Tuesday, November 2, 2010

တစ်ခုတည်းသော လမ်းစဉ်

ကျွန်တော်တို့ တိုင်းပြည်ဟာ အဘက်ဘက်က ချွတ်ခြုံ ကျနေသည့် အပြင် သဘာဝ ဘေးအန္တာရယ် အမျိုးမျိုးကလည်း အခါမလပ် နှိပ်စက်လျှက် ရှိနေသည်။ တိုင်းပြည် တပြည်တွင် အုပ်ချုပ်သူ အစိုးရ မကောင်းလျှင် တိုင်းသူ ပြည်သားတို့ ကိုယ်ကျင့် သီလ မတည်ဆောက် နိုင်ကြတော့။ စီးပွားရေး ကျပ်တည်း ကျဉ်းမြောင်း လာတယ် ဆိုတော့ မစင်ကြတဲ့ အသက် မွေးဝမ်းမှု တွေကို ပြုလုပ် လာကြရတယ်။ အဲဒီလို ကိုယ်ကျင့် သီလ မလုံခြုံတဲ့ လူတွေ များလာတဲ့ အခါ ကပ်ကြီး သုံးပါး က သူ့သဘာဝ အတိုင်း ဆိုက်ရောက် လာတာပေါ့။ ဒီလို အဖြစ်အပျက်တွေ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေမှာ အထင်အရှား ရှိပါတယ်။ အခုလို အဖြစ်အပျက်တွေကို ကျော်လွှားနိုင်ဖို့ တခုတည်းသော လမ်းစဉ်က တိုင်းပြည်ကို မတရား အုပ်ချုပ် နေတဲ့ အာဏာရှင် အစိုးရကို အမြန်ဆုံး ဖယ်ရှား နိုင်ဖို့ပါဘဲ။

တိုင်းပြည်ရဲ့ ပကတိ အနေအထားက သံယံဇာတတွေ ကုန်ခမ်း လာလို့ အခွံ သာသာပဲ ကျန်ပါတော့တယ်။ အဲဒီ အခွံမှာ ကပ်ကျန်နေတဲ့ အသားလေးတွေကိုတောင် ချမ်းသာ မပေးချင်တဲ့ အာဏာရှင် တွေက ဆက်လက် အုပ်ချုပ်ကြဖို့ အမျိုးမျိုး ကြံစည် နေကြတယ် မိတ်ဆွေတို့ ရွေးကောက်ပွဲ ကို အကြောင်းပြပြီး ပြည်သူ လူထု ဆီက တရားဝင် အုပ်ချုပ်ရေး အာဏာကို ဆက်လက် ရယူ ကြတော့မယ် ဆိုတာကို သိသိကြီးနဲ့ ခေါင်းငုံ့ခံ နေကြတောမှာလား။ ဘယ်သူ မှန်တယ် ဘယ်သူ မှားတယ် ဆိုတာ အထူးအထွေ စဉ်းစားစရာ မရှိပါဘူး။ လက်ရှိ အစိုးရရဲ့ ပြည်သူ လူထု အပေါ်ကို ထားရှိတဲ့ သဘောထား အပေါ်ကို အခြေခံပြီး စဉ်းစားရင် အလွယ်လေးပါ။ ဒီ အာဏာရှင်တွေ ဆက်လက် အုပ်ချုပ် နေသမျှ တိုင်းပြည် အခြေအနေက ပိုမို ဆိုးရွား လာကြမှာ အားလုံး တညီ တညွတ်တည်း လက်ခံ ထားတဲ့ အမြင်ပါ။ ဒါဆိုရင် ဒီအာဏာရှင်တွေပဲ ဆက်လက် အုပ်ချုပ်ရေးကို ထောက်ခံ ပေးထားတဲ့ လက်ရှိ ရွေးကောက်ပွဲကို ပြည်သူတွေ လက်ခံမှာလား ဆန့်ကျင် မှာလား သေချာစွာ စဉ်းစားကြည့်သင့်တယ်။

