲ့ ရေမှုတ်တဘက်နည်းတွေကို လည်း တလျှောက်လုံးအသုံးပြုခဲ့တာပါ ။

 စစ်အာဏာရှင်မျိုးဆက်တွေအဖြစ်နေဝင်းအမွေကိုဆက်ခံခဲ့တဲ့ စောမောင် ၊ ခင်ညွှန့် ၊ သန်းရွှေ ၊ သိန်းစိန်တို့ လက်ထက်မှာလည်း ဒီနည်း နာတွေကိုပဲဆက်သုံးနေတာပါပဲ ၊ ၈၈လူထုအရေးတော်ပုံကြီးနဲ့ ၉၆ - ၉၉ ကျောင်းသားလှုပ်ရှားမှုတွေကို ပစ်ခတ်သတ်ဖြတ်ပြီးဖြိုခွဲတယ် ၊ ကျောင်းသားတွေ ၊ ကလေးသူငယ်တွေရယ်လို့ ချမ်းသာမပေး ၊ သက်ကြီးရွယ်အိုတွေ ၊ အမျိုးသမီးတွေ ၊ ကိုယ်ဝန်ဆောင်သည်တွေရယ် လို့ မညှာတာ ၊
သံဃာတော်တွေရယ်လို့ အလေးမထားပဲ ရိုက်နှက်ဖမ်းဆီးတယ် ၊ လူမဆန်တဲ့နှိပ်စက်ညှင်း ပန်းမှုတွေလုပ်တယ် ၊ ထောင် ချတယ် ၊ မိသားစုလိုက်ဘဝပျက်ပြီး နာလန်မထူနိုင်တော့အောင်နှိပ်ကွတ်တယ် ၊နေဝင်းလက်ထက်က အတိုင်း မီးစတဘက်နည်းကိုသုံး တဲ့အပြင် ဒီပဲယင်းလို အောက်တန်းကျတဲ့လုပ်ကြံသတ်ဖြတ်မှုမျိုးတွေကိုလည်း
  ကျူးလွန်ခဲ့တယ် ၊ ၂၀၀၇ စက်တင်ဘာလို သံဃာတော် တွေရဲ့ မေတ္တာပို့စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖေါ်မှု မျိုးကို ကမ္ဘာသိပြောင်ပြောင်တင်းတင်းရိုက်နှက်ဖြိုခွဲတာမျိုး၊ ဘုန်းကြီးကျောင်းတွေကို စစ်မြေပြင်မှာရန်သူ့စခန်းတက်သိမ်းသလို ပစ်ခတ်တိုက်ခိုက်စီးနင်းပြီးချိတ်ပိတ်ခဲ့တာမျိုး ၊ ခန်းဂျိနာဂအိလို နိုင်ငံခြားသားသတင်း ထောက်ကိုတောင် ပစ်သတ်တာမျိုး ၊ နေဝင်းခေတ်ထက်တောင် ကြမ်းခဲ့ရမ်းခဲ့ပါသေးတယ် ။

 ရေမှုတ်တဘက်နည်းမှာလည်း ရွေးကောက်ပွဲပြီးရင်စစ်တန်းလျားပြန်မှာပါဆိုတာမျိုး လိမ်ညာတာတွေ ၊
အမျိုးသားညီလာခံကျင်းပနေလို့ ပါဆိုတာမျိုး အချိန်ဆွဲတာတွေ ၊အခွင့်အရေးလေးနည်းနည်းပေးပြီး တိုင်းရင်းသား တချို့ကို အပစ်ရပ်လုပ်ထားတာတွေ ၊ဝန်ထမ်းတွေကို ခနခနလစာတိုးပေးတာမျိုးတွေ ၊နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါတယ်ဆိုတာမျိုး လုပ်ပြတာတွေ ၊ စောမောင်လက်ထက်ကနေ သိန်းစိန်လက်ထက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါတယ်ဆိုတာမျိုးတွေ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့အတည်ပြုတာ ပါဆိုတာမျိုးတွေ ၊အကြောင်းကြောင်းကြောင့်နိုင်ငံတကာရောက်နေသူတွေ ပြန်လာဖို့ဖိတ်ခေါ်တယ်ဆိုတာမျိုးတွေ
စသဖြင့် နေဝင်းနည်း နာတွေအတိုင်း တထပ်တည်းလိုလုပ်ခဲ့တာပါပဲ။

