Monday, December 13, 2010

နှလုံးသားလှလှနဲ့ စကားပြောကြရအောင်

မြင့်လှိုင်
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နိမ့်ကျလွန်းတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး နိုင်ငံရေး အခြေအနေတွေ ပြန်လည် မြင့်တက်လာဖို့အတွက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများ အပါအ၀င် ပြည်သူပြည်သားအားလုံး တဦးနဲ့တဦး နှလုံးသားလှလှနဲ့ စကားပြောကြပြီး ဖြေရှင်းခြင်းဟာ ထိခိုက် ဆုံးရှုံးမှု အနည်းဆုံးနဲ့ အလွယ်ကူ အလျှင်မြန်ဆုံး ပြေလည်နိုင်မယ့် တခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။

တချိန်က အရှေ့တောင်အာရှနဲ့ အာရှမှာ အထင်ကရ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ နီးစပ်ရာ
အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဆက်ဆံရမှာဖြစ်ဖြစ်၊ လူမှု စီးပွား၊ နိုင်ငံရေးရာမှာပဲ ဖြစ်ဖြစ် အောက်ကျနောက်ကျ ဖြစ်ရခြင်းဟာ မြန်မာပြည်ရဲ့ ပြဿနာတွေကို ပါးစပ်နဲ့ မရှင်းဘဲ သေနတ်နဲ့ ရှင်းနေကြခြင်းကြောင့် ဖြစ်ပါတယ်။ တိုင်းပြည် လွတ်လပ်ရေးမရခင်ကတည်းက သေနတ်သံတွေ ဆူဆူညံလာခဲ့ရာ ၁၉၄၀ လွန်ကာလတွေကနေ ဒီကနေ့ ၂၀၁၀ ခုနှစ်အထိ အသံမစဲသေးပါဘူး။ ဒီ သေနတ်သံတွေကြောင့် မြန်မာတိုင်းရင်းသား ထောင်သောင်းများစွာ သေကြေခဲ့ရပြီး ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ ကစ္စပ္ပနဒီစတဲ့ မြစ်တွေမှာ ပြည်သူတွေရဲ့ သွေးပေါင်းများစွာ အရှိန်မပြတ် စီးဆင်းနေဆဲပါ ပဲ။ အခု ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်တွင်း
တိုက်ပွဲများမှာ ပြည်သူ့တပ်မတော်သား ရာနဲ့ချီပြီး ဒဏ်ရာ ရရှိ၊ သေဆုံးသွားခဲ့ရပါပြီ။ တပ်မတော်သားတွေလည်း ပြည်သူထဲက ပြည်သူတွေ ပါ၊ ပြည်သူတွေရဲ့သား၊ သမီးတွေ ပါ။ တပ်မတော်သားတွေဟာ အကျိုးမရှိတဲ့ တိုက်ပွဲတွေ တိုက်ခိုက်ရင်း အသက်၊ ခန္ဓာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဘာ့ကြောင့် အဲဒီလို တိုက်ပွဲတွေ ဖြစ်ပွားရသလဲဆိုတာကို အဖြေရှာပြီး ပြဿနာကို သေနတ်နဲ့ မရှင်းဘဲ ပါးစပ်နဲ့ ရှင်းခြင်းဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းသောလုပ်ရပ်တခု ဖြစ်ပါတယ်။

