Saturday, June 26, 2010

ဟောလိဝုဒ် အော်စကာပွဲ တက်ရောက်ခဲ့စဉ်က

ဦးပညာဇောတ(ABMA)

၂၀၀၇ ခု မြန်မာပြည်မှာ သံဃာတော်များရဲ့ ရွှေဝါရောင် မေတ္တာပို့လမ်းလျှောက်ပွဲကို နောက်ခံပြုရိုက်ကူးထားတဲ့ ဇာတ်ကားကို Burma VJ လို့နာမည်ပေးထားပါတယ်၊ V=Video, J=Journalist လို့ဆိုပါတယ်၊ဇာတ်ကားလို့ဆို ထားပေမယ့် Documentary ဇာတ်လမ်းဖြစ်ပါတယ်၊ ရုပ်ရှင်ကားကြီးမဟုတ်ပါဘူး၊ တကယ့်အဖြစ်အပျက်ကို ရိုက်ပြထားပြီး ကြည့်ရှုချိန် ၈၅ မိနစ်လောက်ကြာပါတယ်။


သံဃာတော်များက အော်စကာမှန်းပြီးလုပ်ကြတာမဟုတ်သလို ဒါရိုက်တာနဲ့ ထုတ်လုပ်သူများကလဲ အော်စကာ မှန်းထားတဲ့ပုံ မတွေ့ရပါဘူး၊ဇာတ်ကားရိုက်ကူးပြီးတဲ့နောက် ၂၀၀၉ ခု ၅ လပိုင်းမှာစတင်ပြီး ထုတ်လုပ်သူနဲ့ ဒါရိုက်တာများက အမေရိကားက အနုပညာရှင်များစွာကို ဖိတ်ကြားပြီး OSI စပွန်ဆာနဲ့ ဇာတ်ကား ဖွင့်လှစ် ပြသပွဲ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဥရောပတခွင်နဲ့ အမေရိကန်နိုင်ငံအနှံ့ ပြသဖြစ်ပါတယ်၊ စာရေးသူတို့ သံဃာတော်များအနေနဲ့ လည်း အမေရိကန်နိုင်ငံရှိ တက္ကသိုလ်၂၅ ခုလောက်နဲ့ ရုပ်ရှင်ရုံ ၂၀လောက်ကို လှည့်လည်ပြီး Burma VJ နဲ့ မြန်မာပြည် အကြောင်းတွေ ရှင်းလင်း ပြောပြခြင်း၊ မေးမြန်းလာသည့် မေးခွန်းတွေကို ပြန်လည် ဖြေကြားခြင်းများ ပြုလုပ်ဖြစ်ပါတယ်၊ တချို့ကျောင်းတွေမှာဆို ဆရာ ဆရာမတွေက တပည့်တွေကို မြန်မာပြည် အကြောင်းတွေ ကြိုတင်သင်ကြားထားလို့ ကျောင်းသားတွေက အများကြီး သိထားတာ တွေလဲတွေ့ရပါတယ်၊ ထိုင်းနိုင်ငံလို နယ်စပ် တွေရောက်ဖူးတဲ့ သူတွေက ပိုပြီးသိသလို ပိုလဲ စိတ်ဝင်စားကြပါတယ်၊ အများစုကတော့ မြန်မာနိုင်ငံဟာ ဘယ်နားမှာ ရှိတယ်ဆိုတာ မသိကြတာများပါတယ်။

Burma VJ ဇာတ်ကား ဥရောပနိုင်ငံတွေ လှည့်လည်ပြသရာမှာ ဆုတွေ ၄၀ လောက်ရတယ် လို့သိရပါတယ်၊ ဒီလိုဆုတွေရလာတော့ အမေရိကန်ကပေးတဲ့ အော်စကာဆုလဲ ရနိုင်ကောင်းရဲ့လို့ မျှော်လင့်ချက်