 နေဝင်းခေတ်မှာ ပထမပိုင်းအတိုက်အခံလုပ်ခဲ့တဲ့ ဝိဒူရသခင်ချစ်မောင်လိုပုဂ္ဂိုလ်မျိုးကို“ဆိုရှယ်လစ်စနစ်နဲ့သာ ဆိုရင် ခွေးကတက်ကနေ တာဝန်ထမ်းရထမ်းရ”လို့ပြောတဲ့အထိ စည်းရုံးနိုင်ခဲ့သလို သိန်းစိန်ခေတ်မှာလည်း ပထမပိုင်းက “ မတရားတဲ့အမိန့်အာဏာဟူသမျှ တာ ဝန်အရဖီဆန်ကြ”လို့ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “တိုင်းပြည်ကောင်းဖို့ဆို အသုံးချခံဖြစ်ချင်လည်းဖြစ်ပါစေ”လို့ ပြောလာတဲ့အထိ စည်းရုံးနိုင်ခဲ့ပါတယ် ၊
နောက်ကျတော့ ပြည်သူတွေက သခင်ချစ်မောင်ကို ခွေးကတက်ချစ်မောင်လို့ပဲ ခေါ်ကြပါတော့တယ် ။

 ဆိုလိုချင်တာက စစ်အာဏာရှင်တွေကိုယုံစားရင် မှားလိမ့်မယ်ဆိုတာပါပဲ ၊ အဲဒီအမှားဟာ တဦးတယောက်ထဲ ထိခိုက်နစ်နာတဲ့ အမှားမ ဟုတ်ပါဘူး ၊ တတိုင်းတပြည်လုံး ဘဝတွေ ၊ အသက်တွေ အများကြီးနဲ့ဆိုင်တာပါ ၊ ဘာနဲ့မှ အလဲအထပ်လုပ်လို့ ၊ အစားထိုးလို့ မရပါဘူး ၊ မှားသွားပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေပြရဲရင်တောင်
ပြည်သူတွေရဲ့ဆုံးရှုံးခဲ့ပြီးတဲ့အခြေအနေတွေက ဘယ်လိုမှပြန်မရနိုင် တော့ပါဘူး ၊ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ ၊ ဗလောင်းဗလဲအကြိမ်ကြိမ်လုပ်ခဲ့တာတွေ ၊ ဘာကိုမှဂရုမစိုက်တတ်တာတွေ ကို အထပ်ထပ်ပြန်သုံးသပ်ပြီး မှန်ကန်လက်တွေ့ကျတဲ့ တိုက်ပွဲဝင်မှုမျိုးကိုရွေးချယ်ကြရမှာပါ ။

 နေဝင်းခေတ်ကမှ အထွေထွေလွတ်ငြိမ်းချမ်းသာနဲ့ နိုင်ငံရေးအကျဉ်းသားအကုန်လွတ်ပါသေးတယ် ၊ ခုက
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါတယ်လို့ ပြောရယုံလေးတင်ပါ ၊ ကျောင်းသားတွေနဲ့ ပြည်သူလူထုကြီးရဲ့ သူရဲကောင်း ၈၈မျိုးဆက်ကျောင်းသားတွေ ၊ ဖေါက် ခွဲရေးပုဒ်မ ၊အီလက်ထရောနစ်ပုဒ်မ ၊ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုပုဒ်မဆိုတာမျိုး တပ်ချင်တဲ့ပုဒ်မတပ်ဖမ်းတာခံထားရတဲ့သူတွေ အများကြီးကျန်နေသေးတာပါ ။
လွတ်ငြိမ်ချမ်းသာကို တနှစ်ထဲပေးလိုက် ၊ ထိုက်သင့်တဲ့အပြစ်ဒါဏ်ခံပြီး ကောင်းကောင်းမွန်မွန်နေတဲ့သူ တွေကို ပေးတယ်လုပ်လိုက်နဲ့ နိုင်ငံတကာအခြေအနေကိုလိုက်ပြီး မီးစင်ကြည့်ကနေတာမျိုး ၊ သဘောထား မမှန်တာကို သတိထားမိကြဖို့ လိုပါတယ် ။

