Saturday, July 17, 2010

အာဇာနည်နေ့

မြန်မာနိုင်ငံမှာ စစ်အစိုးရက အာဇာနည်ဆိုတဲ့စကားလုံးကို ဘယ်လောက်များကြောက်သလဲ မုန်းသလဲလို့တော့မမေးပါနှင့် အာဇာနည်နေ့ဆိုရင် စစ်အစိုးရက လုံခြုံရေးတိုးချတာတွေ စစ်သားတွေ လမ်းထိပ်တွေမှာ ပြုးကြောင်ကြောင်နှင့် လူတွေကို ဖြတ်သွားသမျှ မသင်္ကာအကြည့်နှင့် ကြည့်နေတဲ့မြင်ကွင်းက မဆန်းတော့ပါဘူး ပိုပြီး ကြောက်ကြောင်း ပြတာက အာဇာနည်နေ့ဆို စစ်အာဏါပိုင်တွေက သူတို့ လက်ထဲမှာဖမ်းဆီးပြီး အကျဉ်းချထားတဲ့ နိုင်ငံရေးအမှုတွေကို အကျဉ်းထောင်ထဲ တောင်ကြောက်လန့် နေပါတယ် ဘာမှလုပ်မရသူတွေကို အကစ (အကျဉ်းဦးစီးဌာန) ၀န်ထမ်းတွေနှင့်ရော အကျဉ်းသား အုပ်ချုပ်သူ လူတန်းစားဖြစ်သော စည်းကမ်းထိန်းတွေ အခန်းလူကြီးတွေ ဘုတ်ကိုင်တွေနှင့်ပါ မျက်လုံးဒေါက်ထောက် စောင့်ကြည့်ခိုင်းပြီး တထောင်လုံးလဲ ထောင်ဖွင့်ပြီးနောက်
အဆောင်တွေမှာ အထဲ အကုန်ပြန်ဝင် ခိုင်းထားပါတယ် ထောင်အခေါ်ဝေါ်နှင့် ထောင်လှန့်ထားတယ် (ဒါမှမဟုတ်) တထောင်လုံး အရေးပေါ်တန်းစီ ပေးထားတယ်လို့ ခေါ်ပါတယ် အခုပြောနေတာ အင်းစိန်ထောင် (ဒါမဟုတ်) ဗဟိုစံပြအင်းစိန်အကျဉ်းထောင်က အာဇာနည်နေ့ ကို ပြောမှာပါ ၁၉၉၁ ခုနှစ် ဇူလိုင်လမှာ ကျနော်က (၁)ဆောင်မှာ ၅(ည)နှင့် ဗဟန်းနှင့်တာမွေ တရားရုံးတလှည့်စီ ရမန်ပေးပြီး ချုပ်ထားတာ ရုံးမထုက်ဘူး၊ အဲဒီအချိန် (၁)ဆောင်ထောင်မှူးက ဦးမင်းသူရွှေအုန်း (နောက်တော့ ညွှန်ကြားရေးမှူးကို လိုင်းဝင်ထားတဲ့ ဘောက်ချာကို ပိုက်ဆံတောင်းမိလို့ နယ်ပို့ခံရပြီး ထုက်ခံရတယ်လို့ ကြားမိသည်) အဆောင်က မှတ်မှတ်ရရ အပေါ်ထပ်အောက်ထပ် (၈) ခန်းကို အလယ်က အခန်းကန့် လိုက်တော့ အပေါ်( ၈) ခန်း အောက် (၈) ခန်းဖြစ်ခါစ တိုးချဲ့ဆောင်က တခန်းကို (၂) ခန်းလုပ်လိုက်တော့ တိုးချဲ့(၁) (၂) လို့ဖြစ်ခါစအချိန်ပေါ့။ (၁)ဆောင်မှာကလည်း နိုင်ငံရေးအမှုဆိုလို့ ကိုဇေယျာဝင်း(အကသ) နှင့် သူ့အမှုတွဲ ကိုတင်ထွန်းအောင်(ခ)ထွန်းထွန်း (အကသ)၊ ကိုစောသက်ထွန်း(ခ)သက်ထွန်း (အခုထောင်နှစ် ၄၀ ချခံပြီး သာယာဝတီထောင်တွင်ထားရှိသူ) အငြိမ်းစားဗိုလ်မှူး ဦးခင်မောင်စိုး (အန်ကယ်ကြီးကတော့ စစ်တပ်ကလာတဲ့လူဆိုတော့ ကျနော်တို့နှင့် မေးထူးခေါ်ပြောဘဲ လုပ်လေ့ရှိပါတယ်) ကျနော်ရယ် ဆိုတော့ စုစုပေါင်း (၅) ယောက်မှာ ကျနော်တို့ (၄)ယောက်ကို မျက်စိအောက်က အပျောက်မခံ စောင့်ကြည့်နေသူတွေက အခန်းလူကြီး (၁၈)ယောက် နှင့် စည်းကမ်းထိန်း ၂၀ လောက်ရှိတယ် (နောက်မှ စည်းကမ်းထိန်း ဆိုတာဘာ ဘုတ်ကိုင်ဆိုတာ ရှင်းပြတော့မယ် နိုင်ငံရေးလောကမှာတော့ တဆင့်စကားတွေရော စာအုပ်တွေဖတ်တာရောဆို လူတော်တော် သိနေပါပြီ) ၀ိုင်းကြည့်နေတယ် ကျနော်တို့ မျက်နှာသစ် ဆင်းလာထဲကိုက ဘေးဘယ်ညာက အရှေ့နောက်ကနေ လိုက်လာကြတယ် မျက်နှာသစ်တန်းစီတော့လဲ ကျနော်နှင့် စောသက်ထွန်း ဘေးခြင်းယှဉ်ကျ လို့ ခဏလေးပြောလိုက်တယ် ကျနော်က စောသက်ထွန်းကို သက်ထွန်းဘဲခေါ်တယ် သက်ထွန်းက ဘယ်လိုလဲ ဘာလုပ်မလဲ မေးတယ် ကျနော်လဲ မျက်နှာကို ရေခွက်ထဲငုံ့ကြည့်ထားရင် ဘာလုပ်လို့ရမလဲ ခွေးတအုပ်နှင့်ရှိနေတယ်လို့ ပြောနေချိန်မှာ အကစ တပ်ကြပ်ကြီးဦးတင်ထွန်းက “ဟိုမှာ ဂေါ်နှိုက်နှစ်ကောင်ဘာလို့ မျက်နှာအတူသစ်နေတာလဲ ခွဲလိုက်စမ်း” လှမ်းအော် လိုက်တာနှင့် အနီးနားက အခန်းလူကြီးက ရေကန်ဘာယာကို လှမ်းပြီးဆဲဆိုပြီး ကျနော်နှစ်ယောက် နားကိုရောက်လာတယ် ကောင်းမွန်မွန်ဘဲ ကျနော်တို့နေရာလာခွဲခိုင်းလို့ သက်ထွန်းက သူ့ငွေသွားလေးတွေ ပေါ်အောင်ရီလို့ ကျနော်နှင့် အဝေးကိုသွားလိုက်တော့ ကျနော်လဲ ရီပြုံးရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ အနီရောင် အ၀တ်စတွေ လက်မှာစည်းထားတဲ့ အကျဉ်းသားအချင်းချင်း ပြန်စောင့်ကြည့်ရတဲ့ စည်းကမ်းထိန်းတွေက သရေပတ်တွေကိုင်ပြီး ရေကန်ပတ်ကတ်လည်မှာ ကျနော်တို့ကို ကြည့်နေတယ် အခန်း(၈)အပေါ်ထပ်လူကြီး အရေးခင်းလူသတ် ထင်ကျော်က ပုဆိုးတိုတိုနှင့် ၀ါးရင်းတုတ်ကို ကိုင်ထားပြီး ကျနော်တို့ကို စောင်းမြောင်းဆဲဆို ရန်စတာလုပ်လိုက်တော့ သက်ထွန်းက ကျနော်ကို အဓိပ္ပါယ်ပါပါလှမ်းကြည့်တယ် ကျနော်က မသိမသာခေါင်းခါပြလိုက်တယ် အဲဒီမှာဘဲ မျက်နှာသစ်ပြီးသူတွေ ကိုယ့်အခန်းကိုပြန်တက်မယ်ဆိုပြီး လိုက်အော်သံတွေဆူညံသွားတော့တာ။

