Friday, November 26, 2010

မြို့မေတ္တာ ခံယူမယ့် ဖားမင်းဆွေ

မင်္ဂလာပါ မစု။ ၂၀၁၀ နိုဝင်ဘာ (၁၃) ရက်နေ့ မှာ မစုလွတ်မြောက် လာတဲ့သတင်းကို ကြားသိရတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ ကျွန်တော်က နိုဝင်ဘာ (၁၀) ရက်နေ့ ကတည်းက မွန်ပြည်နယ် ဆားကွင်းကို ရောက်နေတာမို့ မစုကို အပြေးအလွှား ဆီးကြိုချင်ပေမယ့် မဆီးကြို နိုင်ခဲ့ပါဘူး။ ကိုယ်ဝန် အရင့်အမာကြီး လွယ်ထားတဲ့ သမီးကြီး သဲပိုင်ဦး ကတော့ မစုကို အပြေးအလွှား ဆီးကြို ခဲ့ပါတယ်။ မစုကို ထောင်သောင်း ချီတဲ့ မြန်မာ ပြည်သူလူထု ပရိသတ်ကြီးက ဝမ်းပန်းတသာ ကြိုဆိုကြတဲ့ အကြောင်း ကြားသိရလို့ ကျွန်တော် အလွန် ကျေနပ် အားရ ဖြစ်ရပါတယ် မစု။

မစု ခင်ဗျား..........ကျွန်တော် ငါးမင်းဆွေဟာ “မျှော်လင့်ချက်တို့ မပေးစေလိုပါ” ခေါင်းစဉ်ဖြင့် ၂၀၀၅ ခုနှစ်ကစပြီး ရန်ကုန်တိုင်း(မ်) ဂျာနယ်မှာ စတင် ရေးသားပြီး သတင်း ဂျာနယ် လောကသို့ ၀င်ရောက် ခဲ့ပါတယ်။ ဒီနောက်ပိုင်း ညီလေး မင်းကိုနိုင်တို့ အဖွဲ့ကို သက်ဆိုင်ရာက ခေါ်ယူ ဆွေးနွေးစဉ် ၂၀၀၆ နိုဝင်ဘာမှာ “ ၇၅ မင်းဆွေမှ ဒေါ်စုကြည်သို့ ” ၊ “ စာရေးဆရာသည် လူမုန်းခံရ အသတ် ခံရတတ်၏ ” ၊ “ ကုန်ဈေးနှုန်း ကျချင်သလား လျှပ်စစ်မီး မှန်ချင်သလား ” ၊ “ ရာဇ၀င် လူဆိုး ” ၊ “ ဖားမင်းဆွေ စက်ဘီး စီးနေသည် လမ်းဘေးဖုန်းကို သုံးနေသည် ” ၊ “ ဘယ်သွားနေလဲ မင်းကိုနိုင် ” ၊ “ အမြန်ဆုံး ရုန်းထွက် လိုက်ပါတော့လား ” စတဲ့ ဆောင်းပါးများကို ဆက်တိုက် ဆိုသလို ရေးခဲ့ပါတယ်။ အဲဒီအချိန်က သတင်းစာပါ ဆောင်းပါးတွေထဲမှာ မစုရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တာတွေကို ထောက်ပြ ဝေဖန် အကြံပြု ရေးသား ခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသည်တွေကို မြန်မာနိုင်ငံကို မလာကြပါနဲ့ဦး ဆိုတဲ့ မစုရဲ့ တောင်းဆိုမှုတွေ၊ မြန်မာ နိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ် အရေးယူဖို့ မစုရဲ့ တောင်းဆိုမှုတွေကို ထောက်ပြ ဝေဖန် ရေးသားခဲ့ပါတယ်။ ဒါတွေကို မစု ဖတ်ရမယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်ဟာ သတင်းသမား ဂျာနယ်လစ် တစ်ယောက် မဟုတ်ပါဘူး။ ပြည်သူတွေထဲက ပြည်သူ့ သတင်းသမား တယောက် ဖြစ်တယ်လို့ ပြောရင်တော့ ပြောနိုင်ပါတယ်။ အဲ့ဒီ အချိန်တုန်းက ဘယ်သတင်းသမား ဂျာနယ်လစ် စာရေး ဆရာ တို့နှင့်မျှ သိကျွမ်း ခင်မင်မှု မရှိခဲ့ပါဘူး။ သတင်းစာတိုက်က အယ်ဒီတာတွေက အစ ပြန်ကြားရေး ၀န်ကြီး အထိ သိကျွမ်း ခင်မင် စကားပြောဆိုမှု မရှိခဲ့ပါဘူး၊ အဲ့ဒီ့ အချိန်တုန်းက ကျွန်တော်ဟာ မြန်မာ ပြည်သူ တစ်ယောက် အနေနဲ့ မြန်မာပြည်သူ တစ်ယောက်ရဲ့ သဘောထား ဆန္ဒတွေကို မိမိသဘောနှင့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။ ယခုလည်း ကျွန်တော်ရဲ့ သဘောဆန္ဒ တစ်ခုတည်းနဲ့ ဒီစာကို ရေးခြင်း ဖြစ်ပါတယ် မစု။