ဖြစ်ကြပါတယ်၊ ဇာတ်ကားပေါင်းများစွာထဲက ပဏာမရွေးချယ်ခံရတဲ့ ၁၅ ကားထဲ Burma VJ ပါသွားတော့ ပိုပြီးအားတက်စရာ ဖြစ်လာရပါတယ်၊ ဒီလိုနဲ့ပဲ Burma VJ ဇာတ်ကားဟာ ၂၀၁၀ ခု နှစ်စပိုင်းမှာ ပဏာမ ၁၅ ကားထဲကနေပြီး အော်စကာပေးဖို့အတွက် နောက်ဆုံး ဆံကာတင်ရွေးတဲ့ ၅ ကားထဲ အရွေးခံရလို့ Nomination စာရင်းမှာပါဝင် သွားပါတယ်၊ အမေရိကန် ရုပ်ရှင်သမိုင်းမှာတော့ မြန်မာနိုင်ငံက ရုပ်ရှင်ကားနဲ့ ပတ်သက်လို့ ဒီဇာတ်ကားဟာ ပထမဆုံး အကြိမ် အရွေးခံရတာဖြစ်ပါတယ်၊ ဇာတ်ကားပေါင်းများစွာထဲက Nomination ဆံကာတင် ၅ ကားစာရင်း ပါဖို့ဆိုတာတောင် အတော်လေး ခက်တယ်လို့ ပြောကြပါတယ်။ ဆံကာတင် ၅ ကားမှာ ပါဝင်တဲ့အတွက် ဟောလိဝုဒ်နယ်မြေ Kodak Theater  အော်စကာခန်းမမှာ သရုပ်ဆောင်တွေ ဒါရိုက်တာတွေ ထုတ်လုပ်သူတွေ အနုပညာရှင်တွေနဲ့ အတူ တက်ရောက်တွေဆုံ စကားပြောရန် စာရေးသူနဲ့ ဦးဃောသိကို ဖိတ်ကြားတဲ့အတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဦးဃောသိတ တက်ရောက် စကားပြောခဲ့ပါတယ်၊ ခရီးလွန်နေလို့ စာရေးသူ မတက်ဖြစ်ပါဘူး။ ၂၀၁၀ မတ်လ ၇ ရက်နေ့ အော်စကာပေးပွဲ အခမ်းအနားကို တက်ရောက်ရန် Burma VJ ဇာတ်ကား ထုတ်လုပ်တဲ့  LISE က ဖိတ်ကြားလာပါတယ်၊ တစ်ဦးသာ တက်ရောက်ခွင့်ပြုတဲ့ အကြောင်းနဲ့ ကိုယ့်စရိတ်နဲ့ ကိုယ်လာရမယ် ဆိုတဲ့ အကြောင်းလဲ ပြောပြပါတယ်၊ စာရေးသူတက်မယ့် အကြောင်းပြန်ကြား လိုက်ပြီး၊ ဦးဃောသိတ အောင်မိုးဝင်းတို့ နဲ့အတူ သွားဖြစ်ပါတယ်။ ၇ ရက်နေ့ည တက်ရောက်ရမယ် ဆိုတာကလွဲပြီး ဘာမှ မသိရပါဘူး၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေက ဒိန်းမတ် နိုင်ငံကဆိုတော့ သူတို့လဲ အသေးစိပ် မသိကြပါဘူး၊ DVB က ကိုအေးချမ်းနိုင်ကလဲ နော်ဝေးက လာရတာဆိုတော့ သူလဲ အစီအစဉ်ကို မသိပဲဖြစ်နေပါတယ်။ စာရေးသူတို့ ၃ ယောက် မတ်လ ၅ ရက်နေ့ စထွက်ပါတယ်၊ လေဆိပ်ရောက်လို့ အီးမေးချက်ကြည့်မှ ၆ရက် စနေနေ့ တနေလုံး အင်တာဗျူး ရှိတာတွေ သိလိုက်ရပါတယ်၊ ၅ ရက်နေ့ည ၁၁ နာရီလောက် လော့စ်အိန်ဂ်ျလိက တည်းခိုရာ ဘုန်းကြီးကျောင်းကို ရောက်ပါတယ်၊ ဒိန်းမတ်က ဒါရိုက်တာတို့နဲ့ ချိတ်ဆက်လို့တော့ မရသေးပါဘူး။


