Tuesday, September 21, 2010

၂၀၁၀ခုနှစ်စက်တင်ဘာလ၂၁ရက်အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားဘဘဦးတင်ဦးကြွရောက်ချီးမြှင့်အားပေး



ယနေ့ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အမှတ်(၁၄) နွယ်နီလမ်း စောရန်ပိုင်တောင် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်နေအိမ်တွင် ဒီမိုကရေစီအင်အားစု များစွာဖြင့် ကျင်းပခဲ့ပါသည်။ နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော် အရှင်သူမြတ်(၅) ပါးမှ (၅)ပါးသီလပေးပြီး၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ်ပရိတ် တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြပါသည်။၊
ထို့နောက်ဆရာတော် အရှင်သူမြတ်များကို ကိုလူမော်လတ်၊ မ၀င်းမော်ဦး(၈၈ကျဆုံး)၏ အဖွားဒေါ်နီနှင့်NLD ပါတီဝင်များက လှုဖွယ်ဝတ္ထုနှင့် သင်္ကန်းများကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ ကျောင်းသား/သူအပေါင်းကို အမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင်များ၌ မတရားဖမ်းဆီး အကျဉ်းချထားခြင်း ခံနေရသော ရဟန်းသံဃာတော်များ၊ နိုင်ငံရေးသမားများနှင့် ကျောင်းသား လူငယ်မျိုးဆက်သစ်များကို အမြန် လွတ်ငြိမ်းချမ်းသာ ရပါစေခြင်း ငှာဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။ အဲ့ဒီနောက်မှာတော့ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ် လှုဒါန်းခဲ့ကြပါသည်။
ကြွရောက်လာကြသော ဒီမိုကရေစီအင်အားစု ဧည့်ပရိတ်သတ်ကို ကြက်သား၊  ၀က်သား၊ ငါးဟင်း၊ အသီးအရွက်အစိမ်းကြော်များ ၊ငါးပိကြော်၊တို့စရာမျိုးစုံတို့ဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဆိုပါကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆွမ်းကျွေးကပ်လှုပွဲ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဘဘဦးတင်ဦး၊ ဒေါက်တာမျိုးအောင် (NLD ရန်ကုန်တိုင်း စည်းရုံးရေးမှုး)၊ ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)၊ ဦးအေး၊ ကဗျာဆရာဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော်နှင့် NLDပါတီ (အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး(၈၈ ကျဆုံး)၏ အဖွား ဒေါ်နီနှင့်သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ်NLD ပါတီဝင်များ၊ ရှေ့နေကြီးဘဘဦးအုန်းမောင်၊ မမာမာဦးNLD ပါတီဝင် (ဗန်းမော်အကျဉ်းထောင်၌ ထောင်ကျနေသူ)၏ ဖခင်ဦးသိန်းမောင်၊ ဒေါ်ရှုNLD၊ ကျောက်တန်းမြို့နယ် NLD ပါတီဥက္ကဌနှင့် ပါတီဝင်များ၊ စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေ နှင့်ပါတီဝင်များ၊ ရှေ့နေလေးကိုဖိုးဖြူ (အလုပ်သမားအကျိုးဆောင်)၊ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များ ၊ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များ
နှင့်အခြားသော ဒီမိုကရေစီ အင်အားစုများက တက်ရောက်ချီးမြှင့် အားပေးခဲ့ကြပါသည်။ ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့လွှတ်ပေးခဲ့ပါသည်။ ယင်းအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)က (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) အမည်ရှိကဗျာကို လည်းကောင်း၊ ကဗျာဆရာဦးသူရဇ္ဈာန်က(ငြိမ်းချမ်းရေးတမန်တော်) အမည်ရကဗျာကိုလည်းကောင်း၊ ကဗျာဆရာဘုန်းကျော်မှ (ပြည်သူတွေကိုညှာတာပါ) အမည်ရ ကဗျာ(၃)ပုဒ် ရွတ်ဖတ်ပြီးဂုဏ်ပြုခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ်ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ၄င်းပွဲကို ဦးစီးကျင်းပပြုလုပ်သူ ကိုလူမော်လတ်ကို အနည်းငယ်မေးမြန်းခဲ့ပါတယ်။