လူတွေအကုန်လုံး အခန်းတွေထဲပြန်ဝင်ရတော့ အကျဉ်းသားတွေ မျက်နှာမကောင်းကြဘူး ကျနော်နေတဲ့ အပေါ်သုံးအခန်းက အခန်းလူကြီးက ကြိုးသမားသန်းဝင်း ပုတိုတိုနှင့် မိုက်ရိုင်းတဲ့နေရာမှာ ကမ်းကုန်တဲ့လူ ၁၉၉၀ လွတ်ငြိမ်းချမ်းသားခွင့်မှာ ကြိုးနှင့်ကျွန်းလဲလိုက်လို့ ကြိုးတိုက်ကနေ အဆောင်ရောက်လာပြီး ထောင်ပိုင်ဦးအုန်းဖေက ခန့်ထားတဲ့ လက်ရွေးစင် အခန်းလူကြီး စာရင်းဝင်ပေါ့ အခန်းတွေထဲလူတွေရောက်ရော ကျနော်တို့အခန်းတခန်းထဲ ပုံစံထိုင်ရတော့တာဘဲ ပုံစံထိုင်နေတဲ့ လူအုပ်လူ(၈၀) ကျော်ကို ပတ်ပြီး လက်နောက်ပစ် ဘောင်းဘီတိုဝတ်ပြီး စွပ်ကျယ်နှင့်ဗလပြပြီး အာဏါပြကာ တခန်းလုံးကို မိန့်ခွန်းခြွေပါတော့တယ် လူကလည်းထားဝယ်လူမျိုးဆိုတော့ သူစကားက ထားဝယ်သံဝဲ၀ဲနှင့် ကြိမ်းမောင်ပြောဆိုတာကို အသက်ကြီးတဲ့ အဘိုးကြီးတွေရော ဘယ်သူမှမကျန် ခါးမတ်လက်တန်းထားပြီး နာခံရတာ စိတ်မသက်သာပါဘူး သူပြောတာကတော့ တခန်းလုံးမှာ တယောက်ထဲရှိသော ကျနော်ကို စောင်းမြောင်းစိန်ခေါ် ချိမ်းခြောက်ပြောဆိုခြင်းပါဘဲ မင်းတို့အပြင်မှာ ဘာတွေဘဲ လုပ်လာလုပ် ဘာကောင်ကြီးဘဲ ဖြစ်လာဖြစ်လာ ငါဂရုမစိုက်ဘူး အေး ဒီနေ့မှာ ထောင်တခုလုံးမှာ အရေးပေါ်တန်းစီထားတယ် ဒီတော့ ငါ့အခန်းကနေ တခုခုဖြစ်မယ်ဆိုရင်တော့ ငါတော့အဖြစ်မခံဘူး လုပ်မယ့်ကောင်ကို ခါးချိုးပြီး ငါကြိုးတိုက်ထဲပြန်သွားမယ် ငါ့နာမည်သန်းဝင်း မင်းတို့အားလုံး ကြားလားဆိုပြီး မေးတဲ့အခါ လူတွေအားလုံးက ကြားပါတယ် ပြန်အော်ရတယ် အဲဒီအခါမှာ ကျနော်က မအော်လို့ သူကလှမ်းကြည့်နေရင် မင်းတို့အားလုံးကြားလား ဆိုတာ ထပ်ခါတလဲလဲဘဲ ကျနော်ကိုလှမ်းစိုက်ကြည့်ပြီး မေးနေတော့ ကျနော်လဲ စိတ်ကခုသွားတယ် လုံးဝမဖြေဘူး သူကလည်းဆက်တိုက်ဘဲ ပြန်မေးနှင့် တခန်းလုံးက လူတွေက နည်းနည်း သူကြည့်ရာကို ငဲ့ကြည့်တာတွေ လုပ်လာပြီ သူကလည်း လက်သီးဆုပ်ပြီး အံကြိတ်လို့ ကြားလားဘဲ ဆက်မေးလာတယ် ကျနော် နောက်ကရော ဘေးဘယ်ညာက လူတွေက ကျနော်ကို ဒူးခြင်းလှမ်းတို့တာတွေ လုပ်လာပြီ ကျနော်လည်း ကျနော်ကြောင့် တခန်းလုံးလူတွေ အော်နေတာကို အားနာလာတယ် ပါးစပ်လှုပ်ပေးလိုက်တယ် ဒီတော့မှ တခန်းလုံးလဲ အနားရတော့တယ် သန်းဝင်းလဲ အခဲမကြေသလို ကျနော်လဲ လုံးဝမကြေနပ်ပါဘူး အေးဆေးပေးလိုက်တော့ တခန်းလုံးကလူတွေက ကိုယ့်နေရာလေးမှာ ကိုယ်လှဲနေကြတာတို့ အုပ်စုဖွဲ့ပြီး လူစုလူဝေးနှင့် စကားပြောနေတာတို့လုပ်တဲ့ အချိန်မှာ ကျနော်အိပ်တဲ့နေရာ ဘေးဘယ်ညာက လူတွေရောက်မလာပါဘူး ကျနော်ကိုလည်း လူတွေက ခန့်လန့်လန့် ပုံစံမျိုးကြည့်တာဘဲ လုပ်ပါတော့တယ် စစ်အုပ်စုရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် လူတွေကို အကြောက်တရားသွင်းပေးတဲ့ စနစ်ကို ထောင်ထဲမှာက ပေါ်ပေါ်တင်တင်ဘဲ သုံးပါတယ် ထောင်အာဏါပိုင်က ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေ ကျနော်တို့လို့ နိုင်ငံရေးအမှုတွေ နှင့် မရောအောင် စကားမပြောရဲအောင် လုပ်ထားတာပါ အဲဒါကလည်း ထိရောက်ပါတယ် တကယ်ဘဲ လူတွေက ထောင်ထဲလိုအကြပ်အတည်း ရောက်နေတဲ့ဘ၀မှာလူတွေက နောက်ထပ်ဒုက္ခတွေ မရောက်ခြင် ကြတာကြောင့် အဓိက အချက်ကြောင့် ရှောင်ကြပါတယ် ထမင်းစားချိန်ကျတော့ ကျနော်ကို အခန်းပြင်မထွက်ရဘူး ထောင်မှူးအမိန့် နှင့် အခန်းထဲမှာ စားဖို့ ပုံစံထမင်းကို ထမင်းဝေတဲ့နေရာကနေ စည်းကမ်းထိန်းအကျဉ်းသားတယောက်က ကျနော်ကော်ဇလုံလာယူသွားပြီး ထမင်းနင့် ပုံစံပဲဟင်းကို ယူလာပေးပြီးစားရသလို အပေါ့သွားခြင်လဲ ညဖက်လို အခန်းထဲမှာ ဘဲသွားရပါတယ် အခြားလူတွေတော့ အောက်မှာရှိတဲ့ မိလ္လာနေရာကို သွားရတယ်၊ ဒီလိုနှင့်ဘဲ ညနေအိပ်ဆောင်ပိတ်တဲ့အထိ ကျနော်တို့ လေးယောက်ကို အသီးသီးစောင့်ကြည့်ထားတဲ့ နေ့တနေ့ ကုန်ဆုံးခဲ့ရသည်။

တကယ်ဆို အဲဒီ ဇူလိုင်လ(၁၉) ရက်နေ့သည် ကျနော် အင်းစိန်ထောင် အမှတ်(၁)ဆောင်ကိုလည်း သနက(၄) စစ်ကြောရေးစခန်းက ရောက်လာတာ တလတောင် မပြည့်သေးပါဘူး ထောင်စကားနှင့်ပြောရင် ထောင်ပါးတောင်မ၀သေးဘူး အဆောင်ကြီးတခုလုံးမှာ ရှိတဲ့ ကျောင်းသား (၄)ဦး ကျနော် ကိုဇေယျာဝင်း ကိုထွန်းထွန်း နှင့် ကိုစောသက်ထွန်း အတွက် ထောင်မှူးဦးမင်းသူရွှေအုန်း တပ်ကြပ်ဦးတင်ထွန်း အပါဝင် အခန်းလူကြီး အကျဉ်းသား(၁၈)ယောက် စည်းကမ်းထိန်းသိမ်းရေး အကျဉ်းသား (၂၀)ယောက် အဲဒီလို အာဏါပိုင်တွေနှင့် သူတို့မွေးထားတဲ့ အကျဉ်းသားတွေ ကြောက်လန့်တကြား လုပ်နေတဲ့ ကျနော်တို့လေးယောက်က အသက်(၁၉) (၂၀)သာရှိသေးပြီး ဘာမှ မလုပ်နိုင်တဲ့ အကျဉ်းထောင်ထဲမှာပါ သူတို့လက်ထဲမှာ ဒီလိုတွေ တင်းကြပ်နေရတာ ကျနော်တို့ကြောင့် မဟုတ်ပါ ဂုဏ်သိက္ခာကြီးမားလှတဲ့ အာဇာနည်နေ့ကြောင့် ကျနော်တို့လေးယောက်မှာ အာဏါပိုင်တွေက အထူး တင်းကြပ်ထားတဲ့ နေ့တနေ့ဖြတ်သန်းလိုက်ရသည် ပြန်တွေးကြည့်တော့ ကျနော်တို့ကို ကြောက်လန့်နေသော နေ့တနေ့  ကျနော်တို့နှင့်သာဆိုင်သော သူတို့ကြောက်သော နေ့ဖြစ်ကြောင်း သိလိုက်ရလို့ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ဂုဏ်ယူမိပါသည်။

နိုင်ငံတော်ကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ရသော အာဇာနည်နေ့ တိုင်းပြည်က လေးလေးစားစားနှင့် အောင်းမေ့ဘွယ် အခမ်းအနားလုပ်ပေးရမည့် နေ့တနေ့ပါ အခုတော့ အဲဒီနေ့က မြန်မာနိုင်ငံရဲ့ရန်သူနေ့တနေ့လို တိုင်းသူပြည်သားတွေရဲ့ ထိက်လန့် စိုးရိမ်ဘွယ်နေ့တနေ့ ဖြစ်နေအောင် အဲဒီအချိန်က န၀တ စစ်အစိုးရကနေ အခု နအဖ စစ်အစိုးရအထိ လုပ်ထားရသည့် စစ်အုပ်စုသည် တိုင်းပြည်ကောင်းကျိုးမပြုခဲ့သော အဖွဲ့အစည်းဖြစ်သောကြောင့် လိပ်ပြာမလုံဘဲ ကြောက်လန်နေ့ရ သူများဖြစ်ပေသည် အာဇာနည်နေ့ကို ကြောက်သည် အာဇာနည်စိတ်ဓါတ်ကိုကြောက်သည် ပြည်သူတွေကို အာဇာနည်ခေါင်းဆောင်များကို မေ့ထားစေခြင်သည် အဲဒီလောက်ကို ကြောက်နေတဲ့ အာဇာနည်နေ့ပါ၊ ဒါကိုအခု တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေသော မျိုးချစ်ရဲဘော်များ သတိပြုသင့်သည် တပ်မတော်ဖခင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသောနေ့ကို ဘာလို့ တပ်မတော်က အလေးပြုအခမ်းအနား မလုပ်ရဲ အလံတိုင်တ၀တ်မလွှင့်ထူရဲ ဖြစ်နေရတာလည်း အဖြေထုက်စဉ်းစား ကြည့်ကြပါ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ အာဇာနည်ဆိုသော ဂုဏ်သိက္ခာအရှိန်ဝါကို စစ်အစိုးရ န၀တ မှ နအဖ အထိ တုန်လှုပ်ခြောက်ခြားနေတာကို ကြည့်ပြီး မြင့်မြတ်လှသော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားဂုဏ်ယူ ဦးညွတ်လိုက်ပါသည်။

ရဲမင်းထွန်း

*ဂေါ်နိုတ် ဆိုတာ ထောင်စကားနှင့် ပုဒ်မ ၅(ည)ကိုပြောတာ
ဂေါ်= ငါး(တရုတ်စကား)
နိုတ်= ည(Night)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....