မတ်လ ၆ ရက် ၁၀ နာရီခွဲလောက်မှာ Seth လို့ခေါ်တဲ့ လူငယ်လေးက အင်တားမဗျူးခင် ဆွမ်းကပ်ဖို့နဲ့ ဇာတ်ကားနဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ပြီး မိတ်ဆုံစားပွဲတက်ဖို့ လာခေါ်ပါတယ်၊ မိတ်ဆက်ကြ စားကြ သောက်ကြ စကားပြောကြပေါ့၊ နေ့ ၁ နာရီလောက်မှာ အင်တာဗျူးဖို့ Tonny အိမ်ကို ဆက်သွားပါတယ်၊ အဲဒီမှာ ဒိန်းမတ်နိုင်ငံရဲ့ အစိုးရအသံလွှင်ဌာန၊ နော်ဝေး အသံလွှင့်ဌာန၊ DVB အသံလွှင့်ဌာနတွေနဲ့ ဗျူးဖြစ်ပါတယ်၊ ဒိန်းမတ်အစိုးရနဲ့ ပြည်သူတွေကတော့ သူ့နိုင်ငံအနေနဲ့ အော်စကာမရတာ နှစ်ပေါင်း ၃၀ နီးပါးရှိနေလို့ ဒီကားအော်စကာရရှိဖို့ မျှော်လင့်ချက်ကြီးကြီး ထားတယ်လို့သိရပါတယ်၊ အိမ်ရှင်က ဗုဒ္ဓဘာသာ အကြောင်းစိတ်ဝင်စားလို့ တရားထိုင်တာတွေ ပရိတ်ရွတ်တာတွေ လုပ်ပေးခဲ့လို့ ပျော်ရွှင်နေပါတယ်။

ညနေ ၅ နာရီလောက် ဟောလိဝုဒ်ကုန်းမြင့်ကို သွားလည်ဖြစ်ပါတယ်၊ ဓာတ်ပုံရိုက်နေတုန်း မြန်မာအရေးကို အားတက်သရော ပါဝင်လုပ်ကိုင်တဲ့ သရုပ်ဆောင် တယောက်ရဲ့ ဈာပနလိုက်ပို့ပြီး စိတ်ညစ်လို့ ပြန်လာတဲ့ အမျိုးသမီးက ဟောလိဝုဒ်မှာ မြန်မာရဟန်းတွေနဲ့ မထင်မှတ်ပဲ တွေ့လိုက်ရတော့ သေသွားတဲ့သူ့မိတ်ဆွေကို သတိရပြီး ၀မ်းနည်းကာ မျက်ရည်တွေ စီးကျလာပါတယ်။ ည ၈ နာရီလောက်မှာ ရုပ်ရှင်ရုံထဲဝင်ပြီး Burma VJ ဇာတ်ကားကြည့်တဲ့ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဒါရိုက်တာ ထုတ်လုပ်သူတွေနဲ့အတူ ဖြေကြားပြီး ၁၂ လောက်မှာ တည်းခိုရာကျောင်းကို ပြန်ရောက်ပါတယ်။ မတ်လ ၇ ရက်နေ့ ၁၂း၁၅ နာရီမှာ အော်စကာပွဲ တက်ရောက်ရန် Seth က လာခေါ်ပါတယ်၊ ပရိုကျူဆာတွေ တည်းခိုတဲ့ The Peninsula Beverly Hills ဟိုတယ်ကို အရင်သွားရမှာဖြစ်လို့ အောင်မိုးဝင်းနဲ့ အတူ ထွက်လာဖြစ်တယ်၊ ဦးဃောသိတ ကတော့ ဘုန်းကြီးကျောင်းမှာ နေခဲ့ပါတယ်၊ ကားလမ်းတွေ အများကြီးပိတ်ထားတော့ ကွေ့ပတ်မောင်း နေရလို့ အချိန်တွေကြာကုန်ပါတယ်၊ စောင့်နေတဲ့ လူတွေကလဲ မမှီမှာစိုးလို့ ဖုန်းတွေ တောက်လျှောက် ဆက်လာတယ်၊ အချိန်တွေ ကြာလာတော့ ကားမောင်းသူ ကိုယ်တိုင် မမှီမှာ စိုးရိမ်လာတယ် နောက်ဆုံးတော့ အချိန်မီလေး ရောက်သွားပါတယ်၊ အားလုံးက