Sunday, October 2, 2011

ပြည်သူများစိုက်ထုတ်သောအရင်းနှင့် သမ္မတကြီးတို့အုပ်စုရသောအမြတ်

မြန်မာပြည်သူတွေကတော့ ကျေးဇူးတင်တတ်လိုက်ကြတာ။ ပြည်သူတွေရဲ့ ဒီလိုအားနည်း ချက်တွေကို သိထားတဲ့ မြန်မာအစိုးရကတော့ အမြဲတမ်းပြုံးနေနိုင်တာပေါ့။ အခုလည်း ကြည့်လေ သမ္မတကြီး ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ ဆိုပြီး မေတ္တာပို့သနေကြတယ်။ မြန်မာပြည်သူတွေဟာ တကယ်ရိုးသားပါတယ်။ အတိတ်က ဘယ်လောက်ပဲ ခံခဲ့ရ ခံခဲ့ရ ထိုအဖြစ်အပျက်တွေကို မေ့ပျောက်နေကြဆဲပါပဲ။ အဆိုးတွေ ဘယ်လောက်ကြုံကြုံ ခါးစင်းခံခဲ့ကြတယ်၊ ခံကြဆဲပဲ။

ချမ်းသာတဲ့နိုင်ငံသားတွေလို ကွန်ပျူတာ၊ ဟန်းဖုံး၊ အင်တာနက်စတာတွေလဲ လွတ်လပ်စွာ သုံးစွဲခွင့်မရှိ။ လူတန်းစေ့ အခွင့်အရေးမရှိ။ နိုင်ငံသားအခွင့်အရေးဆိုသည်မှာ ဘာမှန်း မသိရ။ ကားစုတ်တွေနှင့်လမ်းပျက်တွေ၊ ရွှံ့လမ်းနွံလမ်းတွေမှာ မောင်းနေရသော်လည်း မငြီးငြူ၊ ဒီလိုလမ်းလေးရှိလို့ တော်သေးတယ်၊ တို့မှာ ဆွေမျိုးတွေနဲ့ တွေ့ရကြုံရဆုံရတယ်။ ဂျပန်ခေတ်ကဆို ဆီမီးလေးတောင် ကောင်းကောင်းမထွန်းရဲဘူး။ ဥသြဆွဲသံကြားရရင် ရင်တွေခုန်ပြီး ပြေးရလွှားရပုန်းရနဲ့ ကောင်းကောင်းမအိပ်ရ၊ မစားရပါပဲ။ အခုတော့ အေး ချမ်းတယ်ဆိုပြီး အစိုးရကို ကျေးဇူးတွေတင်ကြနဲ့။ အမေတို့အဖေတို့ခေတ်တုံးကဆို ဘယ်ကလာ TV ကြည့်ရမလဲ လေဒီယိုအစုတ်လေးတောင် လူတိုင်း နားမထောင်နိုင်ဘူး။ အခုကြည့်လေ မီး ညနေ ၆း၀၀ နာရီကနေ ည ၉း၀၀ နာရီအထိ မီးရတယ်။ လေဒီယိုမှ အကောင်းစားတွေ သုံးနေရတယ်ဆိုပြီးတော့လဲ အစိုးရကို ကျေးဇူးတင်လိုတင်နဲ့။ အော် နအဖအစိုးရများ ပြည်သူတွေရဲ့ ကျေးဇူးရှင်ကြီး ဖြစ်နေလိုက်တာဗျာ။ လက်တစ်ဆစ် လောက်မြင်တတ်တဲ့ လူအများစုရှိတဲ့ ရွှေနိုင်ငံကြီးမှာ အုပ်ချုပ်မင်းလုပ်နေတဲ့ ဓားပြအစိုးရ တွေကလဲ ဘာမှမသိ မတတ်သော်လည်း သိချင်ယောင်၊ တတ်ချင်ယောင်ဆောင်ပြီး ဆရာကြီးတွေလုပ် အုပ်ချုပ်နေလိုက်တာ နေ၀င်းအာဏာသိမ်းချိန်ကစရင် နှစ်ငါးဆယ် ပြည့်တော့မယ်။ ဘာမှ မတိုးတက်ဘူး။ မွဲစုတ်ပြတ်သွားတာပဲ အဖတ်တင်တယ်။

