Friday, November 5, 2010

ကမ္ဘာကုန်ကျယ်သရွေ့


ကမ္ဘာမြေပြင်သို့ ၂.၁၁.၁၉၅၉ ခုနှစ်တွင် ရောက်ရှိလာသောဦးကျော်သူသည် ယခု ၂.၁၁.၂၀၁၀ ခုနှစ်၌ အသက် (၅၁) နှစ်ပြည့်ပြီဖြစ်ရာမွေးနေ့ပွဲအမှတ်တရအဖြစ် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်ရှိရာမြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းတွင် ကုသိုလ်ယူပွဲကျင်းပခဲ့ ပါသည်။ မိမိ၏ ရုပ်ရှင်လောကသို့ ပထမဦးဆုံးရောက်ရှိလာသော “ချစ်ကြိုးကလေး နှစ်မျှင်” ဇာတ်ကားမှ နောက်ဆုံးရိုက်ကူးခဲ့သော“အချစ်ဟုအဓိပ္ပါယ်သက်ရောက်ခြင်းမရှိစေရ” ဇာတ်ကားအထိသရုပ်ဆောင် ၀တ်ဆင်ခဲ့သော အ၀တ်အစားများကို ၀န်ထမ်းများနှင့် ကော်မတီဝင်များအား မဲဖောက်၍ လှူဒါန်းခဲ့သည်။ ယင်း အ၀တ်အစားများသည် ပုဆိုး၊ တိုက်ပုံ၊ ဘောင်းဘီ၊ အင်္ကျီ၊ အနွေးထည်၊ ကုတ်အင်္ကျီများအပြင် ဇာတ်ဝင်ခန်းများတွင် ၀တ်ဆင်ခဲ့သော ကုလားဝတ်စုံ၊ လူရွှင်တော်ဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ စသဖြင့် ပါဝင်ခဲ့ရာ မဲပေါက်သူများသည် ၄င်းဝတ်စုံများအား ၀တ်ဆင်၍ မွေးနေ့ပွဲအားစတင်ခဲ့သည်။

ထို့အပြင် လုပ်အားပေးအသင်းသူ/သားများအားမွေးနေ့ရှင် ဦးကျော်သူမှ အမှတ်တရတီရှပ် အင်္ကျီများကိုလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ အသင်းသူ/သားများတို့မှလည်းဦးကျော်သူအားမွေးနေ့လက်ဆောင်အဖြစ် ကိုယ်တိုင်ပြုလုပ်ထားသောမွေးနေ့ကိတ်နှင့် လက်ဆောင်ပစ္စည်းများကိုမွေးနေ့လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ကြသည်။ မွေးနေ့ကိတ်အားမွေးနေ့သီချင်း ၀ိုင်းဝန်းသီဆို ပေးကြပြီးဦးကျော်သူမှ ဖယောင်းတိုင်မီးအား ငြိမ်းသတ်ကာကိုယ်တိုင်လှီး၍ မြတ်စွာဘုရားရှင်အားဦးစွာဆက်ကပ်ခဲ့သည်။ ယင်းနောက် ဇနီးဖြစ်သူဒေါ်ရွှေဇီးကွက်အားမွေးနေ့ကိတ်ကျွေးခြင်း၊ ဒေါ်ရွှေဇီးကွက်မှလည်းမွေးနေ့ရှင် ဦးကျော်သူအား ပြန်လည်၍ကျွေးခြင်း၊ မွေးနေ့ကိတ်အားအသင်းသူ/သားများအား ၀ိုင်းဝန်းအားပေးခဲ့ကြသည်။

နေ့လည်ပိုင်းတွင် မွေးနေ့ရှင် ဦးကျော်သူမှ ကောက်ညှင်းပြန်ပေါင်း၊ ၃၃ လမ်းထိပ်ရှိ “ဇေယျဝတီ”၏ အကြော်စုံနှင့် ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ထိုဧည့်ခံပွဲသို့ ကိုရဲလွင် (မဇ္စျိမလှိုင်း)၊ ကိုဇော် (Universal Studio)နှင့် အဖွဲ့မှ လာရောက်ကာမွေးနေ့ရှင် ဦးကျော်သူအတွက် ကိုရဲလွင် ကိုယ်တိုင်ရေးစပ်ခဲ့ဖူးသော “အတ္တတွေဖြုတ်ကြ” အမည်ရှိသီချင်းအားမွေးနေ့လက်ဆောင် အဖြစ် သီဆိုဂုဏ်ပြုခဲ့ပါသည်။ ယင်းသီချင်းမသီဆိုမည် မွေးနေ့ရှင် ဦးကျော်သူမှ ကိုယ်တိုင်ရေးဖွဲ့ ထားသော “လွတ်ငြိမ်းခွင့်” ကဗျာအားရွတ်ဆိုခဲ့ပါသည်။ အသင်းသူ/သားများမှလည်း ၀ိုင်းဝန်း၍ တက်တက်ကြွကြွဖြင့် ဧည့်ခံခြင်း၊ အစားအသောက်များအားသုံးဆောင်အားပေးပြီး “အတ္တတွေဖြုတ် ကြ” သီချင်းအားနားဆင်အားပေးခဲ့သည်။ ယင်းနေ့ မွေးနေ့ပွဲအားအသင်းသူ/သားများ၊ ၀န်ထမ်းများမှ ကာရာအိုကေသီချင်းများအားတပျော်တပါးသီဆို၍ မွေးနေ့ပွဲအားအဆုံးသတ်ခဲ့သည်။
ထို့ကြောင့် ယင်းမွေးနေ့တွင် ၀ိုင်းဝန်း၍ မေတ္တာစေတနာဖြင့် မွေးနေ့လက်ဆောင် မေတ္တာပို့သပေးခဲ့ကြသောဖခင် ဦးစိန်တင်၊ မိခင် ဒေါ်မြသန်း၊ ရွှေပေါက်ပင်ဆရာတော်၊ ပြည်တွင်း ပြည်ပမှ (၇) ရက်သားသမီးများ၊ အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ ကိုရဲလွင်နှင့် အဖွဲ့သားများ၊ ပြည်ပနိုင်ငံသို့ ရောက်ရှိနေသောသား ပြည်သိမ်းကျော်၊ သမီး မြင့်မိုရ်ဦး + ကျော်ကိုကိုဇင်နှင့် သူ၏ ဖခင် ကိုဆန်နီတို့အပြင် မွေးနေ့ပွဲတွင် အစမှ အဆုံးဧည့်ခံပေးခဲ့သောဇနီးဒေါ်ရွှေဇီးကွက်တို့အားကမ္ဘာကုန် ကျယ်သရွေ့ အထူးကျေးဇူးတင်ရှိပါကြောင်း  … ။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....