လက်ရှိ အာဏာပိုင်တွေရဲ့ အသိဉာဏ်မဲ့ စီမံခန့်ခွဲမှုများဟာ တိုင်းပြည် ပျက်သုဉ်းခြင်းရဲ့ အကြောင်းရင်းတခုဖြစ်သလို ပြည်တွင်းစစ်ဟာလည်း တိုင်းပြည် မဖွံ့ဖြိုးခြင်းရဲ့ တရားခံတခု ဖြစ်ပါတယ်။ တချိန်က ကမ္ဘာမှာ ဆန်စပါး အထွက်ဆုံး နိုင်ငံ၊ ကမ္ဘာကရော အိမ်နီးနားချင်းနိုင်ငံတွေကပါ လေးစားရတဲ့ ပညာရှင်တွေ ပေါ်ထွက်ခဲ့တဲ့ နိုင်ငံ၊ အရှေ့တောင်အာရှနဲ့ အာရှရဲ့ ထိပ်တန်းနိုင်ငံတခုက နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ ဒီကနေ့မှာ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ နှာခေါင်းရှုံ့ခြင်းကို ခံနေရပါတယ်။ မြန်မာစစ်အာဏာရှင်တွေကအစ ရုရှားမှာ ပညာသင်ကြားနေတဲ့ မြန်မာစစ်ဗိုလ်ပေါက်စတွေအဆုံး တိုင်းပြည်မှာ ဘာတွေ တည်ဆောက်နေပါတယ်၊ ဘယ်လို တိုးတက်နေပါတယ်၊ ဘယ်လောက် အောင်မြင်နေပါတယ်လို့ ပေါက်ပေါက်ဖောက်သလို ပါးစပ်က တတွတ်တွက်နဲ့ ဘယ်လိုပဲ ပြောနေပါစေ၊ မြန်မာပြည်မှာ လျှပ်စစ်မီး မရတာ၊ စက်သုံးဆီ လုံလောက်အောင် စနစ်တကျ မဖြန့်နိုင်တာ၊ လမ်းတံတားတွေ အဆင့်မမီတာ၊ တယ်လီဖုန်းနဲ့ အင်တာနက်စနစ်တွေ စုတ်ပြတ်နေတာ၊ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ ပညာရေးစနစ် နိမ့်ကျနေတာတွေဟာ ပကတိအခြေအနေတွေ ဖြစ်ပါတယ်။ ဒီ ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့၊ ပြည်တွင်းစစ်ရပ်စဲနိုင်ဖို့အတွက် မြန်မာပြည်ကို ပြောင်းလဲတိုးတက်လိုသူများအားလုံး တဦးနဲ့တဦး စကားပြော ဖြေရှင်းကြဖို့ လိုကို လိုအပ်နေပါတယ်။

မှားယွင်းတဲ့ စီမံခန့်ခွဲမှုကို နှစ်ပေါင်း ၅၀ နီးပါး အသုံးပြုခဲ့တဲ့ နိုင်ငံတခုရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဆွေးနွေးရမယ့် အကြောင်းအရာတွေက များပြားလှပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသဖြင့် အရေးအရာ စုံလင်လှပါတယ်။ ထိုနည်းတူ ပြည်သူများရဲ့ အသိအမြင် ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုအသိုင်းအ၀ိုင်း ရှင်သန် တိုးတက်ရေး၊ လူမှု ဆက်ဆံရေးကိစ္စတွေကလည်း တိုင်ပင် ဆွေးနွေးရမယ့် အရာတွေ ပါ။ တသွေး တသံ တမိန့်ကို စနစ်တကျ သွတ်သွင်းခံရတဲ့ နိုင်ငံ၊ အမိန့်နာခံခြင်းကိုသာ နာခံစေတဲ့စနစ် ထွန်းကားနေတဲ့ နိုင်ငံ၊ ကိုယ်ကျင့်တရား ပျက်ပြားမှု၊ လိမ်လည်မှု၊ လာဘ်စားမှုတွေ ထမင်းစားရေသောက်လို ဖြစ်နေတဲ့ နိုင်ငံတခုကို ပြောင်းလဲ ပစ်မယ်ဆိုရင် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအားလုံးကို ရှုဒေါင့်စုံ၊ ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်း ဆွေးနွေး အဖြေရှာပြီး ဖြေရှင်းမှာသာ ပြေလည်နိုင်မှာ ဖြစ်ပါတယ်။

တွေ့ဆုံ ဆွေးနွေးရေး လုပ်ကြရအောင်လို့ ပြောကြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ စစ်အစိုးရ စသည်ဖြင့်သာ ယေဘူယျအားဖြင့် မြင်တတ်ကြပါတယ်။ မြန်မာပြည်ရဲ့ ပြဿနာဟာ များမြောင် ထွေပြားပြီး ဒီ ပြဿနာများ ဖြေရှင်းရေးဟာ မြန်မာတိုင်းရင်းသားများအရေးဖြစ်တဲ့အတွက် စကားပြောကြတဲ့အခါ မြန်မာတိုင်းရင်းသားအားလုံး၊ လူကြီး၊ လူငယ်အရွယ်မရွေး ပါဝင်သင့်ပါတယ်။ သေနတ်ပစ်တာကို စနစ်တကျ သင်ကြားထားတဲ့ စစ်သားဟာ တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်ဘူးဆိုတာ စစ်အာဏာရှင် ကြီးစိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နှစ် ၅၀ အခြေအနေကို ယခင်နဲ့ ယခု နှိုင်းယှဉ် ကြည့်ရင် သိနိုင်ပါတယ်။ ဒီတော့ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ကြည့်ရင် အောက်ကျနောက်ကျ ဖြစ်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံတခုကို အလျှင်အမြန် ပြောင်းလဲပစ်ဖို့အတွက်ဆိုရင် တချိန်ထဲ တပြိုင်ထဲမှာ ဆရာဝန်တွေက ဆေးကုသရေးကို ဆွေးနွေး၊ ကျောင်းဆရာတွေက ပညာရေးကို ဆွေးနွေး၊ စီးပွားရေးသမားတွေက စီးပွားရေးအကြောင်း ဆွေးနွေးဆိုသလို သက်ဆိုင်သူအားလုံးအနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကို ဆွေးနွေးကြဖို့ လိုအပ်ပါမယ်။ ဒီလို ဆွေးနွေးကြတဲ့အခါ စကားပြောတမ်း ကစား မနေကြဘဲ လက်တွေ့ကျတဲ့၊ အကျိုးအရှိဆုံးဖြစ်မယ့် နည်းလမ်းတွေကို စနစ်တကျ ဆွေးနွေးနိုင်ကြရင်ဖြင့် တိုင်းပြည်အနာဂတ်အတွက် စိတ်ချမ်းသာစရာ ဖြစ်မှာပါ။

