Saturday, December 11, 2010

မြန်မာစစ်အုပ်စုရဲ့ နျူးကလီးယား အစီအစဉ်များ ၀ီကီလိ(က်) ပေါက်ကြားမှုတွင် ပါဝင်

ကိုညီ။ ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၀

နိုဝင်ဘာ ၂၈ ရက်နေ့က ၀ီကီလိခ်က ဖွင့်ချလိုက်တဲ့ အမေရိကန် သံရုံးတွေရဲ့ ကေဘယ်လ် ဆက်သွယ်မှု အထောက်အထားပေါင်း နှစ်သိန်းခွဲထဲမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ နျူးကလီးယား စီမံကိန်းဆိုင်ရာ ကိစ္စများလည်း ပါဝင်ကြောင်း ဗြိတိန်အခြေစိုက် ဂါဒီယန်းသတင်းစာရဲ့ အင်တာနက်စာမျက်နှာမှာ ၂၀၁၀ ဒီဇင်ဘာ ၉ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြထားပါတယ်။ ဂါးဒီးယန်းသတင်းစာဟာ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ဗိုလ်ချုပ်သန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့်က သူ့အဖိုးကို အင်္ဂလန်ဘော်လုံးအသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူပေးဖို့ ပူဆာခဲ့ကြောင်း ၀ီကီလိ(က်) က ဖွင့်ချတဲ့ အထောက်အထားထဲမှာ ပါဝင်တယ်ဆိုတဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ ဂါးဒီးယန်းသတင်းစာဟာ ၀ီကီလိ(က်) က ဖွင့်ချလိုက်တဲ့ အမေရိကန်သံတမန်ဆိုင်ရာ အထောက်အထားများကို ပထမဦးစွာ ရရှိခဲ့တဲ့ သတင်းဌာန ငါးခုအနက် တခု အပါအ၀င် ဖြစ်ပါတယ်။


မြန်မာပြည်နဲ့ ပတ်သက်ပြီး အခု ထွက်ပေါ်လာတဲ့သတင်းကတော့ ရန်ကုန် အမေရိကန်သံရုံးက မြန်မာအရာရှိတဦးရဲ့ ကေဘယ်လ်ထဲမှာ မြောက်ကိုရီးယား ပညာရှင်တွေဟာ ရန်ကုန်ရဲ့ အနောက်မြောက် မိုင် ၃၀၀ အကွာရှိ မြေအောက်အဆောက်အဦတွေ တည်ဆောက်နေတဲ့ နေရာမှာ အကူအညီပေးနေကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ မြောက်ကိုရီးယား အယောက် ၃၀၀ လောက် အလုပ်လုပ်နေတယ်လို့လည်း ရေးထားပါတယ်။ အဲဒီသတင်းထဲမှာ ဆက်လက် ဖော်ပြထားတာကတော့ တရုပ်တက္ကသိုလ်တခုက ၁၉၉၂ ခုနှစ်မှာ ရေးပေးတဲ့ အတည်ပြုချက်အထောက်အထား ဓါတ်ပုံမိတ္တူနဲ့အတူ သတ္ထုတွေ တ၀က်ထည့်ထားတဲ့ ပုလင်းလေးတလုံးကိုလည်း မြန်မာလုပ်ငန်းရှင်တဦးဆီက အမေရိကန် သံတမန်တွေ ၀ယ်လိုက်တယ်လို့ ဆိုပါတယ်။ ရောင်းတဲ့ လုပ်ငန်းရှင်က အမေရိကန် သံတမန်တွေကို “အမေရိကန်တွေအနေနဲ့ ယူရေနီယံ ၀ယ်ဖို့ စိတ်မ၀င်စားရင် သူနဲ့ သူ့မိတ်ဆွေတွေက ထိုင်းနိုင်ငံက အစပြုပြီး အခြားနိုင်ငံတွေကို ရောင်းဖို့ ကြိုးစားမှာပဲ“ လို့ ပြောတယ်လို့လည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။