မစုခင်ဗျား...... ကျွန်တော်ရဲ့ သတင်း ဆောင်းပါးတွေထဲက ယခု နောက်ဆုံး ထွက်ခဲ့တဲ့ နိုင်ငံပိုင် သတင်းစာများပါ “ မေတ္တာဖြင့် တည်ဆောက် နေသော နိုင်ငံတော် ” ၊ “ ခွင့်လွှတ်ရင်းနဲ့ မျှော်လင့် နေပါသည် ” ၊ "ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနဲ့"၊ "ချစ်ခြင်း မေတ္တာကို အကြမ်းမဖက်ပါနဲ့(၂)" တို့နှင့် မော်နီတာ သတင်း ဂျာနယ်ပါ " နိုင်ငံရေး သမားများ အလိုရှိသည် ” ၊ “ မေတ္တာ လမ်းစဉ် မှ တစ်ပါး အခြားမရှိပါ ” ဆောင်းပါး တို့ကို မစု ပြန်လည် ဖတ်ရှု နိုင်ပါရန် ရိုသေစွာ ပေးပို့ လိုက်ပါတယ်။ အဲ့ဒီ့ ဆောင်းပါးတွေကို သေချာစွာ ဖတ်ပြီး မစုထံမှ ဝေဖန်အကြံပြု စေချင်ပါတယ်။ ကျွန်တော် ရေးထားတဲ့ သတင်း အချက်အလက်တွေဟာ မှားယွင်း နေတယ် ဆိုရင် လူသိရှင်ကြား ဝေဖန် ထောက်ပြ ပေးစေချင်ပါတယ် မစု။

မစု ခင်ဗျား............ မစု မြန်မာ့ နိုင်ငံရေးထဲမှာ ပါဝင် ပတ်သက်ခဲ့တာ (၂၂) နှစ်ကျော် ကြာခဲ့ပါပြီ။ မစု ကြွေးကြော် ခဲ့တာက မြန်မာ ပြည်သူတွေ ဒီမိုကရေစီ ရရှိရေး ဖြစ်ပါတယ်။ မစု လုပ်ဆောင် ကြိုးပမ်း ခဲ့တာကလည်း မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေး ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာ ပြည်သူတွေရဲ့ လိုအင် ဆန္ဒက ဒီမိုကရေစီထက် မိမိတို့ စားဝတ်နေရေး ဖူလုံ ချောင်လည်ဖို့၊ လူနေမှု အဆင့် မြင့်မားဖို့၊ ဒေသတွင်း နိုင်ငံများလို မြန်မာ နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ဖို့ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်လျှင် မစုရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာ ပြည်သူတွေရဲ့ လိုအင် ဆန္ဒတွေနဲ့ တခြားစီ ဖြစ်နေတာကို ရှင်းလင်းစွာ သိမြင် နိုင်ပါတယ် မစု။

