Wednesday, September 22, 2010

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။



ယနေ့ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အမှတ်(၁၄) နွယ်နီလမ်း စောရန်ပိုင် အနောက် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်တွင် ဒီမိုကရေစီ အင်အားစု များစွာဖြင့် ကျင်းပ ခဲ့ပါသည်။ နံနက် (၁၀) နာရီ အချိန်တွင် ပင့်ဖိတ် ထားသော ဆရာတော် သံဃာတော် အရှင်သူမြတ် (၅) ပါးမှ (၅)ပါး သီလပေးပြီး၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ် ပရိတ် တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ် ချီးမြှင့်တော် မူခဲ့ကြပါသည်။

ထို့နောက် ဆရာတော် အရှင်သူမြတ်များကို ကိုလူမော်လတ်၊ မ၀င်းမော်ဦး(၈၈ကျဆုံး)၏ အဖွား ဒေါ်နီနှင့် NLD ပါတီဝင်များက လှူဖွယ် ၀တ္ထုနှင့် သင်္ကန်းများကို ဆက်ကပ် လှူဒါန်း ခဲ့ပါသည်။ ဒီမိုကရေစီ တိုက်ပွဲ အတွင်း ကျဆုံး သွားကြ ကုန်သော ရဟန်းရှင် လူ၊ ကျောင်းသား/သူ အပေါင်းကို အမျှ ပေးဝေပြီး၊ မြန်မာနိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင် များ၌ မတရား ဖမ်းဆီး အကျဉ်း ချထားခြင်း ခံနေရသော ရဟန်း သံဃာတော်များ၊ နိုင်ငံရေး သမားများနှင့် ကျောင်းသား လူငယ် မျိုးဆက်သစ် များကို အမြန် လွတ်ငြိမ်း ချမ်းသာ ရပါစေခြင်းငှာ ဆုတောင်း မေတ္တာ ပို့သ ခဲ့ကြပါသည်။ အဲ့ဒီ နောက်မှာတော့ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြပါသည်။ ကြွရောက် လာကြသော ဒီမိုကရေစီ အင်အားစု ဧည့်ပရိတ်သတ်ကို ကြက်သား၊ ၀က်သား၊ ငါးဟင်း၊ အသီးအရွက် အစိမ်းကြော်များ၊ ငါးပိကြော်၊ တို့စရာ မျိုးစုံတို့ဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေး ခဲ့ပါသည်။

အဆိုပါ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆွမ်းကျွေး ကပ်လှူပွဲ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဘဘ ဦးတင်ဦး၊ ဒေါက်တာ မျိုးအောင် (NLD ရန်ကုန်တိုင်း စည်းရုံးရေးမှုး)၊ ရဲရဲတောက် ဦးသိန်းအောင်(ရွှေပြည်သာ)၊ ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော်နှင့် NLD ပါတီ (အင်္ဂါဝတ်ပြု ဆုတောင်း အဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး(၈၈ ကျဆုံး)၏ အဖွား ဒေါ်နီနှင့် သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘ ဦးအုန်းမောင်၊ မမာမာဦးNLD ပါတီဝင်(ဗန်းမော် အကျဉ်းထောင်၌ ထောင်ကျနေသူ)၏ ဖခင် ဦးသိန်းမောင်၊ ဒေါ်ရှု NLD၊ ကျောက်တန်း မြို့နယ် NLD ပါတီ ဥက္ကဌနှင့် ပါတီဝင်များ၊ စမ်းချောင်း မြို့နယ် NLD ပါတီ ဥက္ကဌ ဦးသက်ဝေနှင့် ပါတီဝင်များ၊ ရှေ့နေလေး ကိုဖိုးဖြူ (အလုပ်သမား အကျိုးဆောင်)၊ ကြည့်မြင်တိုင် မြို့နယ် NLD ပါတီဝင်များ၊ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှု အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း NLD အမျိုးသမီး အဖွဲ့များနှင့် အခြားသော ဒီမိုကရေစီ အင်အားစုများက တက်ရောက် ချီးမြှင့် အားပေး ခဲ့ကြပါသည်။ ထို့နောက် အလုံမြို့နယ် NLD လူငယ် ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာ တစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေခြင်း အတွက် ဂျိုးငှက်လေး များကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့ လွှတ်ပေးခဲ့ပါသည်။ ယင်း အပြည်အပြည် ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပွဲတွင် ရဲရဲတောက် ဦးသိန်းအောင်(ရွှေပြည်သာ)က (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူ ကူပါမှလေး) အမည်ရှိ ကဗျာကို လည်းကောင်း၊ ကဗျာဆရာ ဦးသူရဇ္ဈာန် က(ငြိမ်းချမ်းရေး တမန်တော်) အမည်ရ ကဗျာကို လည်းကောင်း၊ ကဗျာဆရာ ဘုန်းကျော်မှ (ပြည်သူတွေကို ညှာတာပါ) အမည်ရ ကဗျာ(၃)ပုဒ် ရွတ်ဖတ်ပြီး ဂုဏ်ပြု ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ကျင်းပရခြင်း အကြောင်းနှင့် ပတ်သက်ပြီး ၄င်းပွဲကို ဦးစီး ကျင်းပ ပြုလုပ်သူ ကိုလူမော်လတ်ကို အနည်းငယ် မေးမြန်းခဲ့ပါတယ်။