နိုင်ငံရေး ဝေါဟာရ စကားလုံးတွေ ရှုပ်ထွေးစွာ အသုံးပြုနိုင်မှ နိုင်ငံရေးကို နားလည်တယ်လို့ ခေါ်ဆိုနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ ပြည်သူ လူထု အတွက် ဦးတည် ဆောင်ရွက်တာ ဖြစ်လို့ ပြည်သူလူထု နားလည် နိုင်မှ ဖြစ်မှာပေါ့။ ပြည်သူလူထု သဘောထားနဲ့ ဆန့်ကျင်တဲ့ အယူဝါဒကို မှန်သမျှဟာ ပြည်သူ လူထု ကောင်းစားရေးထက် သူတို့ ကောင်းစားရေးကို ဦးတည် ထားကြတာပါ။ လက်ရှိ ရွေးကောက်ပွဲပါ ဥပဒေ အချက်အလက် တော်တော်များများက သူတို့ အာဏာ တည်မြဲရေးနှင့် ကိုယ်ကြိုးရှာ လူတစ်စု ကောင်းစားရေးကို ဦးထိပ် ထားကြတာပါ။ ဒါပေမယ့် သူတို့ အာဏာ တည်မြဲရေးကို ဦးထိပ်ထားတဲ့ လူတစ်စုက ပြည်သူ လူထု နားမလည် နိုင်တဲ့ နိုင်ငံရေး ဝေါဟာရ စကားလုံးတွေသုံး လက်ရှိ အစိုးရရဲ့ သဘောထား အမှန်ကို လှစ်လျူရှု၊ အနာဂတ်မှာ ဘာလုပ် ပေးပါ့မယ် ဆိုတဲ့ စကားလုံးတွေကို အသုံးချပြီး ပြည်သူ လူထုကို လှည့်စားဖို့ ကြံစည် နေကြတယ်။ လက်ရှိ အနေအထားကို ထည့်မတွက်ပဲ အနာဂတ်မှာ ကောင်းစားရေးကို ကြွေးကြော်၊ မရောက်သေးတဲ့ လွှတ်တော်ဆိုတဲ့ စကားကို တွင်တွင်သုံး နေကြတာ ပြည်သူ လူထု အနေနဲ့ အသိတရား ရသင့်ပါပြီ။

ဒီမိုကရေစီ အုပ်ချုပ်ရေးကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့် ဆိုရရင် ပြည်သူ လူထုက အုပ်ချုပ်ရေး အာဏာကို အမှန်တကယ် တိုင်းပြည် အကျိုးသယ်ပိုး ဆောင်ရွက်မည့် လူများကို အုပ်ချုပ်ရေး အာဏာ အပ်နှင်းတဲ့ စနစ် တစ်ခုပါ။ ပြည်သူ လူထု လိုလား တောင့်တချက် မှန်သမျှကို အုပ်ချုပ်ရေးပိုင်းကို တာဝန် ပေးအပ်ခြင်း ခံထားရတဲ့ လူတွေက အကောင်အထည် ဖော်ပေးရတာ ဒီမိုကရေစီပါ။ ပြည်သူ လူထုကို ကိုယ်စား ပြုပြီး သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များက တိုင်းပြည် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံ ရေးဆွဲ ထားတဲ့ တရား မျှတတဲ့ ဥပဒေကို တိုင်းသူ ပြည်သားတိုင်း စောင့်ထိန်း လိုက်ကြရမယ်။ အကယ်၍ သတ်မှတ် ထားတဲ့ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခဲ့ရင် မည်သူ့ကို မဆို အပြစ်ပေး အရေးယူလို့ ရတဲ့ အုပ်ချုပ်ရေး စနစ်တခုပါ။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေတာ ဒီမိုကရေစီ။ ပြည်သူ လူထု အားလုံး တညီတညွတ်တည်း တန်းတူ ညီမျှ အခွင့်အရေးကို ပိုင်ဆိုင်ခွင့် ရနိုင်တာ ဒီမိုကရေစီ စနစ်မှာပဲ ရှိပါတယ်။