မစုခင်ဗျား.......... ၁၉၉၅ အမျိုးသား ညီလာခံကြီး ကျင်းပ နေချိန်မှာ ထိုစဉ်က ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မယ်ဒလင်း အောဘရိုက် မစုထံ ရောက်လာ ပါတယ်။ မစုနဲ့ နှစ်ယောက်ချင်း တွေ့ဆုံ ခဲ့ကြပါတယ်။ ကျင်းပ နေဆဲ အမျိုးသား ညီလာခဲ့မှာ မြန်မာနိုင်ငံ အတွင်း မည်သည့် နိုင်ငံခြား တပ်ဖွဲ့ ကိုမျှ တပ်ချခွင့် မပြုဆိုတဲ့ အချက်ကို ထည့်သွင်း ဆွေးနွေး နေပါတယ်။ ဤအချက်ကို အမေရိကန် အစိုးရက မလိုလားခဲ့ပါဘူး။ ဤအချက်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက် စေတယ်လို့ အမေရိကန် အစိုးရက ယူဆပါတယ်။ နောက်ပြီး အဲ့ဒီ့ အချိန်မှာ မြန်မာ နိုင်ငံဟာ အာဆီယံ အဖွဲ့ထဲဝင်ခွင့် ရအောင် ကြိုးပမ်း ဆောက်ရွက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ထဲပါဝင်လာမှာကို အမေရိကန်အစိုးရက မလိုလားပါဘူး။ မြန်မာ နိုင်ငံ အာဆီယံထဲ ပါဝင်လာရင် အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက် စေတယ်လို့ အမေရိကန် အစိုးရက ယူဆပုံ ရပါတယ်။ အမေရိကန် အစိုးရရဲ့ ကိုယ်စားလှယ်တော် သံအမတ်ကြီး မက်ဒလင်း အောဘရိုက် က အမျိုးသား ညီလာခဲ့ကြီး ပျက်ပြား သွားအောင် NLD အနေဖြင့် အမျိုးသား ညီလာခံကြီးက ထွက်ခွာဖို့ မစုကို အကြံပြုခဲ့ပုံ ရပါတယ်။ မယ်ဒလင်း အောဘရိုက် ပြန်သွားပြီးတာနဲ့ မစုရဲ့ တစ်ချက်လွှတ် အမိန့် နဲ့ NLD ကိုယ်စားလှယ် တွေဟာ အမျိုးသား ညီလာခံကြီးကနေ ထွက်ခွာ ခဲ့ကြပါတယ်။ အချိန်တည်းမှာပဲ မယ်ဒလင်း အောဘရိုက်နဲ့ မစုတို့ တိုင်ပင် စည်းဝါး ကိုက်ထားတဲ့ အတိုင်း အမေရိကန်နှင့် အနောက် အုပ်စုတွေက မြန်မာ နိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ဖို့ မစု တောင်းဆို ခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ မြန်မာနိုင်ငံကို မလာ ရောက်ကြဖို့ မစု ဟန့်တား ခဲ့ပါတယ်။ အမေရိကန်နှင့် အနောက် နိုင်ငံတွေကလည်း မစုရဲ့ အလိုတော်ကျ အတိုင်း မြန်မာ နိုင်ငံကို စီးပွား ပိတ်ဆို့ ဒဏ်ခတ် ခဲ့ကြပါတယ်။ ဒီလိုနဲ့ မစုရဲ့ လုပ်ရပ် တွေကြောင့် နိုင်ငံနှင့် လူမျိုးကို ထိခိုက် နစ်နာ စေခဲ့ပါတယ်။ အဲ့ဒီ့တုန်းကသာ NLD ကိုယ်စားလှယ်များ အမျိုးသား ညီလာခဲ့ကြီးက မထွက်ခွာ ခဲ့ပါလျှင် ခုလောက်ဆို ကျွန်တော်တို့ နိုင်ငံဟာ ယခုထက်မက အခြေတကဖွံ့ဖြိုး တိုးတက် နေပါပြီ မစု။