မြန်မာအာဏာပိုင်တွေအနေနဲ့ နျူးကလီးယားကို စိတ်ဝင်စားကြောင်း၊ ရုရှုားနိုင်ငံကလည်း မြန်မာစစ်အစိုးရကို အနုမြူဓါတ်ပေါင်းဖို အသေးစား တလုံး ရောင်းချဖို့ စဉ်းစားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့တာဟာ ၂၀၀၂ ခုနှစ်ကာလများကတည်းက ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ မြေအောက်လှိုဏ်ခေါင်းကြီးများ၊ ဆက်သွယ်ရေးလမ်းကြောင်းကြီးများ တည်ဆောက်ခဲ့၊ တည်ဆောက်နေကြောင်း အအထောက်အထားများလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာအာဏာပိုင်တွေ နျူးကလီးယားလက်နက် ပိုင်ဆိုင်နိုင်မယ့် အခြေအနေ ရှိ မရှိဆိုတာကတော့ ဆက်လက် ထွက်ပေါ်နေတဲ့ မေးခွန်းများ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာစစ်အစိုးရ ၀ါဒဖြန့်သတင်းစာများမှာ အမေရိကန်ပြည်ထောင်စု ပီဘီအက်စ် ရုပ်သံလွှင့်ဌာနက နိုဝင်ဘာ ၁၂ ရက်နေ့တွင် ထုတ်လွှင့်သွားတဲ့ ကုလသမဂ္ဂ အရာရှိဟောင်း ရောဘတ် ကယ်လီ (Robert Kelley) မြန်မာအာဏာပိုင်တွေရဲ့ နျူးကလီးယားကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားချက်များကို မေးခွန်းထုတ်ထားတဲ့ Stephen Engelberg ရဲ့ အစီအစဉ်ကို မြန်မာဘာသာပြန် ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာ စစ်အစိုးရ ၀ါဒဖြန့်သတင်းစာဟာ အမေရိကန် ပီဘီအက်စ် ရုပ်သံလွှင့်ဌာနရဲ့ ထုတ်လွှင့်ချက်ကို ကိုးကား ဖော်ပြထားသော်လည်း အဲဒီ အစီအစဉ်ကို တုန့်ပြန်ထားတဲ့ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy အဖွဲ့နဲ့ ရောဘတ်ကယ်လီတို့ရဲ့ ပြောဆိုချက်တွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

နယူးယောက်နေ သတင်းသမားတဦးကတော့ “မြန်မာစစ်အစိုးရရဲ့ နျူးကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ အများအပြားကတော့ ရှိနေဆဲပါ။ မြန်မာအာဏာပိုင်တွေ အနေနဲ့ နျူးကလီးယား ပိုင်ဆိုင်နိုင်လောက်တဲ့ အဆင့် မရှိဘူးလို့ အမေရိကန် အဆင့်မြင့်သံတမန်နဲ့ အရာရှိကြီးတချို့ကတော့ ယုံကြည်နေပါလိမ့်မယ်။ သို့သော် ဘာ့ကြောင့် မြေအောက်လှိုဏ်ခေါင်းတွေကို ကွန်ယက်လို အကြီးအကျယ် တည်ဆောင်တာလဲဆိုတာကတော့ စဉ်းစားစရာ ပါ။ ဒိထက်ပို စိတ်ဝင်စားဖို့ကောင်းတဲ့ မြန်မာပြည်သူတွေ အများ မသိနိုင်သေးတဲ့ အချက်တချက်ကတော့ တရုပ်ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက် တရုပ်အစိုးရက သူတို့ဖာသာ တာဝန်ယူကောင်း ယူနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီလို တရုပ်တပ်တွေ မြန်မာပြည်ထဲ ရောက်လာတာကို မြန်မာပြည်သူတွေက လက်ခံကြမှာလား။“ လို့ ဆိုပါတယ်။


(သတင်းရင်းမြစ် - ယနေ့မြန်မာ)
BURMA TODAYမှအကိုမြင့်လှိုင်ပေးပို့ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....