နိုင်ငံတော် သီချင်းလေးကို လူတိုင်း ရကြမှာပါ။ အဲဒီ သီချင်းလေးထဲ အတိုင်း ကျွန်တော်တို့ အခွင့်အရေးတွေ ရကြလို့လား။ ဘယ်မှာလည်း တရားမျှတမှု၊ ဘယ်မှာလည်း ခွင့် တူညီမျှမှု သေချာ စဉ်းစားကြည့် ကြစမ်းပါအုံး။ ပြည်ထောင်စု အမွေကို ထိန်းသိမ်း ပါ့မယ်လို့ ဓိဌာန် ပြုထားတဲ့ လူတွေက တိုင်းရင်းသား တွေကို သူပုန်လို့ သတ်မှတ်ပြီး အကြမ်းဖက် နှိမ်နှင်း လိုက်ကြတာ ပြည်ထောင်စုကို ထိန်းသိမ်း တာလား၊ ဖြိုခွဲ လိုက်တာလား။ ဘာတွေကို တွေဝေနေကြတာလည်း။ ဘာတွေကို စဉ်းစားနေကြတာလည်း။ မျက်မြင်ထင်ရှား သက်သေ အထောက် အထားတွေကို ငြင်းဆန်ပြီး အနာဂတ် ဆိုတာကြီးကို ကျော်မတွေး ကြပါနဲ့။

ဒီမိုကရေစီ နိုင်ငံကို ချီတက်မယ် ဆိုတဲ့ အစိုးရက ဘာတွေများ တရား မျှတမှုတွေ ဖော်ဆောင် နေလို့လည်း။ ပဲခူးလို မြို့ပေါ်မှာ အရပ်သားနဲ့ စစ်သား အချင်းများရာ သေနတ်နဲ့ ပစ်သတ် လိုက်တယ်။ ဘယ်သူကို တရားသွားစွဲမလဲ၊ အပြစ်မဲ့တဲ့ မိန်းကလေး တွေ မုဒိန်းကျင့်ခံရတယ် ၊ ဘယ်သူ့ကို သွားတိုင်ရမှာလည်း ။ တိုင်းရင်းသားကျေးရွာတွေ ဖျက်စီးတာ ခံရတယ် ဘယ်သူ့က လာပြီး အရေးယူ ပေးမှာလည်း။ အခြား လွတ်လပ်ခွင့်ကို ဆိုတာ အသာထား စာပေ လွတ်လပ်ခွင့်တောင် ရလို့လား။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ် နေတာလား။ ဘယ်လို အချက်အလက် တွေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကြီးပါလို့ လိုက်လံပြီး ကြွေးကြော် နေတာကို လက်ခံ ထားကြတာလည်း။ ဒါတောင် တရားဝင် အုပ်ချုပ်ရေး အာဏာ အပ်နှင်းခြင်း ခံထားရတဲ့ အစိုးရ မဟုတ်ဘူးနော်။ ပြည်သူ လူထုကသာ ရွေးကောက်ပွဲကို လက်ခံလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ် လိုက်တာနဲ့ တူတူ ပါဘဲ။

ဒီလမ်းကို လျှေက်ရင် ဒီခရီးပဲ ရောက်မှာ၊ ရွေးကောက်ပွဲ ဖြစ်မြောက် သွားရင် စစ်အာဏာရှင်တွေပဲ စိုးမိုးကြမှာ။ ဒါတွေကို သိသိကြီးနဲ့ လက်ခံ ကြတော့မှာလား။ အမြင်တွေ မမှား ကြစမ်းပါနဲ့။ ဒီနေ့ လက်ရှိ မြန်မာနိုင်ငံ အနေအထားက ပြည်သူ လူထု ရုန်းမှ ဖြစ်တော့မှာ။ ခေါင်းဆောင် ကောင်းတွေ ရှိတုန်း ရုန်းထ လိုက်ကြစမ်းပါ။ ပြည်သူ လူထု ကောင်းစားရေး အတွက် ရွေးချယ်စရာ လမ်း မရှိတော့ပါဘူး။ အားလုံး ရရာ လက်နက် စွဲကိုင်ပြီး ပြည်သူ လူထု လိုလား တောင့်တချက်ကိုပဲ တညီတညွတ်တည်း တောင်းဆိုကြမှ ရတော့ မှာပါ။ ဒါဟာ တမျိုးသားလုံး အာဏာရှင် စနစ်အောက် လွတ်မြောက် စေမည့် တစ်ခုတည်းသော လမ်းစဉ်ပါ။ ဒီလမ်းစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ကြမှ ဖြစ်တော့မယ်။