 “အားလုံးလွှတ်ပေးရင်ကော”လို့ မေးစရာရှိပါတယ် ၊ လွှတ်ပေးချင်လည်း လွှတ်ပေးနိုင်တာပါပဲ ၊ “ခြံထဲကကြက်တွေ ခြင်းထဲ ကြိုက်တဲ့အ ချိန်ပြန်ကောက်ထည့်လို့ရတာပဲ” ဆိုတာမျိုး လွှတ်ပေးနိုင်ပါတယ် ၊
အရင်ကလည်း ဒီလိုလွှတ်ပေးခဲ့ဖူးတာပါပဲ ၊ ဒေါ်အောင်ဆန်းစုကြည် ကိုရော ၊ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရော အပြင်မှာ လွတ်နေတဲ့အချိန်တွေ ရှိခဲ့ဖူးတာပါပဲ ၊ မတရားအဖမ်းခံထားရသူ တွေမို့ ပြန်လွတ်စေချင်တဲ့ဆန္ဒကြောင့် တောင်းဆိုနေတာမှန်ပေမဲ့ သူတို့လွတ်ယုံနဲ့ ပြည်သူတွေဖိနှိပ်ခံဘဝက လွတ်မြောက်သေးတာမှ မဟုတ်တာ ၊ အဲဒီအတွက် ဆက်တိုက်ပွဲဝင်ကြရမှာပါပဲ ၊ စစ်အုပ်စုကလည်း
လွှတ်ပေးလိုက်တဲ့ထဲက ဘယ်သူ့ကိုမဆို သူတို့ထိုင်ခုံကိုကန် လှဲဖို့လုပ်ပြီဆိုရင် ပြန်ဖမ်းဦးမှာပါပဲ ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့် ၊ လွတ်လပ်စွာဟောပြောခွင့် ၊လွတ်လပ်စွာရေးသားခွင့်တွေရှိပါပြီလို့ ဘယ်သူအာမခံမလဲ၊ မတရားမှုကိုမခံချင်တဲ့သူက ဆန္ဒထုတ်ဖေါ်တိုက်ပွဲဝင် ၊ စစ်အုပ်စုကပြန်ဖမ်း ၊ တခါ နိုင်ငံရေးအကျဉ်းသားလွှတ်ပေး
ပြန်တောင်းဆို ၊ ဒီလို သံသရာလည်နေကြဦးမှာပဲမဟုတ်လား ။

 ပြည်သူတွေအတွက်အပြောင်းအလဲဆိုတာအာဏာပိုင်တွေကစေတနာမှန်မှဖြစ်မှာပါ ၊ နေဝင်းခေတ်ကလည်း ဆိုရှယ်လစ်စနစ်နဲ့တိုင်း ပြည်ကို ဘယ်လိုတည်ဆောက်မယ်ပြောပြော ၊ စစ်ယူနီဖေါင်းတွေချွတ်ပြီး ဘယ်လိုပဲ အရပ်သားအစိုးရပါလုပ်ပြပြ ၊ ပြည်သူကိုစေတနာ မမှန်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့အခြေအနေကနေ ၊
အဆင်းရဲဆုံးနိုင်ငံဆိုတဲ့အဆင့်ကိုရောက်သွားပြီး လူတန်းမစေ့ဖြစ်ခဲ့ကြရပါတယ် ၊ခုလည်းဒီလိုပါပဲ ၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ကိုစတင်နေပါပြီလို့ စစ်အုပ်စုဟန်ရေးပြနေတဲ့အချိန်မှာ ရန်ကုန်မန္တလေးလမ်းမကြီး ပေါ်ကကျေးရွာတွေတောင် လျှပ်စစ်မီးမရှိ ၊ မှောင်ထဲနေရဆဲပါပဲ ၊ ကိုယ့်ရွာမှာကျောင်းမရှိလို့ ဖိနပ်မပါ ၊
နှပ်ချေးတွဲလောင်းကလေးတွေက လမ်းမပေါ်ကြုံရာကားတားစီးပြီးသွားနေကြရဆဲပါပဲ ၊စားဝတ်နေမှုအခက်အခဲတွေကြောင့် ရေးတတ်ဖတ်တတ်ပြီးရင် ကျောင်းထွက် ၊အလုပ်ဝင်နေကြရတဲ့ကလေးတွေ ၊ အများကြီးပါပဲ ၊ ရွာမှာဆေးခန်းမရှိလို့ ၊ဆေးခန်းရှိရင်တောင် ဆေးမရှိလို့ ၊ ဆေးရှိရင်လည်း ငွေမပေး နိုင်လို့
မြွေကိုက်ခံရပြီးသေတဲ့သူတွေ ၊ မီးမဖွားနိုင်လို့သေတဲ့သူတွေ ၊ ဖျားနာပြီးသေတဲ့သူတွေ အများကြီးပါပဲ ၊မြိုပေါ်တွေမှာ လည်း အလုပ်လက်မဲ့ ၊ အလုပ်ရှိတော့လည်း ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းကမမျှတ ၊ မွဲပြာကျနေတဲ့ အခြေအနေမှာပဲ ဗမာပြည်သူတရပ်လုံးရှိနေကြ ဆဲပါ ၊ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း ခုချိန်ထိစစ်ပွဲတွေ
 ဖြစ်ပွားဆဲဖြစ်ပြီးစစ်တပ်ရဲ့ရွာဖျက်ဆီးမှုတွေ ၊ စိုက်ခင်းဖျက်ဆီးမှုတွေ ၊ မုဒိန်းကျင့်စော်ကားမှုတွေ၊ပေါ်တာဆွဲ သတ်ဖြတ်မှုတွေရှိနေဆဲဖြစ်ပြီး ပြည်သူတွေမှာ စစ်ပွဲလွတ်ရာ ရှောင်ပုန်းပြေးလွှား ဒုက္ခပင်လယ် ဝေနေဆဲပါ ။

 ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာတရားဟောပွဲတွေမှာဟောပြောခဲ့တာတွေထဲက သဘောတူနှစ်ခြိုက်ပြီး
မှတ်သားထားမိခဲ့တာရှိပါတယ် ၊ “တိုင်းပြည်တိုးတက်တယ် မတိုးတက်ဘူးဆိုတာက ပြည်သူတွေရဲ့အခြေအနေနဲ့ပဲဆိုင်တယ် ၊ ဘယ်လိုပဲ လမ်းတွေဖေါက် ၊ဆည်တွေ တံတားတွေဆောက်နေပါစေပြည်သူတွေစားဝတ်နေရေး အဆင်မပြေသေးသမျှ ဖွံ့ဖြိုးတိုးတက်တယ်မပြောနိုင်ပါဘူး”တဲ့ ၊ ပြည်သူတွေ “ဝေး”ကနဲ လက်ခုတ်တွေတီး အားပေးလိုက်ကြတာများ ။

 ပြည်သူတွေရဲ့စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ကဏ္ဍစုံနိမ့်ကျယိုယွင်းပြီး လူတန်းစေ့မဖြစ်တဲ့ ဘဝ အခြေအနေတွေဟာ အကြောင်းအရာတခုချင်းချရေးပြရင် ဆုံးမှာတောင်မဟုတ်ပါဘူး ၊ လူ့အခွင့်အရေး ခံစားရမှု မှာကျတော့ရော ၊လွတ်လပ်စွာဆန္ဒထုတ်ဖေါ် ခွင့် ၊ လွတ်လပ်စွာဟောပြောခွင့် ၊ လွတ်လပ်စွာရေး သားခွင့်တွေ ရှိပြီလား ၊ ဝေးပါသေးရဲ့ ။ လယ်သိမ်း ၊ မြေသိမ်း ၊စိုက်ခင်းသိမ်းနဲ့ ရုပ်ရှင်တွေထဲ အင်္ဂလိပ်ခေတ်က ချစ်တီး ကျွဲနွား ဆွဲအိမ်သိမ်းလုပ်သလိုအခြေအနေမျိုးရှိနေတာတွေကိုတောင် တိုင်ရင် တိုင်တဲ့သူပဲအဖမ်း ခံရတဲ့ အခြေအနေမျိုး ။

နေဝင်းခေတ် ၊ မဆလခေတ်ကလည်း ဒီလိုအခြေအနေပဲ ၊ နဝတခေတ်လည်း ဒီလိုပဲ ၊ နအဖခေတ်လည်း ဒီလိုပဲ ၊
ခုသိန်းစိန်လက်ထက် လည်း ဒီလိုပဲဆိုတော့ ဘာတွေပြောင်းလည်းစပြုလာပါပြီလို့ လက်ခံပေးရပါ့မလဲ ၊ ကိုဇာကနာကတော့ လွတ်လာလာခြင်းပြောပါတယ် ၊ “ပါတီထောင်ဖို့ ၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျနော်တို့ ဘာကြောင့်လမ်းပေါ်ထွက်ခဲ့ကြတာလဲ ၊ ပျင်းလို့ထွက်ခဲ့ကြတာ မဟုတ်ပါဘူး၊ လိုချင်တာတွေရှိလို့ ထွက်ခဲ့ကြတာပါ ၊ ကျနော်တို့ တကယ်လိုချင်တာရပြီလား ၊ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်” တဲ့ ။

အရမ်းမှန်လွန်းပါတယ်
၊ ကျနော်တို့တကယ်လိုချင်တာ အပြောင်းအလဲပါ ၊ ပြည်သူတွေဆင်းရဲမွဲတေနေတဲ့လက်ရှိအခြေအနေမျိုးကနေ ၊ စားဝတ်နေမှုဘဝ ပြည့်စုံမျှတတဲ့အခြေအနေကိုပြောင်းလဲဖို့ ၈၈ကနေခုထိ ကျနော်တို့ တိုက်ပွဲဝင်နေကြတာပါ ၊ ကျနော်တို့လိုချင်တာ မရသေးပါဘူး ၊
 
ဒီတော့ ရတဲ့အထိ ဆက်တိုက်ပွဲဝင်ကြရမှာပါ ၊ ဒီအချိန်မှာ ဘာလုပ်ကြမလဲလို့ တွေဝေနေစရာမလိုပါဘူး ၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ပြည်သူတွေဖိနှိပ်ခံဘဝကလွတ်မြောက်ဖို့၊ ဆင်းရဲတွင်းကလွတ်ဖို့ ၊ ကိုယ်ယုံကြည်ရာ ၊ စိတ်အားထက်သန်ရာ လုပ်ငန်း စဉ်တွေနဲ့ တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ် ။

http://www.8888peopletoday.net/index.htmlမှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....