Sunday, October 31, 2010

မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ(ဒုတိယအကြိမ်-ဂျပန်)မှ မြန်မာပြည်တွင်းရှိပြည်သူများထံသို့အမှာစကား


၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) မှ “မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်)” ကို ယနေ့ (၃၁-၁ဝ-၂ဝ၁ဝ) Takadanobaba, Tokyo, Japan ၌ နံနက် ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပပါသည်။

ဆွေးနွေးပွဲတွင် မိုင်ကျော်ဦး(NDF) ၊ အရှင်ထာဝရ (ABMRC)၊ ဦးတင်ဝင်း (FWUBC)၊ ဦးဇော်မင်းခိုင် (ALD-Exile-Japan)၊ ဦးသန်းဆွေ(BDA)၊ ဦးရဲငြိမ်း(အလင်းအိမ် မဂ္ဂဇင်း)နှင့် ဦးလွင်အောင်စိုး (Save Burma)တို့၏ ဆွေးနွေးသုံးသပ်ချက်များကို ဦးကျော်ကျော်စိုး (LDB) မှ Moderator အဖြစ် ကူညီဆောင်ရွက်ပေးပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများထဲမှ ဦးဖုန်းလှိုင် (FWUBC & Peaceful Burma)၊ စောမျိုးခိုင်ရှင်း (KNU-Japan)၊ ဦးလှအေးမောင် (ALD-Exile-Japan)၊ ဦးဘောင်လု (KNCD-LA-JP) တို့က ပြန်လှန် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ စုစုပေါင်း (၃၄)ဦး ရှိပါသည်။

“မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်)” ၏ အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံ၌ နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပတော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာပြည်သူများထံ အမှာစကား ပန်ကြားခြင်း ဖြစ်ပါသည်။

ယနေ့ဆွေးနွေးပွဲ၏ ရလဒ်မှ ထွက်ပေါ်လာသော ပြည်သူသို့ အမှာစကား ပန်ကြားချက် (Message) မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ရွေးကောက်ပွဲသည် ပြည်သူတို့၏ အနာဂတ် ကံကြမ္မာ အကောင်းအဆိုးကို ဖန်တီးမည် ဖြစ်၍ ပြည်သူတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ရာတွင် --

* တရားမျှတမှု မရှိသော၊ လူ့အခွင့်အရေးများကို အာမခံထားခြင်း မရှိသော၊ ဒီမိုကရေစီ စံနှုန်းများဖြင့် ကိုက်ညီခြင်း မရှိသော ၂ဝဝ၈ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် ပြည်သူတို့အနေဖြင့် မဲမပေးပဲ နေပိုင်ခွင့်ရှိသည့်အတိုင်း မဲမပေးပဲ နေရန်၊
* အကယ်၍ မဖြစ်မနေ မဲပေးရမည်ဆိုပါက မိမိတို့ ယုံကြည်အားကိုး ကိုယ်စားပြုပေး နိုင်မည့်သူများ မရှိလျှင် ရွေးကောက်ပွဲဝင်ပြိုင်သူ မည့်သူကိုမျှ မဲပေးရွေးချယ်ခြင်း မဟုတ်သည့် ပယ်မဲ ဖြစ်စေရန်၊
* “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ကို လူထုအင်အား အလုံးအရင်းဖြင့် ထောက်ခံကြိုဆို အားပေးကြရန်၊
* ရွေးကောက်ပွဲလွန်ကာလ မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားရေးအတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားကြရန်၊ အမှာစကား ပန်ကြားလိုက်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....