မစု ခင်ဗျား...... စီးပွား ပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက် လုပ်ရပ် ဖြစ်တယ်လို့ “ ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနဲ့ ” ဆောင်းပါးနှင့် “ မေတ္တာလမ်းစဉ်မှ တစ်ပါး အခြား မရှိပါ ” ဆောင်းပါး တွေမှာ ကျွန်တော် အတိအတင်း ရေးသား ခဲ့ပါတယ်။ အီရတ် နိုင်ငံကို အမေရိကန်နှင့် အနောက် အုပ်စုတွေက စီးပွားပိတ်ဆို့ ဒဏ်ခတ်တဲ့ အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက် သွားပြီး အီရတ် ကလေးငယ် အများအပြား သေဆုံး ခဲ့ကြရပါတယ်။ ဒါကြောင့် စီးပွား ပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ လူသားတွေ ကို သေစေနိုင်တဲ့ အထိ ဖြစ်ပေါ်စေတဲ့ အကြမ်းဖက် တိုက်ခိုက်ခြင်း ဖြစ်တယ် ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ပါဘူး။ စီးပွား ပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက် တိုက်ခိုက်ခြင်း မဟုတ်ဘူးလို့ မစု ငြင်းမှာလား၊ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တကွ လူသိရှင်ကြား မစု ငြင်းနိုင် ပါတယ်။ ဒီလိုမှ မငြင်းပယ် နိုင်လျှင်တော့ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက် တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ လူသိရှင်ကြား မစု ဝန်ခံ ရပါလိမ့်မယ်။ ဒီလို စီးပွား ပိတ်ဆို့ ဒဏ်ခတ်ခြင်း ဆိုတဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပေါ်အောင် အားပေး လှုံ့ဆော် တောင်းဆို ခဲ့တဲ့ မစုရဲ့ မိုက်မှား ခဲ့တာတွေကို လူသိရှင်ကြား မြန်မာ ပြည်သူတွေကို မစု တောင်းပန်ဖို့ လိုပါလိမ့်မယ်။ အမေရိကန်နှင့် အနောက် အုပ်စုတွေရဲ့ မြန်မာ နိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ မြန်မာ ပြည်သူတွေကို အတိုင်းအတာ တစ်ခုထိ နစ်နာ စေခဲ့ပါတယ်။ သို့သော် အီရတ် နိုင်ငံမှာလို ကလေးငယ် အမြောက်အများ သေကြေတဲ့ အထိတော့ ထိခိုက် နစ်နာမှု မရှိခဲ့ပါဘူး။ ဒီလို ဖြစ်ရတာကလည်း အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ လက်တွဲ ညီညီ ကြိုးပမ်း ဆောက်ရွက်မှုတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ မိတ်ဆွေကောင်း ပီသမှုတွေကြောင့် ဖြစ်ပါတယ် မစု။