ရဲဘော်တို့
အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး
အခု စစ်မြေပြင်ကို ထွက်ကြမယ်
ဆင်းရဲမယ် ငတ်မယ်
အခက်အခဲ တွေနဲ့ ရင်ဆိုင် ကြရမယ်
ဗမာ ပီပီ ဗမာ့သွေးကို ပြကြပါ
အထက် ဗိုလ်များကလည်း သာတူညီမျှ ရဲဘော် စိတ်ထားပါ
အနီး စပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ၊
ရဲဘော်တို့နဲ့ အတူတူ ကျွန်ုပ် ကိုယ်တိုင် ချီတက်မယ် ..
ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ထွက် မိန့်ခွန်းမှာ ဘာတွေ အကျိုး ခံစားရမယ်လို့ပါခဲ့လည်း စဉ်းစား ကြည့်ကြစမ်းပါ။

ဒါပေမယ့် ဘာကို လိုချင်လို့ စစ်မြေပြင်ကို ထွက်မှာလည်း၊ အဲဒီ စစ်ပွဲမှာ အနိုင် ရခဲ့ရင် ဘာတွေ ရရှိမှာလည်း တိုက်ပွဲ ၀င်မည့် ရဲဘော်တွေ သာမက ပြည်သူ လူထု အားလုံးကလည်း သိရှိ နားလည် ပြီးသားလေ။ ဗိုလ်ချုပ်ရယ် စစ်မြေပြင်ကို မထွက်ပါနဲ့ ပြည်သူတွေ သွေးမြေကြမှာ ဖြစ်လို့ နစ်နာ ပါတယ်လို့ ပြောတဲ့ လူတွေလည်း အဲဒီ အချိန်က ရှိခဲ့ကြမှာပါ။ ဒီလောက် အင်အား ကောင်းတဲ့ နယ်ချဲ့တွေကို သွားတိုက် ကြမလို့တဲ့ ဆိုပြီး လှောင်ပြောင် ခဲ့တာတွေလည်း ရှိမှာ။ ဒါပေမယ့် ယုံကြည်ချက်ကို ဦးထိပ် ထားပြီး မှန်ကန်တဲ့ လမ်းစဉ် တစ်ရပ်ကို ဖော်ဆောင် ပေးနေတဲ့ ဗိုလ်ချုပ် အောင်ဆန်း နောက်ကို ပြည်သူ လူထု တရပ်လုံးက လိုက်ပါလာကြလို့ မြန်မာပြည် လွတ်လပ်ရေး ရတာပါ။ အခုလည်း ဒီမိုကရေစီ တိုက်ပွဲဝင်ဖို့ အတွက် အကျိုးအမြတ်ကို သိထား ပြီးသားပါ။ တစ်မျိုးသားလုံး ကောင်းစားရေးကို ဦးထိပ်ထားရင် အနည်းငယ်သော လူတွေ ဒုက္ခ ရောက်တာ လောက်ကို တွက်မနေကြနဲ့လေ။ လွတ်လပ်ရေး တိုက်ပွဲဝင်မှ သေမှာ မဟုတ်ဘူး၊ သေခြင်း တရား ဆိုတာ မွေးဖွား ပြီးတာနဲ့ မဖြစ်မနေ ကြုံတွေ့ရမယ့် အရာတစ်ခု။ ဘယ်သူမှ မကျော်လွှားနိုင်တဲ့ သဘာဝရဲ့ နိယာမ တရား။ အသက်ရှင် နေတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံသားတွေ လူအခွင့်အရေး လေးတော့ ပြည့်ပြည့် ၀၀လေး စံစား စေချင်တယ်ဗျာ။ အဲဒီလို လူအခွင့်အရေး ရဖို့ တိုက်ပွဲ ၀င်ကြမှ ရတော့မှာ။