ဖီးလိမ်းပြင်ဆင်ပြီး  နေကြပါပြီ၊ လူတွေကလဲ အရမ်းများပါတယ် မျှော်လင့်ချက် ကိုယ်စီနဲ့ဆိုတော့ အားလုံးပျော်နေ ကြတယ်လို့ ထင်မိပါတယ်၊ သူများတွေ အကုန်ပြီးနေချိန်မှာ နောက်ကျနေလို့ ကိုယ်က ဘာမှ မလုပ်ရသေးပါဘူး၊ အရေးကြီးနေတဲ့ အိမ်သာကို ပြေးတက်လိုက်ရတယ်၊ အိမ်သာထဲကပဲ VOA မေးတာကို ဖြေနေရတယ်၊ နောက်ထပ်ပြီး ကိုအေးချမ်းနိုင် ဆက်ဖြေတယ်၊ သင်္ကန်းအမြန်ရုံနေရတယ်၊ ယဉ်ကျေးမှု မတူတဲ့နေရာဆိုတော့ သင်္ကန်းရုံတာကို ၀ိုင်းကြည့်ပြီး ဓာတ်ပုံတွေ ရိုက်နေကြတယ်၊ အောင်မိုးဝင်းကလဲ အမှတ်တရ ဓာတ်ပုံတွေ အကုန်လိုက် ရိုက်နေတယ်၊ ဒါရိုက်တာအဖွဲ့က လည်းလိုက်ကြတယ် ။အုပ်စုလိုက် တွေလည်းရိုက်ကြ သူ့လူကိုယ့်လူ အားလုံးတွေ့တာ အကုန်ရိုက်နေကြတယ်၊ သင်္ကန်းရုံလဲပြီးရော ကားပေါ်တက်ဖို့ လာခေါ်တာနဲ့ တံခါး ၆ ပေါက်ပါတဲ့ လီမွန်ဇင်းကားပေါ် တက်လိုက်ပါတယ်၊ ကားထဲ့အထိ ကင်မရာသမားတွေက လိုက်ရိုက်ကြပါတယ်။ ကားထဲမှာက ဒါရိုက်တာရယ် ထုတ်လုပ်သူစုံတွဲရယ် အကူတယောက်ရယ် ကိုအေးချမ်းနိုင်ရယ် စာရေးသူ ရယ်ထိုင်ပါတယ်၊ ရှေ့မှာ လိုက်လံ ကြော်ငြာပေးရတဲ့ နန်စီထိုင်ပါတယ်၊ လက်မှတ်တွေစစ် မှတ်ပုံတင်တွေ သေချာစစ်ရပါတယ်၊ မပါရင် ဘယ်သူမှ တက်ခွင့်မရှိပါဘူး၊ လမ်းခရီးမှာ လုံခြုံရေးတွေ ထူထပ်စွာချ ထားတယ် လက်နက်ကိုင်ထားတဲ့ ရဲတွေ လမ်းတိုင်းမှာ စောင့်နေကြတယ်၊ ကားမှန်တံခါးတွေ ဖွင့်ပြရတယ်၊ အထဲကိုသေချာ ၀င်ကြည့်တယ်၊ လက်မှတ်နဲ့ မှတ်ပုံတင် ID ကို သေချာ စစ်ဆေးပါတယ်၊ အ၀င်ဝ ရောက်ခါနီးလေ လုံခြုံရေးက ပိုများလာလေ ဖြစ်လာပါတယ်၊ ရောက်ခါနီးလာတဲ့ အတွက် ပတ်ဝန်းကျင်မှာ လာရောက် ကြည့်ရှု့သူတွေများ လာတာတွေ့ရတယ်၊ တားမြစ်ထားတဲ့ နေရာကိုတော့ ကျော်မလာကြဘူး စည်းကမ်းရှိတာ တွေ့ရတယ်၊ ကြိုဆိုရေး ဂိတ်ရောက်တာနဲ့ တာဝန်ကျ အမျိုးသမီးလေးတွေက ကားတံခါးလာဖွင့်ပေးတယ်၊ ကားထဲက ဆင်းလိုက်တာနဲ့ တပြိုင်နက် ရှောင်လင်ဘုန်းကြီး မှတ်လို့ထင်တယ် ဟေ့ ရှောင်လင်လို့ အော်သံ ၂ ခါ ကြားလိုက်ရတယ်၊ ဂိတ်စောင့်တွေက လက်မှတ်နဲ့ မှတ်ပုံတင်ကို သေချာထပ်စစ်တယ်၊ ကွင်းပြင်တခုကို ကျော်ဖြတ်ရတယ်။ နောက်ထပ်ဂိတ် မှာတော့ ပိုက်ဆံအိပ် ဖုန်း လိပ်စာကဒ် မျက်မှန် ဘော့လ်ပင်အကုန်လုံး စက်နဲ့ရှာတယ်၊ လူကိုလဲ စက်နဲ့ရှာပါတယ်၊ ပြီးတော့ ၀င်ခွင့်ပြုလိုက်တယ်။