မစု ခင်ဗျား....... မစု လွတ်မြောက်လာလျှင် စီးပွား ပိတ်ဆို့ ဒဏ်ခတ်ခြင်းကို ရုပ်သိမ်းဖို့ မစု တောင်းဆို လိမ့်မယ်လို့ ကျွန်တော်နှင့် တကွ မြန်မာ ပြည်သူတွေ မျှော်လင့်ခဲ့ ကြပါတယ်။ ဒါကြောင့်လည်း မစုကို မျှော်လင့် တကြီး မြန်မာ ပြည်သူတွေက ဆီးကြို ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခဲ့တဲ့ အမေရိကန် နိုင်ငံ ကိုယ်တိုင်က သူတို့ရဲ့ အမှားတွေကို သိရှိလာပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ ပြည်သူတွေဟာ ခွင့်လွှတ်နိုင်မှု စွမ်းအား အလွန် မြင့်မားတဲ့ လူမျိုးတွေပါ။ မေတ္တာ တရား ထက်သန်ကြတဲ့ လူမျိုးတွေပါ။ ဒါကြောင့်လည်း နိုင်ငံနှင့် လူမျိုးကို ထိခိုက် နစ်နာအောင် လုပ်ခဲ့တဲ့ မစု နဲ့ အမေရိကန် နိုင်ငံအပေါ် နားလည် ခွင့်လွှတ်မှု ပေးနိုင်ခဲ့ကြပါတယ်။ မစု လွတ်မြောက်ပြီး နောက်တစ်ရက် ဖြစ်တဲ့ ၂၀၁၀ နိုဝင်ဘာ (၁၄) ရက်နေ့မှာ “ မြန်မာ ပြည်သူတွေက ခိုင်မာတဲ့ အကြောင်းရပ်တွေနဲ့ Sanction (စီးပွားပိတ်ဆို့ ဒဏ်ခတ်မှု) ကို ဖျက်သိမ်း စေချင်ပါတယ် ဆိုရင် Sanction ကိုဖျက်မည်” လို့ မစု ခပ်ပြတ်ပြတ် ပြောဆို ခဲ့ပါတယ်။ ကျားကိုက် ပါတယ် ဆိုမှ နာပါတယ်လို့ ပြောရ ဦးမလား မစု။ အကြမ်းဖက် ဗုံးခွဲတာကို ထိခိုက် နစ်နာမှုတွေ ရှိပါတယ်လို့ ခိုင်မာတဲ့ အကြောင်းပြချက်တွေ ပေးနေရဦးမှာလား မစု။ မစုရဲ့ ပြောကြားချက်ဟာ အကြမ်းဖက် လုယက် ဓားပြ တိုက်မှုကို ပြုသူတွေနဲ့ အားပေး အားမြှောက် လက်ထောက်ချ သူတွေကို ဓားပြတိုက် ခံရသူတွေက ခိုင်မာတဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်တော် တို့ကို ငဲ့ညှာ သနား ကြပါလို့ တောင်းပန် ခိုင်းသလို ဖြစ်နေပါတယ် မစု။