အားလုံး ညီညွတ်ရင် ဒီအာဏာရှင်တွေကို ဖြုတ်ချလို့ ရပါတယ် ဆိုတဲ့ အမြင်ကို နိုင်ငံရေး လှုပ်ရှား နေတဲ့ လူတွေ အားလုံး တညီတညွတ်တည်း လက်ခံ ထားကြပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ စည်းလုံး ညီညွတ်မှုကို မဖော်ဆောင် နိုင်ဘူးလို့ ယူဆတာက တကြောင်း၊ တိုက်ပွဲဝင်ရမှာ ကြောက်လို့ အာဏာရှင်တွေကို ခေါင်းငုံ့ခံချင်တာက တကြောင်း ၊ ကံကောင်းရင် ငါတို့ နေရာလေး ရနိုင်ပါတယ် လို့ ယူဆတာက တကြောင်း၊ အကြောင်း အမျိုးမျိုးနဲ့ အာဏာရှင်တွေ ရှေ့မှာ ဒူးထောက် နေကြပေမယ့် သူတို့တွေရဲ့ လိမ်လည် လှည့်ဖျား တတ်တဲ့ ပါးစပ်ဖျားက တိုင်းပြည် ကောင်းစားရေး ဆိုတဲ့ စကားလုံးကို အာဂုံ ဆောင်ထားတော့ ပြည်သူ လူထု အမြင်တွေ လွဲမှား ကုန်ကြတာပေါ့။
ဇွန်ပန်းရုံ အနီး လှည်းဘီး နွံထဲ ကျွန်နေသည်
ကူ၍ တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူ တွန်းလျှင် ရွှေ့နိုင်ပါသည်။
ငယ်စဉ်ခါက အသံ သာသာလေးနဲ့ ရွတ်ဆိုခဲ့ကြတဲ့ ကဗျာလေး တွေကို မေ့ထား ကြတော့မှာလား။ ကိုယ်တိုင်က ကူညီ၍ တွန်းပေးဖို့ အသာထား ကူ၍ တွန်းပေးတဲ့ လူတွေကို လှောင်ပြောင် နေကြတယ်၊ ကူညီပြီး တွန်းပေးလိုက်ရင် အားအင် ကုန်ခမ်းမှာပေါ့လို့ အကြောင်း ပြလာကြတယ်။ သူ့ဟာသူ လှည်းဘီး နွံထဲ ကျွံတာ ငါတို့ လှည်းမှ မဟုတ်တာ ဆိုတဲ့ အတွေး အခေါ်သမား တွေက ပိုပို များလာကြတယ်။

အဖြောင့်တွေးရင် ကူညီပြီး တွန်းပေးလိုက် ရင် လှည်းဘီး နွံထဲက အသာလေး ရုန်းထွက်နိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့် လှည်းဘီးကြီး ကျွံနေတာ၊ ဘယ်လို ၀န်မျိုးကို သယ်ဆောင် လာလို့ လှည်းဘီး နွံထဲ နစ်နေတာ၊ လှည်းမောင်း သူကမှ မကျွမ်းကျင်တာ၊ နေပူရင် အပူချိန် များပြီး နွံထဲက ရေတွေ ခြောက်ခမ်း သွားမှာပါ။ အဲဒီလို လက်တွေ့မကျတဲ့ အတွေးအခေါ်တွေနဲ့ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ပြီး သုံးသပ် နေသမျှတော့ လှည်းဘီးက နွံထဲကကို ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ အားစိုက်ပြီး တွန်းနေကြတဲ့ လူတွေသာ အင်အား ကုန်ခမ်း သွားမှာပေါ့။ လက်ရှိ တိုင်းပြည် အနေအထားကလည်း နွံထဲကို နစ်နေတာပဲ။ ကူညီ၍ တွန်းပေးမယ့် လူတွေကိုပဲ အလိုရှိနေတာပါ၊ ဘာကြောင့်ဆိုတာ မြန်မာပြည်ကြီး အာဏာရှင် နွံထဲက ရုန်းထွက်ပြီး လမ်းမှန်ပေါ်ကို ရောက်လာတဲ့ အခါ ၀ိုင်းပြီး အဖြေရှာ ကြည့်ကြပေါ့။ အခုတော့ အတွေးအခေါ် သမားတွေထက် လက်တွေ့ နွံထဲက ရုန်းထွက်တောင် တွန်းပေးမယ့် လူအင်အားပဲ များများ လိုပါတယ်ဗျာ။