BP။ ။ ကိုလူမော်လတ်ခင်ဗျား၊စက်တင်ဘာလ ၂၁ ရက်အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းနေ့ အထိမ်းအမှတ်ပွဲကို ဘယ်လိုရည်ရွယ်ချက် နဲ့ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေးသိပါရစေ။

ကိုလူမော်။ ။ ဟုတ်ကဲ့ ကျွန်တော် ဒီ ငြိမ်းချမ်းရေးပွဲလေး ကို အကြောင်းမဲ့၊ ရည်ရွယ်ချက်မရှိပဲလုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ၊ မြန်မာပြည်အတွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့ အားလုံးရဲ့ အမေလို့သတ်မှတ်ပြီး၊ ဒီမိုကရေစီလမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်း အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒနဲ့ သံဃာတော်တွေကိုပင့်ဖိတ်ဆွမ်းကပ်လှုပြီ မေတ္တာပို့သ၊ အမျှပေးဝေချင်လို့ပါ။ ကျွန်တော့်အဖေလည်းခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံ ထားရပါတယ်။ ကျွန်တော့်အဖေ ကအလုံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးဘမြင့်ပါ။ခုဒီပွဲကို ကျွန်တော်မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့်အဖေဆီတောင်၊ ထောင်ဝင်စာသွားမတွေ့ရသေးပါဘူး။ ကျွန်တော်ပြောချင်တာက ခုလက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်လူကြီးများကို အန်တီဒေါ်အောင်ဆန်းစုကြည် နှင့် တကွနိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ သူတိုတွေ က အကြမ်းဖက်သမားတွေလည်း မဟုတ်၊ နိုင်ငံတော်ကိုလုပ်ကြံကြတဲ့ သူတွေလည်း မဟုတ်ဘူး၊ သူပန်သူကန်တွေလည်း မဟုတ်ပါဘူး ကျွန်တော့်ဆန္ဒက ထောင်ချထားခံရတဲ့သူတွေ အမြန်ဆုံးပြန်လွတ်ပြီး မိသားစုတွေနဲ့နွေးထွေးစွာ ပြန်လည်တွေ့ဆုံ စေခြင်တဲ့ဆန္ဒပါ။ ကျွန်တော် တို့မိသားစုလည်း တကွဲတပြားဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်ခံစား နေရတာကိုစာနာပြီး သူတို့တွေအတွက်၊ အားလုံးအတွက်ရည်ရွယ် ပြီးကျင်းပခဲ့တာပါဗျာ။

(ကိုလူမော်လတ်ဟာသူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ ကျခဲ့သလို၊ ကျွန်တော်အင်တာဗျူးနေစဉ်မှာ လည်းမျက်ရည်များကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အမြန်ငြိမ်းချမ်းမှုရပါစေလို့ ကျွန်တော်ဒီနေရာကပဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)

လေးစားဦးညွှတ်လျှက်
Burma Paparazi

ပေးပို့သူ မျိုးဆက်သစ်လူငယ်အားကျေးဇူးတင်ရှိပါသည်။

Freedom Burma မှကူးယူဖေါ်ပြပါသည်။

1 comment:

  1. ကမ္ဘာငြိမ်းချမ်းရေးနေ့ အခမ်းအနာ့းအကြောင်း လမ်းပြကြယ်မှာဖတ် နေတုန်း...အတွေးတပိုင်းတစက ပြည်မြန်မာကိုရောက်သွားတော့...ငြိမ်းချမ်းခြင်းဆိတ်သုန်း နေတဲ့မြန်မာပြည်အတွက် ယူကြုံးမရဖြစ်မိတာ ရင်ထဲကဆန္ဒမှန် ပါ၊ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးအတွက် ပေးဆပ်ကြရဦးမှာပေါ့...နော့်၊ ကိုဗလိုင်(ဒိန်းမတ်)

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....