Thursday, September 8, 2011

ဆုတောင်းကောင်းနေလို့ မရတဲ့ခေတ်

အကြောင်းအစုစုမှ
အကောင်းတခုခု ဖြစ်မလာတဲ့အခါ
တောင်းဆုကိုသာ အားကိုးနေရရှာ။

မြတ်ဗုဒ္ဓထံပါး ချဉ်းကပ်သွားပြီး
မြတ်စွာဘုရား ကယ်မ-တော်မူပါ
တပည့်တော်တို့မှာ
ပေးစရာလဲငွေမရှိ ပြေးစရာလဲမြေမရှိ
အတိဒုက္ခ အ၀၀နဲ့
သောကရောက်နေရပါတယ်ဘုရား။

ဤလိုဒုက္ခ အ၀၀မှ
ပျောက်ရစေခြင်းအကျိုးငှါ
အားကိုးစရာ ဘုရားမှတပါး
အခြားမရှိတော့ပါ။

ယနေ့ယခု ပြုခဲ့တဲ့ကုသိုလ်ကံ
စေတနာအကျိုးကြောင့်
ဆိုးကျိုးတွေကွယ်ပျောက်
ကောင်းကျိုးတွေပေါ်ပေါက်ပြီး
ကောင်းရာဘ၀သို့ရောက်ရပါလို၏ဘုရား

ဤသို့ ကုသိုလ်တွေပြု
ကောင်းမှုတွေစုနေလို့
စစ်ကျွန်ဘ၀က
လွတ်မြောက်ကြမယ်ထင်နေသလား။
မကောင်းမှုတွေ
အားကုန်ပြုနေတဲ့ အာဏာရှင်တွေက
ငါတို့နိုင်သမျှ
အနိုင်ခံကြတဲ့ပြည်သူတွေကို
ငနုံငအတွေ
အကုန်အစုံခံကြပေလို့
သူတို့တတွေ ပြုသမျှ
နုရမဲ့ စစ်ကျွန်ဘဝ
ဆထက်တံပိုး တိုးလို့သာ
ရောက်ရလေတော့မှာ။

ဘ၀အထွေထွေကောင်းကြောင်း
ဆုတောင်းတိုင်းပြည့်နိုင်ကောင်းပါရဲ့
ဒါပေမဲ့

အာဏာရှင် မသာလောင်း
ထုထောင်းတဲ့ ဘ၀ ၀ဋ်က
ဆုတောင်းတိုင်း မလွတ်ကြကြောင်း
ကောင်းကောင်းသိစေလိုပါသည်။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
သြဂုတ် ၇ ၂၀၁၁


No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....