အခု ချိန်ခါမှာ ခေါင်းဆောင် ကောင်းတွေရှိ နေကြပါသေးတယ်၊ ပြည်သူ လူထု ကိုယ်စားပြု ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည် ပါလို့ လူထုက တညီတညွတ်တည်း သတ်မှတ် ထားရုံတင် မကပါဘူး၊ အခု ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင် ကြမယ့် နိုင်ငံရေးသမား အများစု ကလည်း လက်ခံ ထားကြပါတယ်။

လက်ရှိ အနေအထားမှာ အစိုးရရဲ့ မတရား ဖမ်းဆီးခြင်းကို ခံထားရပေမယ့် ပြည်သူလူထု အတွက် သူမဟာ ဆက်လက် ရှင်သန် နေပါတယ် ဆိုတာကို အမြဲ အသိပေး နေတုန်းပါ။ သူ လုပ်ပေး နိုင်တာက လမ်းပြ ပေးနိုင်ယုံပါဘဲ။ သူမဟာ အခု ချိန်ထိ တိုင်းပြည်နဲ့ လူမျိုး အပေါ်ကို သစ္စာ ရှိစွာ ခေါင်းဆောင်မှု ပေးနေတုန်းပါ။ လွဲမှာတဲ့ ထင်မြင် ယူဆချက်တွေကို လက်ခံ လိုက်ပြီး သိသိကြီးနဲ့ အညံ့ခံ လိုက်ကြရင်တော့ ရာဇ၀င်တွေ ရိုင်းကုန်လိမ့်မယ်နော်။ နောင်လာမည့် မျိုးဆက်တွေ အများကြီးက လှောင်ပြောင် သရော်သံတွေကို ခံနိုင်ကြလို့လား။ ရင်သွေး ငယ်လေးတွေ ပါးစပ်ဖျားက မိဘတွေ ညံ့တယ် ဆိုတဲ့ စကားသံက ချိုသာ နိုင်ပါ့မလား ကိုယ်တွေ့သာ စဉ်းစား ကြည့်ကြတော့ပေါ့။

မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သယ်ဆောင်လာတဲ့ သာသနာ ငါတို့ လက်ထက်မှာ ကွယ်ရင် ငါတို့ဟာ သာဿာနာဖျက်။ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သယ်ဆောင် လာတဲ့ လူမျိုးတွေ ကွယ်ပျောက်ရင် ငါတို့ဟာ အမျိုးဖျက်သူ။ တည်းတည်းလေးပဲ ကျန်ပါ တော့တယ်နော်၊ အဲဒီ စကားတွေကို ဆရာတော် ဦးသုမင်္ဂလက တနိုင်ငံလုံး လှည့်လည်ပြီး ဟောကြားခဲ့တာ နောက်ဆုံး မျိုးဆက် ဖြစ်ကုန်မှာ စိုးလို့ပါ။

