Friday, November 5, 2010

ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ၂၀၁၀ရွေးကောက်ပွဲအပေါ်သဘောထားသတင်းစာရှင်းလင်းပွဲ



NHK ထုတ်လွှင့်သည့်သတင်း


၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၄)ရက်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ သဘောထား တင်ပြသည့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ဂျပန်အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ ဌာနချုပ် (JTUC-RENGO)နှင့် မြန်မာ့ရေးရာရုံး BOJ တို့မှ ဦးစီး၍ တိုကျိုမြို့ရှိ ဂျပန် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ ဌာနချုပ် (RENGO)ရုံးတွင် ၃း၀၀ နာရီ မှ ၄း၃၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ ရပ်တည်ချက် သဘောထားကို မိုင်ကျော်ဦးနှင့် ဦးလှအေးမောင်တို့မှ ရှင်းလင်း တင်ပြသွားပြီး NLD ရပ်တည်ချက် သဘောထားကို ဦးလှဟန်မှ တင်ပြသွားပါသည်။ဦးကျော်ကျော်စိုးမှ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စရပ်များတို့ကို ရှင်းလင်းတင်ပြသွားပြီး Dr.မင်းညှိမှ ပြည်တွင်း အခြေအနေများနှင့် တိုင်းရင်းသားဒေသ အခြေအနေများကို ရှင်းလင်းတင်ပြသွားပါသည်။
၂၀၁၀ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ပိုမိုသက်စိုးရှည်စေပြီး တရားဝင် အတည်ပြုမည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် လုံဝဆန့်ကျင် ကန့်ကွက်ကြောင်း နှင့် လက်မခံနိုင်ကြောင်း ဂျပန်နိုင်ငံရောက် ဒီမိုကရေစီရေး အင်အားစုများက တညီတညွတ်တည်း အတည်ပြု ရှင်းပြသွားကြသည်။ ထိုသို့ရှင်းပြရာတွင် အဓိကပြဿနာမှာ ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဖြစ်ပြီး အဆိုပါ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လက်ရှိအခြေအနေအတိုင်း လက်မခံနိုင်ကြောင်း ၊ အဆိုပါ ၂၀၀၈ အခြေခံဥပဒေပါ

(၁)စစ်တပ်အား တရားဝင် အာဏာသိမ်းခွင့်ပေးထားခြင်း
(၂)စစ်တပ်မှ မြန်မာ့နိုင်ငံရေးတွင် ဦးဆောင် ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်း များကို မည်သို့မျှ လက်မခံနိုင်ကြောင်း နှင့် အဆိုပါဖွဲ့ စည်းပုံအခြေခံဥပဒေကို လူထုကိုယ်စားပြု နိုင်ငံရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်း၍ ပြန်လည်ပြင်ဆင်ပြီး နောက်ပိုင်းတွင် ပြုလုပ်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ပါဝင်ထောက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပြည်တွင်းပြည်ပ မြန်မာ့နိုင်ငံရေး အင်အားစုများ အားလုံးက ကြေငြာထား ပြီးဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။

ယနေ့ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲကို
NHK ၊ TBS ၊ DVB သတင်းဌာနများမှ လာရောက်၍ဗွီဒီယိုမှတ်တမ်းတင်ခဲ့ပြီး အခြားသောဂျပန်သတင်းဌာန (၅)ခုမှလည်းလာရောက်သတင်းယူသွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo (PNS-Japan)
 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....