မစု ခင်ဗျား...... မစုရဲ့ လုပ်ဆောင်ချက်တွေဟာ (၂၂) နှစ်ကျော် လုံးလုံး မြန်မာ ပြည်သူတွေကို ကောင်းကျိုး မပြုရုံ တင်မက ဆိုးကျိုးတွေကို ဖြစ်ပေါ် စေခဲ့ပါတယ်။ (၂၂) နှစ် ဆိုတဲ့ အချိန်ကာလဟာ မျိုးဆက် သက်တမ်း တစ်ခုလို့ ဆိုနိုင် ပါတယ်။ ၁၉၈၉ ခုနှစ် နှစ်ဦးပိုင်းက ကျွန်တော့် ဇာတိမြို့ ကျိုက္ခမီကို မစုလာတုန်းက မစုကို တော်ဝင် သဇင်ပန်းတွေ တစ်ပွေ့ တစ်ပိုက်နဲ့ ဆီးကြိုခဲ့တဲ့ အပျိုဘော် ဝင်စ ညီမလေး မိုးသီတာမင်း ဟာ အခု အခါမှာ ကလေး (၃) ယောက် မိခင် ဖြစ်နေပြီး သူ့သမီးတောင် အပျိုဘော် ၀င်နေပါပြီ။ အဲ့ဒီ့ တုန်းက ကျွန်တော့် အစ်မငယ် ဒေါ်စောမြင့်ဟာ လသား အရွယ် သမီးလေးကို ရင်ဝယ်ပိုက်ပြီး မစုကို ကြိုဆို ခဲ့ပါတယ်။ အဲ့ဒီ့လို ကြိုဆိုခဲ့တဲ့ လသား အရွယ် တူမလေး စုဝေဖြိုးမြင့်တောင် ကလေး အမေ ဖြစ်ခဲ့ပါပြီ။ အဲဒီ တုန်းက အသက် (၃၀) သာ ရှိသေးတဲ့ ကျွန်တော် ဟာလည်း ယခု အခါ အသက် (၅၀) ကျော်ခဲ့ပါပြီ။ ခုချိန်ကြမှ မစု ဘယ်လို လုပ်ပေးလုပ်ပေး ကျွန်တော် တို့လို (၅၀) ကျော် (၆၀) ကျော် အရွယ် မြန်မာ ပြည်သူတွေ အတွက်တော့ နောက်ကျခဲ့ပါပြီ။ ဒါပေမယ့် မျိုးဆက်သစ်မြန်မာလူငယ်တွေ အတွက် နောက်မကျသေးပါဘူး။ ကမ္ဘာတည်သရွေ့ ရှင်သန်တည်ရှိနေမယ့် မြန်မာ နိုင်ငံတော်ကြီး အတွက်လည်း နောက်မကျသေးပါဘူး။ ဟိုတုန်းက မစု မိုက်မှား ခဲ့တာတွေကို သင်္ခန်းစာ ယူပြီး ဒီနေ့ ဒီအချိန်မှာ နိုင်ငံနှင့် လူမျိုး အကျိုးအတွက် မစု လုပ်ဆောင် ပေးသင့်ပါတယ်။ မစုကို မြှောက်စား အသုံးချ သွားသူတွေရဲ့ စကားတွေကို ဟိုတုန်းကလို နားမထောင်ဘဲ နိုင်ငံနှင့် လူမျိုး ချမ်းသာ ကောင်းစားရေး အတွက် ယခု အချိန်မှာ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လုပ်ဆောင် ပေးသင့် ပါပြီ မစု။

မစု ခင်ဗျား..........ဟိုတုန်းကလို ဒီမိုကရေစီ အရေးကို အကြောင်းပြပြီး ဟိုရုတ်ရုတ် ဒီရုတ်ရုတ် ဖြစ်အောင် ဟိုရှုတ်ရှုတ် ဒီရှုတ်ရှုတ် ဖြစ်အောင် မစု မလုပ်ဆောင် သင့်တော့ပါဘူး။ ဟိုတုန်းက အချိုးကို မပြောင်းလဲဘဲ မစုက ဟိုရုတ်ရုတ် ဒီရုတ်ရုတ်ဖြစ်အောင် လုပ်ဆောင်မယ် ဆိုလျှင် ကျွန်တော်တို့ နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံလို နိုင်ငံသား အချင်းအချင်း စိတ်ဝမ်း ကွဲပြားပြီး နိုင်ငံနှင့် လူမျိုးကို ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ အဲ့ဒီ နိုင်ငံဟာ နိုင်ငံရေး သမားတွေ ဟိုရုတ်ရုတ် ဒီရုတ်ရုတ် လုပ်တာကြောင့် နိုင်ငံသား အချင်းအချင်း စိတ်ဝမ်း ကွဲပြားပြီး ဒေါ်လာ ဘီလီယံ နဲ့ချီပြီး ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ နိုင်ငံသားတွေလည်း အသက် ဆုံးရှူံး မှုတွေ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီ့ နိုင်ငံဟာ စီးပွားရေး အင်အား တောင့်တင်း ခိုင်မာတာကြောင့် အတော်အသင့် ခံနိုင်ရည် ရှိပေမယ့် စီးပွားရေး အင်းအား တောင့်တင်း ခိုင်မာမှု မရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်ခဲ့ပါလျှင် နိုင်ငံနှင့် လူမျိုးများ အပေါ် များစွာ ထိခိုက် နစ်နာ ပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးကို ဘယ် အစိုးရကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံနဲ့ လူမျိုးကို ချစ်တဲ့ ဘယ်နိုင်ငံသား ကမှလည်း လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ အစိုးရနဲ့ ပြည်သူတွေဟာ ဒီလို အခြေအနေမျိုး မပေါ်ပေါက် လာစေဖို့ အစွမ်းကုန် ကြိုတင် ကာကွယ် တားဆီး သွားကြမှာ ဖြစ်ပါတယ်။ မစုအနေနဲ့ ဒီလောက် မိုက်တွင်းနက် လိမ့်မယ်လို့တော့ အကောင်းမြင် တတ်တဲ့ ကျွန်တော်တို့ မြန်မာ ပြည်သူ လူထုက မထင်မှတ် ကြပါဘူး။ မစု မိုက်တွင်း နက်ခဲ့ပါလျှင်လည်း ကျွန်တော်တို့ မြန်မာ ပြည်သူတွေက မစုရဲ့ မိုက်မဲမှုတွေကို လုံးဝလက်ခံနိုင်မှာ မဟုတ်ဘဲ အဲဒီ့ မိုက်မဲမှုတွေကို မဖြစ်ခင် ကတည်းက ကြိုတင် ကာကွယ် တားဆီး သွားကြလိမ့်မယ် ဆိုတာကို ကျွန်တော် ရိုးသား ပွင့်လင်း ပြတ်သားစွာ ပြောလိုက် ပါတယ် မစု။