အချိန်နဲ့ ဒီရေသည် လူကို မစောင့်၊ မြစ်တခုမှာ ရေ နှစ်ခါ ချိုးလို့ မရနိုင် ဆိုတဲ့ စကားတွေဟာ အချိန်ကို အလေးပေးဖို့ တန်ဖိုးထားဖို့ သတိပေးစကားတွေ ဖြစ်ပါတယ်။ ဒီကနေ့ ကုန်လွန်သွားတဲ့အချိန်တွေအတွက် မနက်ဖြန်မှာ ငိုကြွေးကြမယ်ဆိုရင် ငိုကြွေးခြင်းသာ အဖတ်တင်ပြီး ကုန်လွန်သွားတဲ့အချိန်တွေကတော့ ရှင်သန်ထမြောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် စုတ်ပြတ် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံကို ပြန်လည် ထူထောင်လိုတယ်ဆိုရင်ဖြင့် စကားပြောမှုကို အခုအချိန်က စတင် ဆောင်ရွက်ကြရပါလိမ့်မယ်။ အချိန်ကုန်၊ လေကုန်၊ လူပင်ပန်းမယ့် စကားတွေ မပြောကြပဲ ပြဿနာတွေ ဖြေရှင်းနိုင်မယ့်၊ တိုင်းပြည်ကို စနစ်တကျ တည်ဆောင်နိုင်မယ့် စကားတွေ ပြောဖို့ လိုအပ်ပါလိမ့်မယ်။ မြန်မာပြည်ကို ပြောင်းလဲလိုသူများအားလုံးအနေနဲ့ မိမိ နီးစပ်ရာမိတ်ဆွေ၊ မိမိ ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးကြရပါလိမ့်မယ်။ အဲဒီလို ပြောဆို ဆွေးနွေးကြတဲ့အခါ အတ္တ၊ မာန်မာန၊ ကိုယ်ကျိုးစီးပွားတွေကို ဘေးမှာ ထားပြီး ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း၊ တည်တည်ကြည်ကြည် စကားပြော ကြရပါမယ်။ အဲဒီလို အခုအချိန်ကစပြီး နှလုံးသားလှလှနဲ့ စကားပြောကြမှသာ မြန်မာပြည်ရဲ့ မနက်ဖြန်တွေ လှပ သာယာလာမှာ ဖြစ်ပါတယ်။

ဒီတော့ မိတ်ဆွေတို့ရဲ့ စိတ် နှလုံးထဲမှာ မြန်မာပြည်ကြီး ဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်ဖို့ ဆန္ဒလေးတွေ ဖြစ်ပေါ်နေပြီလား။ ဒီကနေ့ အခုအချိန်ကစပြီး မိတ်ဆွေသင်္ဂဟ၊ သူငယ်ချင်းတွေနဲ့ စကားပြောကာ ဆွေးနွေး တိုင်ပင်ပြီး နှလုံးသားလှလှနဲ့ တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းလိုက်ကြရအောင်။


လေးစားလျက်
မြင့်လှိုင်

ဒီဇင်ဘာ ၁၂၊ ၂၀၁၀

(စာကြွင်း - ဒီ ဆောင်းပါး ရေးဖြစ်အောင် တိုက်တွန်းတဲ့ အဘ၊ စေ့ဆော်ပေးတဲ့ ဦးပဉ္ဖင်းနဲ့ မိတ်ဆွေများအားလုံးအတွက်)

BURMA TODAYမှပေးပို့သူ ဆောင်းပါးရှင် အကိုမြင့်လှိုင်အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....