အခုလဲ လာပြန်ပြီ ကျေးဇူးရှင်ကြီးတွေတဲ့။ ကောင်းချီးပေးနေကြပြန်ပြီ။ သမ္မတကြီး ဦးသိန်းစိန်ကို ကောင်းချီးပေးတာ မနာလိုမဖြစ်သော်လည်း ရုပ်သေးသမ္မတဆိုတာ သိထားဖို့ လိုပါတယ်။ လက်ရှိအစိုးရအနေနဲ့ ရှေ့လဲ အရမ်းကာရော မတိုးရဲသလို နောက်လဲ မဆုတ်ရဲ ဖြစ်နေပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းကိုလဲ သူ့လက်ထက်မှာ ရပ်ထားမယ် လို့ ပြောပါတယ်။ ရပ်ထားမယ် လို့ပြောတာပါ။ လုံးဝရပ်မယ်လို့ မပြောပါဘူး။ သ၀ဏ်လွှာ ထဲမှာ ရေးထားတာကလဲ ဟိုလူ့ပုတ်ခတ်သလိုလို၊ ဒီအဖွဲ့အစည်းပုတ်ခတ်သလိုလိုနဲ့ မကောင်းကျင့်မကောင်းကြံ ရေးထားသေးတယ်။ မြစ်ဆုံဆည်ဆောက်တာဟာ နိုင်ငံကောင်းကျိုးကိုလုပ်တာ ဒါကိုပဲ ပြည်သူတွေက မသိနားမလည်သလိုလိုနဲ့ ရေးထား လိုက်တာ မိုက်ချက်ကတော့ ကမ်းကိုကုန်ရောပဲ။

လက်ရှိမြန်မာအစိုးရအနေနဲ့ အားအကိုးရဆုံးနိုင်ငံဟာ တရုတ်နိုင်ငံပါပဲ လူတိုင်းသိတယ်။ ငွေတွေ စားထားတာကလဲ မနည်းလောက်ဘူး။ ဗိုက်တွေကြည့်ရင် သိသာတယ်။ သခင်လို၊ အရှင်လို၊ ဆရာကြီးလို၊ ဖအေလို၊ လင်လို၊ အားကိုးရာကြီးလို ဖြစ်နေတဲ့ နဂါးနီကြီးကို ဘယ်လိုချော့မြူမလဲ။ ဆောက်လက်စကလဲဖြစ်ပြန်၊ စိုက်ထုတ်ထားတဲ့ တန်ဖိုးကလဲ မနည်း။ ရမည့်အမြတ်အစွန်းကို မစွန့်လွှတ်နိုင်တဲ့ နဂါးကြီးကရော အမြီးလောက်တော့ မျိုးထားမိပြီဆိုတော့ အရသာရှိမှန်းသိနေပြီ အမြတ်တွေ အများကြီးဖြစ်နေတဲ့ မြစ်ဆုံကို နဂါးကြီးကရော ဘယ်လိုလုပ်စွန့်လွှတ်နိုင်မလဲ။