မစု ခင်ဗျား...... ခုအခါမှာ မစုဟာ( ၆၆) နှစ် အတွင်းသို့ ၀င်ရောက် ခဲ့ပါပြီ။ (၆၆) နှစ်ဆိုတာ ဘဝရဲ့ နေဝင် ဆည်း ဆာ ချိန်ပါ။ ( သူ့ ရုပ်ကြီးကရော ဒေါ်စုထက် အိုစနာကျ နေတာ ကြည့်ပါဦး) ဒီတစ်ခါ မစု ပြန်လည် လွတ်မြောက် လာခြင်းဟာ မြန်မာ နိုင်ငံတော်နဲ့ မြန်မာ ပြည်သူတွေရဲ့ အကျိုးကို မစု သယ်ပိုး ဆောင်ရွက် ပေး နိုင်ဖို့ နောက်ဆုံး အခွင့်အလမ်း တစ်ရပ် ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို မစု လက်မလွတ် စေသင့်ပါဘူး။ မစုသာ နိုင်ငံနဲ့ လူမျိုး ချမ်းသာ ကောင်းစားရေး အတွက် လုပ်ဆောင်မယ် ဆိုပါလျှင် မည်သည့် နိုင်ငံရေး ပါတီနှင့်မျှ သက်ဆိုင်ခြင်း မရှိတဲ့ ကျွန်တော် ငါးမင်းဆွေဟာ အမျိုးသား နိုင်ငံရေး စိတ်ဓာတ်ဖြင့် မစုနဲ့ လက်တွဲ ဆောင်ရွက် သွားဖို့ အဆင်သင့် ရှိပါတယ်။ အနည်းဆုံးတော့ မစုရဲ့ ယာဉ်မောင်း တစ်ယောက် အဖြစ် မစုကို ကူညီ ဆောင်ရွက်ပေး နိုင်ပါတယ် မစု။ (ဘာတွေပြော.. ဘယ်တွေ သွားတာ ထောက်လှမ်းဖို့ပါ ခင်ဂျ)

မစု ခင်ဗျား... ကျွန်တော်တို့ မြန်မာ ပြည်သူတွေဟာ မစုရဲ့ ဆည်းဆာ မေတ္တာ ရောင်ခြည်ကို မျှော်လင့် နေကြ ဆဲပါ။

ရိုသေစွာဖြင့်
ငါးမင်းဆွေ
မြို့မေတ္တာခံယူမယ့် ဖားမင်းဆွေ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....