မြတ်ဗုဒ္ဓရဲ့ သာသနာတော် ထွန်းကား ပါတယ် ဆိုတဲ့ နိုင်ငံမှာ အနှိပ်ခန်း တခန်း ဖွင့်ချင်ရင် လွယ်တယ်။ တရားပွဲ တပွဲ ဖြစ်မြောက်ဖို့ မလွယ်ပါဘူး။ ဒါတွေက ယုံတမ်း စကား မဟုတ်ဘူးနော်။ အချို့ဆို တရားပွဲကို ဦးဆောင် ကျင်းပတဲ့ လူက ငွေပေးရုံတင် မကဘူး အချုပ်ထဲ အရင် ၀င်ပေး ရသေးတယ်။ သာသနာ ဘယ်လောက် အောက်တန်း ကျနေပြီလည်း စဉ်းစား ကြည့်ကြပါအုံး။ ဒီနေ့ နိုင်ငံ တကာမှာ မြန်မာ လူမျိုးတွေ ဘယ်လောက် အောက်တန်း ကျနေပြီလည်း။ တနိုင်ငံလုံးလည်း ၀န်ထမ်း မှန်ရင် မခိုးမနေရ၊ လာဘ် မစားရင် နေရာမရ ဒီလို ဆောင်ပုဒ်တွေနဲ့ ချီတက် လာလို့ ဒီနေ့ လက်ရှိ အနေအထားမှာ ရပ်ကွက် ထောက်ခံစာတောင် အလကား ရလို့လား။ သတ်မှတ် ထားတဲ့ တန်ရာ တန်ကြေး အတိုင်း ပေးဆောင်လို့ ရတဲ့ အစိုးရ ရုံး ဌာနတွေ ရှိလို့လား။ သတိထား ကြည့်ကြ စမ်းပါ။

မိုးလွန်မှ ထွန်ချ၊ ကလေးကျမှ လှေကားထောင်၊ ရန်သူလာမှ ဒူးလေးပြင်၊ အဲဒီ ဆောင်ပုဒ်တွေက လိုက်နာဖို့လား ရှောင်ကြဉ်ဖို့လား။ ကံကို ယုံ၍ ဆူးပုံ မနင်းရာ၏တဲ့။ ကံဆိုတာ မမြင်နိုင်လို့ ထားပါတော့ ဒီလောက် ယုတ်မာ ကောကျစ် ညံ့ဖျင်းတဲ့ ကိုယ်ကျိုးရှာ ၀ါဒသမားတွေ လုပ်ရပ်က ထင်ထင် ရှားရှား ရှိပါလျှက်နဲ့ သူတို့ စကားကို အဟုတ်မှတ် ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ် ပါတယ်လို့ ထအော် နေတာကို ယုံကြည် နေကြရင် သူတို့ တော်တာ မဟုတ်ဘူး၊ ကျွန်တော်တို့ ညံ့တာ ဖြစ်သွား မှာပေါ့။

ကျွန်ုပ်တို့ မြန်မာ လူမျိုးများသည် မဟုတ်လျှင် မခံ၊ မတရားလျှင် တော်လှန် ဆိုတဲ့ ရှေးရှေးက ကျွန်တော်တို့ တိုင်းပြည်ရဲ့ သူရဲကောင်းတွေရဲ့ စကားတွေကို လက်ကိုင်ထားပြီး ကိုယ်အား ကိုယ်ကိုးလို့ ရုန်းထ နိုင်ပါမှ လွတ်မြောက် နိုင်မည့် အခြေအနေကို ရောက်နေ ကြပါပြီ။ ကျွန်ုပ်တို့မှာ ရွေးချယ်စရာ လမ်းမရှိတော့ပါဘူး။ သူတို့ လုပ်သမျှ ခေါင်းငုံ့ နေကြမယ့်အစား တိုင်းပြည်နဲ့ လူမျိုး အတွက် နိုင်ရာ တာဝန်ထမ်းပြီး ကျရာ အခန်းကဏ္ဍ ကနေ တိုက်ပွဲ ၀င်ကြ၍ အနာဂတ်မှာ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်စေမည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ ချီတက် ကြပါစို့။

ခင်မင် လေးစားလျှက်
ဗမာ့သွေး

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....