BP။ ။ ကိုလူမော်လတ် ခင်ဗျား၊ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းနေ့ အထိမ်းအမှတ်ပွဲကို ဘယ်လို ရည်ရွယ်ချက်နဲ့ ကျင်းပ ပြုလုပ်ခဲ့တယ် ဆိုတာလေး သိပါရစေ။

ကိုလူမော်။ ။ ဟုတ်ကဲ့ ကျွန်တော် ဒီ ငြိမ်းချမ်းရေး ပွဲလေးကို အကြောင်းမဲ့၊ ရည်ရွယ်ချက် မရှိပဲ လုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူတွေ၊ မြန်မာပြည် အတွင်းမှာ ရှိနေကြတဲ့ ပြည်သူ ပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံး သွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့ အားလုံးရဲ့ အမေလို့ သတ်မှတ်ပြီး ဒီမိုကရေစီ လမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ မြန်မာ နိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင် တွေမှာ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်ရင်း အကျဉ်းချ ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက် ငြိမ်းချမ်း စေချင်တဲ့ ဆန္ဒနဲ့ သံဃာတော် တွေကို ပင့်ဖိတ် ဆွမ်းကပ် လှူပြီး မေတ္တာပို့သ၊ အမျှ ပေးဝေ ချင်လို့ပါ။

ကျွန်တော့် အဖေလည်း ခု ဗန်းမော် ထောင်မှာ အနှစ်(၂၀) အကျဉ်းချ ခံထားရပါတယ်။ ကျွန်တော့် အဖေက အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့် အဖေဆီတောင်၊ ထောင်ဝင်စာ သွားမတွေ့ ရသေးပါဘူး။ ကျွန်တော် ပြောချင်တာက ခုလက်ရှိ အုပ်ချုပ်နေတဲ့ နိုင်ငံတော် လူကြီးများကို အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးပါလို့ တောင်းဆို ပါတယ်။ သူတို့တွေက အကြမ်းဖက် သမားတွေလည်း မဟုတ်၊ နိုင်ငံတော်ကို လုပ်ကြံ ကြတဲ့ သူတွေလည်း မဟုတ်ဘူး၊သူပန် သူကန် တွေလည်း မဟုတ်ပါဘူး။ ကျွန်တော့် ဆန္ဒက ထောင်ချ ထားခံရတဲ့သူတွေ အမြန်ဆုံး ပြန်လွတ်ပြီး မိသားစုတွေနဲ့ နွေးထွေးစွာ ပြန်လည် တွေ့ဆုံစေ ဆန္ဒပါ။ ကျွန်တော်တို့ မိသားစုလည်း တကွဲတပြား ဖြစ်နေတော့ ကျွန်တော် ကိုယ်တိုင် ခံစားနေရတာကို စာနာပြီး သူတို့တွေ အတွက်၊ အားလုံး အတွက် ရည်ရွယ်ပြီး ကျင်းပ ခဲ့တာပါဗျာ။

(ကိုလူမော်လတ်ဟာ သူ ရေစက် ချနေစဉ် ဘဘ ဦးတင်ဦး ရောက်လာချိန်မှာ မျက်ရည်တွေ၊ တွေတွေ ကျခဲ့သလို၊ ကျွန်တော် အင်တာဗျူး နေစဉ်မှာလည်း မျက်ရည်များ ကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး အမြန် ငြိမ်းချမ်းမှု ရပါစေလို့ ကျွန်တော် ဒီနေရာကပဲ ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ်။)

လေးစား ဦးညွှတ်လျှက်
Burma Paparazi

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....