သမ္မတကြီးတို့ အုပ်စုကတော့ အမြတ်ကြီးပါပဲ။ မြစ်ဆုံကို တည်ဆောက်လို့ ပြဿနာတစ်စုံ တစ်ရာတက်မလာခဲ့ရင် နေပြည်တော်ကွက်ကွက်လေး လင်းဖို့လောက်တော့ ရတာပေါ့။ ဒါကို Economical or Financial Profit အမြတ်ကြီးဆိုပြီး ပြောနေတာကလဲ ရယ်စရာပဲ။ တကယ်တော့ သမ္မတကြီးတို့အုပ်စုက ပြည်သူကို လိမ်ညာပြီး မရိုးမသားကြိတ်ပုန်းခုတ် နေတာ ကြာပါပြီ၊ အခုမှ ဗိုက်ပေါ်လာလို့ ပြဿနာထတက်တာပါပဲ။ ပထမအဆင့်အနေနဲ့ တရားဝင်သတင်းစာရှင်းလင်းပွဲလုပ် ပြည်သူကို အကဲစမ်း၊ မိုက်ကြေးခွဲ၊ ဆက်လုပ်မယ်ပေါ့။ ပြည်သူတွေ ငြိမ်နေရင် ဆက်ဆောက်မယ်။ တော်လှန်ရင် မြစ်ဆုံကို အခြေအနေအရ ခဏရပ်ထားမယ်၊ ပြီးရင် ပြည်သူက တင်မြောက်ထားတဲ့အစိုးရဖြစ်လို့ ပြည်သူ့အလိုကျ လုပ်ဆောင်မယ်ဆိုပြီး နာမည်ကောင်းယူသွားတယ်။ ကောင်းလိုက်တဲ့အကြံဥာဏ်။ အရင်းမစိုက်ရတဲ့ အမြတ်တွေချည်းပဲ။ ဒါကို ကမ္ဘာကသိမယ်၊ အကောင်းဘက်ကို ဦးတည်တယ်ဆိုပြီး အမေရိကန်ကလဲ ချီးကျူးမယ်၊ ကြိုဆိုမယ်။ အာဆီယံဦးထုပ်ကိုလဲ ဆောင်းခွင့်ရနိုင်တယ်။ Economics sanction လဲ ဖွင့်နိုင်တယ်။ ပြည်သူတွေကလဲ ယုံစားလာမယ်။ အားကိုးလာမယ်။ အခြေအနေတွေအားလုံးကို ကိုင်တွယ်ထိန်းချုပ်ပြီးမှ မေခ၊ မလိခမြစ်ဆုံဆည်ကို ဆက်ဆောက်မယ်။ နည်းတဲ့အကြံတွေလား။ Master Plan ဗျနော်။ မြစ်ဆုံအတွက် စိတ်မချလို့ပဲ KIA၊ KOA တွေနဲ့ အပြင်းအထန်တိုက်ခိုက်နေတာကို သာ ကြည့်ကြပေတော့။ ယုံကြည်ထိုက်သလားဆိုတာ။

ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တာ မဂ်လာတစ်ပါးပါ။ ဒါပေမယ့် ကျေးဇူးတင် မစော ကြဖို့ လိုပါတယ်။ အခုအချိန်အထိ ပြည်သူတွေအတွက် ကောင်းတာ ဘာတစ်ခုမှ မလုပ်ရ သေးပါဘူး။ အကျဉ်းသားလွှတ်တယ်ဆိုတာကလဲ နာမည်ကောင်းယူချင်လို့ပါ။ တကယ် လွှတ်တော့လဲ လူမျိုးသုဉ်းဆေးဝါးထုတ်လုပ်နေတဲ့ ဘိန်းမှောင်ခိုသမား ကိုးကန့်တွေနဲ့ ရမ်းကားမူ၊ မုဒိန်းမူ၊ လူသတ်မူ စတဲ့ မကောင်းတဲ့အမူတွေနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား တွေကိုပဲ လွှတ်သွားတာပါ။ နိုင်ငံအတွက် တကယ်ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ယုံကြည်ချက်နဲ့ အကျဉ်းကျခံနေရသူတွေကိုတော့ အခုအချိန်အထိ လွှတ်မပေးတဲ့အပြင် ထပ်တောင် ဖမ်းလိုက်သေးတယ်။

ထို့ကြောင့် မြန်မာပြည်သူများ၊ ပညာရှင်များ၊ ရဟန်းရှင်လူများ၊ ပြည်ပရောက် ဒီမိုဘက်တော်သားများ၊ နိုင်ငံကို ချစ်မြတ်နိုးသူများ အားလုံးတို့အား ကျေးဇူးတင် မစောကြဖို့နဲ့ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တာ ကောင်းမြတ်သော မဂ်လားတစ်ပါး ဖြစ်သော်လည်း အစိုးရရဲ့ မာယာပရိယာယ်ကိုတော့ သတိထားကြဖို့ လိုကြောင်း တိုက်တွန်းရင်း မြန်မာပြည်သူများအားလုံး စစ်မှန်သောလွတ်လပ်ခွင့်ကို ရနိုင်ကြပါစေလို့ မေတ္တာပြုရင်း။ ။

မရမ္မပိယပါလ
၀၂-၁၀-၂၀၁၁
msma.blogspot.com မှ ကူးယူဖော်ပြပါသည်
 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....