Monday, September 20, 2010

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian ၏ ဂျပန်ခရီးစဉ်နှင့်ပတ်သတ်၍ သဘောထား ထုတ်ပြန်ကျေညာချက်

၂၀၁၀ စက်တင်ဘာလ (၂၀)ရက်။

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့သည် ၃၁-၈-၂၀၁၀ နေ့မှ ၂-၉-၂၀၁၀ နေ့အထိ ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံအစိုးရအဖွဲ့ဝင် ဒုတိယပညာရေးဝန်ကြီးလည်းဖြစ်သူ Masaharu Nakagawa နှင့်လည်းကောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း ကောင်းလာ ရောက်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက် ဆွေးနွေးသွားကြောင်း ကြားသိရပါသည်။
ထိုသို့သွားရောက်တွေ့ဆုံရာတွင် ဦးဟန်ညောင်ဝေတို့နှင့်အတူ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(ဂျပန်) Association of United Nationalities in Japan, AUN (Japan) ရှိ တိုင်းရင်းသားအဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများ အတူတကွ လိုက်ပါသွားကြောင်း ခရီးစဉ်ပြီးဆုံးမှ သိခဲ့ရပါသည်။

မိမိတို့ AUN(Japan)အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ပြည်သူလွတ်တော် ကိုယ်စားပြုကော်မတီတို့၏ မူဝါဒများကို လိုက်နာရန် ဘုံနိုင်ငံ ရေးရည်မှန်း ချက်များချမှတ်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည် ထောင်ရေးလုပ်စဉ်များတွင် တခြားသော ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားပါတီများပါဝင်သော ပြည်သူ့လွတ်တော်ကိုယ်စားပြု ကော်မတီကပါ စစ်အစိုးရက ကြီးမှူးပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိုဆန့်ကျင်သ ပိတ်မှောက်ကြောင်းအသီးသီးကျေညာခဲ့ကြပြီးဖြစ်ပါသည်။ AUN (Japan) ရှိတိုင်းရင်းသားအဖွဲ့အစည်း အသီးသီးကလည်း ဤလမ်းစဉ်ကိုအကောင် အထည်ဖေါ်ရန် သဘောထားများကို အတိအလင်း အသီးသီးကျေညာခဲ့ကြပြီးဖြစ်ပါသည်။
သို့သော်ယခုဦးဟန်ညောင်ဝေ၏ခ ရီးစဉ်သည် AUN-Japan ၏မူဝါဒနှင့်လုံးဝကွဲပြားခြားနားနေကြောင်း သိ ရှိခဲ့ရပေသည်။

သို့ဖြစ်ပါ၍ ယခု ဦးဟန်ညောင်ဝေ၏ စစ်အစိုးရ တရားဝင်ရေးကြိုးပန်းမှုတွင် AUN (Japan) အနေနှင့်ပါဝင် ပတ်သတ်မှုမရှိကြောင်းနှင့် ယင်း၏လုပ်ရပ်မှာမိမိတို့၏မူဝါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော လုပ်ရပ်ဖြစ် ပါကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်)
၂၀၁၀ခုနှစ် စက်တင်ဘာလ (၂၀)ရက်
ဆက်သွယ်ရန်- ၈၁-၈၀ ၂၀၄၈ ၅၈၃၄၊ ၈၁-၈၀ ၂၀၃၄ ၁၈၇၈

ကိုမိုင်ကျော်ဦး ထံမှကူးယူဖေါ်ပြသည်။

1 comment:

  1. ဟန်ညောင်ဝေ ဆိုတာ နအဖရဲ့ တန်ပြန်ထိုးဖေါက်ရေးသမား ဆိုတာကတော့ သိသာလွန်းနေတာကြာပါပြီ။ တဖက်က သူက နအဖ ရွေးကောက်ပွဲကိုယုံကြည် လွန်းနေသူ တိုင်းသားအရေးအတွက် နအဖ ကိုဝင်လုံးနေသူအဖြစ် မြင်သာအောင်လုပ်နေပေမယ့်။ EU မှာ နအဖအတွက် ထောက်ခံမှုတွေရအောင် လုပ်ပေးနေတဲ့အထဲမှာ ဟန်ညောင်ဝေ နှင့်သူလက်သတ်မွေးထားတဲ့ အမေရိကန်ရောက် တတိယအုပ်စုတွေပါတယ်။ ဂျာမဏီမှာ မစ္စတာဗားဆင့် ကို နအဖရွေးကောက်ပွဲအတွက် ကောင်းကောင်းကြီး နားသွင်းပေးခဲ့တဲ့လူပဲ။ ဂျပန်က ဒီမိုကရေစီရေးအုပ်စုတွေက နိုင်၊စစ်၊စီး၊ကမ္ဘာ ဆိုတဲ့အခြေခံကို လက်မလွတ်သင့်ဘူး။ ဂျပန်က မြန်မာစစ်အစိုးရမကလို့ ဘာအစိုးရလာလာ အနီးစပ်ဆုံးဖြစ်ခြင်နေတာ ဂျပန်ပါ။ ကုန်းတွင်းပိုင်းဒေသကို ဂျပန်အနေနှင့် မြန်မာနိုင်ငံကိုဘဲ မျော်ကိုးစရာရှိပါတယ်။ ဒါကြောင့်လည်းကမ္ဘာကြီး ဘာအော်နေနေ ဂျပန်ကတော့ မြန်မာနိုင်ငံကို အများဆုံး ထောက်ပံ့နေသူ အဖြစ်အောက်လျော့ သွားမှာ မဟုတ်ပါဘူး။ ဂျပန် ဒီမိုကရေစီရေး အင်းအားစုတွေ အတွင်းစည်းကို အကောင်းဆုံးပြုပြင်ထားသင့်တယ်။ ဆရာလုပ်တာမဟုတ်ပါဘူး ရဲဘော်ရဲဖက်တယောက် အနေနှင့် သတိပေးတာပါ။ ဘယ်လိုအတွင်းစည်းမျိုးလဲ ဂျပန်အစိုးရနှင့် ဒီမိုအင်အားစုတွေအကြား နားလည်မှုကို အပေါ်ယံနားလည်မှုမျိုးထက် အတွင်းကျလာအောင် ဖန်တီးယူသင့်သည်။ မကြာခင်လုပ်တော့မယ့် နအဖ ရွေးကောက်ပွဲအပြီးတွင် ဂျပန်အစိုးရက ပေါ်လစီအသစ်ဖြစ်လာနိုင်သည်။ ပိုပြီးယုံကြည်ရတာက အာစီယံထဲမှာ နောက်တက်လာမည့် ၂၀၁၀ ရွေးကောက်ပွဲအစိုးရကို လက်ခံလိုက်ရင် ဂျပန်လဲ ချော်လဲရောထိုင်တော့မှာ အသေချာပါ။ လက်ရှိ နိုင်ငံတကာနှင့်အမေရိကန် အမြင်မစောင်းရအောင် ဒီမိုအုပ်စုတွေကို ဂျပန်က ချိုချဉ်ကြွေးထားပေမယ့်။ ဂျပန်က အမျိုးသားရေးဝါဒီသမား ဆိုတာကို လုံးဝ လုံးဝမမေ့ပါနှင့်။ လက်ရှိ ဒီမိုအင်အားကို ပြိုကွဲအောင်လုံးဝ မလုပ်ပါနှင့် သေသေသပ်သပ်ဖြင့် ကျစ်လစ်အောင် ပြန်စုစည်းသင့်ပါသည်။ ဂျပန်၏အညှာကို သိနေသည့်အတွက် ထိုအညှာကို အကျိုးရှိရှိအသုံးချသင့်ပါသည်။ ယ္ခုရေးသမျှသည် အပြုသဘောနှင့် အကျိုးစီးပွါးကိုဆောင်သော ဝေဖန်အကြံပေးခြင်းဖြစ်ပါသည်။

    လေးစားသင့်သူများကို လေးစားလျှက်
    ကီးဘုတ်

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....