အထဲမှာ ကော်ဇောနီ တောက်လျှောက် ခင်းထားတယ်၊ ကင်မရာတွေက နေရာတိုင်းမှာလိုလို ရှိနေတယ်၊ ထောင်နဲ့ သောင်းနဲ့ရှိတဲ့ ကင်မရာသမားတွေ မီဒီယာတွေ စာနယ်ဇင်းက လူတွေနဲ့ ပြည့်နေကြတယ်။ ဓာတ်ပုံတွေ ရိုက်တာကလဲ ဘယ်လောက်ဆိုတာ ပြောဖို့ခက်ပါတယ်၊ တဖြေးဖြေး စပြီး ကိုယ့်အုပ်စုနဲ့ ကိုယ်အတူတူ လမ်းလျှောက်ကြရတယ်၊ ဒရိုက်တာတွေ ထုတ်လုပ်သူတွေ မီဒီယာတွေ စာနယ်ဇင်းတွေက မေးချင်တာတွေ မေးနိုင်အောင် ဓာတ်ပုံရိုက်နိုင်အောင် နန်စီက အသင့်ပြုလုပ်လာတဲ့ Burma VJ နဲ့ ပတ်သက်တဲ့ စာရွက်တွေကို လိုက်ဝေတယ် ပြောပြ ရှင်းပြပါတယ်။ မြန်မာပြည် အကြောင်း သိသူတွေ ဗုဒ္ဓဘာသာနဲ့ နီးစပ်သူတွေက ပိုပြီး မေးကြပါတယ်၊ အော်စကာပွဲတက်တဲ့ ရဟန်း တခါမှ မတွေဖူး မမြင်ဖူးတော့ ထူးခြားနေလို့ ထင်ပါတယ်။ သီးခြားဓာတ်ပုံ ရိုက်တာတွေလဲရှိတယ်၊ ဒါရိုက်တာတွေနဲ့ အတူရိုက်ရရင်လည်း ရှေ့ကိုထွက်ခိုင်း ပြီးရိုက်ကြတယ်၊ ၂ နာရီကြာလောက် လျှောက်ပြီးတော့ ဓာတ်ပုံရိုက်တာတွေ အင်တာဗျူးတာတွေ ပြီးဆုံးသွားတယ်၊ အခမ်းအနားကျင်းပရာ နေရာကိုသွားချင်လည်း ရတယ်၊ ပြန်ပြီး နောက်တကြိမ် လျှောက်ချင်လည်းရတယ် ဆိုတော့ မလျှောက်ပဲနေပြီး အနားယူကာ နောက်က လာနေတဲ့အုပ်စုတွေကို လေ့လာနေလိုက်တယ်၊ ဘယ်နားသွားသွား အစောင့်တွေက ရှိနေပါတယ်၊ တချို့ဆို ဘာမှမလုပ်ပဲ ရပ်ပြီး စောင့်ကြည့်တဲ့အလုပ်ကိုပဲ လုပ်ကြရပါတယ်၊ သောက်စရာတွေကတော့ နေရတိုင်းမှာ လူငယ်အမျိုးသား အမျိုးသမီးတွေကကိုင်ပြီး စောင့်နေပါတယ်၊ အပြင်ထွက်လည်း စစ် အထဲဝင်လည်း စစ်ပါတယ်။ လမ်းလျှောက်ခန်းမမှာ ထိုင်စရမရှိတာနဲ့ ဆုပေးခန်းမရှိရာကို ဆက်လျှောက်လာခဲ့ကြပါတယ်၊ အော်စကာ ရုပ်တုများစွာကျော်ဖြတ်ပြီး လာရတာဆိုတော့ စိတ်ကူးတွေ ကိုယ်စီနဲ့ပါပဲ၊ ဆုပေးပွဲခန်းမက ၅ ထပ်ရှိတယ်၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူစုံတွဲရယ် အကူရယ်က ပထမထပ်၊ နန်စီက တတိယထပ်၊ ကိုအေးချမ်းနိုင်နဲ့ စာရေးသူက ၅ ထပ်မှာဆိုတော့ တနေရာစီဖြစ်သွားပါတယ်၊ Kodak Theater ခန်းမထဲ မ၀င်ကြသေးပဲ အပြင်မှာလေ့လာ နေလိုက်တယ်၊ သောက်စရာတွေက ဘီယာတို့ အရက်အကောင်းစား မျိုးစုံတို့က စုံနေတာပါပဲ၊ စားစရာတော့ မရှိပါဘူး အရက်နံ့ကတော့ မွှန်နေတာပါပဲ၊ ကိုအေးချမ်းက ဆေးလိပ်သောက်ချင်တာနဲ့ ၃ ထပ်ကိုဆင်းပြီး အပြင်ထွက်နေလိုက်တယ်။လူတွေလဲ များလာကြပြီ၊  တချို့အော်စကာပေးတဲ့ ခန်းမထဲ ၀င်နေကြပြီ၊ မကြာခင် ခန်းမထဲဝင်မယ် လုပ်တော့ တာဝန်ကျဝန်ထမ်းက လက်မှတ်ထပ်စစ်ပြီး နေရာတွေရှိရာကို လိုက်ပို့ပေးပါတယ်။ ကိုအေးချမ်းနိုင်နဲ့ အတူ ၅ ထပ်မြောက်မှာရှိတဲ့ F တန်းက ၂၀၊ ၂၁ မှာ ထိုင်ကြရပါတယ်၊ လူတွေလဲအတော် များများရောက် လာနေပါပြီ၊ ရဟန်းဆိုတာ သိထားကြတော့ ၀ိုင်းကြည့်တာတွေလည်းတွေ့ရပါတယ်၊ တချို့သရုပ်ဆောင် အမျိုးသမီးတွေကလည်း ရဟန်းတွေဝတ်တဲ့ ပခုံးတဖက်ပေါ် အံသကိုက်လိုဟာကို အရှည်ကြီးဝတ်တာတွေလည်း တွေ့ရပါတယ်၊ ထိုင်နေလို့ ၃၀ မိနစ်လောက်ကြာတော့ ရှေ့တန်းက ဂျပန်ဒါရိုက်တာ တယောက်က Burma VJ ကားကောင်းတဲ့ အကြောင်းနဲ့ အောင်စကာဆု ရဖို့ဆုတောင်းကြောင်း လာပြောပါတယ်၊ သူပြောလိုက်တော့မှ အော်စကာရဖို့က သေချာသလို ဖြစ်နေပါတယ်။

ညနေ ၅း၁၅ လောက်မှာ အော်စကာအစီအစဉ် စတင်ပြုလုပ်ပါတယ်၊ စတိတ်စင်က ကြီးကျယ်ခမ်းနားသလို တက်ရောက်လာတဲ့ လူတွေရဲ့ ၀တ်စားဆင်ယင်မှုတွေကလဲ အံ့သြစရာတွေ တွေ့မြင်ရပါတယ်၊ စထွက်ပြီဆိုတာ နဲ့ ဆလိုက်မီးရောင်စုံတွေ အကတွေ ပြင်ဆင်ထားမှုတွေဟာ အထူးအဆန်းတွေချည့် ဖြစ်နေပါတယ်၊ စာရေးသူတို့ကို စာအုပ်တအုပ်စီ ပေးထားလို့ စာအုပ်ထဲမှာ အော်စကာဆုပေါင်း ၂၄ ဆုပေးမယ်ဆိုတာ သိရပါတယ်၊ တချို့ဆုတွေကတော့ ဇာတ်ကားပေါ် မူတည်ပြီးပေးရလို့ ရွှေစင်ရုပ်တွေက ၂၄ ခုထက် ပိုများပါတယ်၊ Burma VJ က Documentary Feature ခေါင်းစဉ်အောက်မှာ ရှိပါတယ်၊ ဒီခေါင်းစဉ်ရဲ့ရှေ့မှာ ခေါင်းစဉ် ၁၇ ခု ရှိပါသေးတယ်၊အဲဒီ ၁၇ ခုကို ၁ ခုစီ အော်စကာတွေ ရွေးချယ်ပေးပြီးမှ ၁၈ ခုမြောက် Buram VJ ကားပါတဲ့ Documentary Feature ခေါင်းစဉ်ထဲပါတဲ့ ၅ ကားထဲက တကားကို အော်စကာပေးမှာ ဖြစ်ပါတယ်။ အော်စကာဆုရွေးချယ်တာ နဲ့ပတ်သက်လို့ အချက်အလက်များ ရှိနိုင်သော်လည်း တိတိကျကျတော့ မသိခဲ့ပါဘူး၊ အနုပညာရှင် အတတ်ပညာရှင် ဘုတ်အဖွဲ့တွေက ရွေးချယ်တယ်လို့ ယေဘုယျပဲ သိခဲ့ပါတယ်၊ ဒီဘုတ်အဖွဲ့မှာ မဲပေးပြီး ရွေးချယ်ပေးနိုင်သု ၅ ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်၊ ဒီ ၅ ထောင်ကျော်ထဲက အမှန်တကယ် မဲပေးပြီး ရွေးချယ်ပေးချင်တဲ့သူဟာ Nomination ဆံကာတင်ရွေးချယ်ထားတဲ့ ၅ ကားလုံးကို ကြည့်ပြီး ကြိုက်တဲ့ ၁ ကားကို ထောက်ခံမဲ ပေးရပါတယ်၊ ၅ ကားလုံးမကြည့်ပဲနဲ့ ထောက်ခံမဲပေးခွင့် မရှိပါဘူး၊ မဲပေးပိုင်ခွင့်ရှိသူ ၅ ထောင်ကျော်ထဲက ၃ ရာကျော်လောက်ပဲ ၅ ကားလုံးကြည့်ဖြစ်တယ်လို့ သိရပါတယ်၊ မဲအများဆုံး ရရှိတဲ့ကားက အော်စကာဆု ရရှိတာဖြစ်ပါတယ်။ တချို့ ဧည့်ပရိတ်သတ်တွေကတော့ အော်စကာပွဲ အစအဆုံး ပြီးအောင် မကြည့်နိုင်ကြလို့ သက်ဆိုင်ရာ ဇာတ်ကားတွေ ကြည့်ပြီး ထွက်သွားတာ တွေ့ရပါတယ်၊ Kodak Theater အော်စကာရုံကြီးဟာ ခမ်းနားကြီးကျယ်ပေမယ့် အပြင်ထွက်ချင်သူတွေ အတွက် လျှောက်လမ်းတွေက ကျဉ်းတော့ အခက်အခဲဖြစ်တယ်လို့ထင်မိပါတယ်။ အော်စကာဆု ၂ ခုလောက်ပြီးတာနဲ့ စင်မြင့်ပေါ်က အခမ်းအနား အပြင်အဆင်တွေ ပြောင်းလဲပါတယ်၊ တခုနဲ့ တခု မထပ်ရအောင် ငြီးငွေ့မှု မဖြစ်အောင် ပြောင်းပေးနေပါတယ်၊ အားလုံးဟာ ခမ်းနားကြီးကျယ်ပြီး သစ်လွင်နေပါတယ်၊ တခါတရံမှာတော့ မြူးစစ်နဲ့ အကတွေ တွဲဖက်ဖျော်ဖြေပါတယ်။


Burma VJ ပါတဲ့ Cocumentary Feature အလှည့်မရောက်ခင် အပြင်ကို ၂ ကြိမ်ထွက်ဖြစ်ပါတယ်၊ အော်စကာ ရထားသူ တချို့ ပျော်မြူးနေတာတွေ တွေ့ရပါတယ်၊ စာရေးသူလည်း လူရှင်းတာနဲ့ ဖုန်းဖွင့်ကြည့်လိုက်တော့ ခေါ်ထားတာ ၁၀ ယောက်လောက်ရှိတာနဲ့ ပြန်ခေါ်ဖြစ်ပါတယ်၊ မပေးသေးဘူးလား ဘယ်လောက် ကြာဦးမှာလဲ တပည့်တော်တို့ မအိပ်ဘူးနော် ခွင့်ယူပြီး စောင့်ကြည့်နေတယ် စသည်ပေါ့ အားပေးနေတာတွေ ကြားသိရတော့ ပီတိဖြစ်ရပါတယ်၊ ကိုယ့်နိုင်ငံလူမျိုးနဲ့ သာသနာအတွက် ဆိုတော့ ရစေချင်တာ သဘာဝကျပါတယ်။ မကြာခင် ကိုယ့်ဇာတ်ကားအလှည့် ရောက်တော့မှာဖြစ်လို့ ပြန်ဝင်လိုက်ပါတယ်၊ ပြန်ရောက်လို့ ကိုအေးချမ်းနိုင်ကို အကဲခတ်ကြည့်တော့ စိတ်လှူပ်ရှားနေဟန် တွေ့ရပါတယ်၊ သူ့နေရာမှာ ကိုယ်ဆိုရင်လည်းစိတ်လှုပ်ရှားမှာ သေချာပါတယ်၊ ဒါနဲ့ အော်စကာ ရမှာ သေချာပါတယ် အလောင်းအစားလုပ် ရအောင်လို့ ဟာသလုပ်ပြီး ပြောဖြစ်ပါတယ်၊ ကိုအေးချမ်းကိုကြည့်ပြီး စာရေးသူလည်း စိတ်လှုပ်ရှားမှု ဖြစ်လာပါတယ်၊ စိတ်လှုပ်ရှားချိန်ကတော့ ကြေညာသူက စာအိပ် ဖောက်ဖတ်လိုက်တဲ့ အချိန်ဖြစ်ပါတယ်၊ The Cove လို့ ဖတ်ပြလိုက်တဲ့အချိန်မှာ ယောင်ပြီး The Cove လို့ ထွက်သွားမိတာ နောက်မှ သတိထားမိပါတယ်၊ စာရေးသူတို့ရှေတန်းက ဂျပန်အဖွဲ့က ထပြီးအော်တာတွေ တွေ့ရပါတယ်၊ ဂျပန်အဖွဲ့လည်း မကြာခင် ထွက်သွားကြပါတယ်၊ လက်ဆွဲနှုတ်ဆက်ပြီး ၀မ်းသာတဲ့အကြောင်း ပြောပြလိုက်ပါတယ်၊ ဒီလိုအော်စကာပေးတဲ့ အထဲ ပါဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး၊ ဆံကာတင် ၅ ကားထဲပါဖို့တောင် ခက်ခဲပါတယ်၊ ပါလာတယ်ဆိုတော့ အော်စကာဆုကို လူတိုင်း မျှော်လင့်ကြမှာပါ၊ နှစ်ပေါင်း ၃၀ ၄၀ လောက် အနုပညာနယ်မှာ လုပ်နေတဲ့သူတွေတောင် တခါမှာမတက်ဘူး မပါဘူးတဲ့သူတွေ အများကြီးရှိတယ် ဆိုတော့ ကိုယ်နဲ့သက်ဆိုင်တဲ့ ဇာတ်ကား ပါလာတဲ့သူတိုင်း စိတ်လှုပ်ရှားမယ်လို့ ထင်ပါတယ်၊ ကိုအေးချမ်းကို နောက်တကြိမ်ပေါ့ဗျာလို့ အားပေးစကား ပြောပြီး အပြင်ထွက် ဖြစ်ကြပါတယ်၊ အပြင်ရောက်တော့ မိတ်ဆွေတချိုထံ အော်စကာမရတဲ့ အကြောင်းပြန် ဖုန်းဆက်လိုက်တော့ သူတို့လဲသိထားပြီးဖြစ်လို့ စိတ်မကောင်းကြောင်း ပြောကြပါတယ်၊ အော်စကာရမယ်ဆို ပျော်ကြပါးကြဖို့ အသင့်ပြင်ထားသူ တွေတောင်ရှိပါတယ်၊ အောင်စကာဆုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရမယ်ဆိုရင် Nomination ဆံကာတင် ၅ ကားထဲမှာ Burma VJ ကားကို ကြည့်ဖူးသူတိုင်းက ကြိုက်ကြပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံကို ဘယ်နားမှာရှိတယ်ဆိုတာ လူအများစု မသိကြဘူး၊ ထုတ်လုပ်သူတွေအနေနဲ့ လှုံဆော်မှု အားနည်းတယ်လို့ ထင်ပါတယ်၊ ကိုယ့်ဇာတ်ကား အလှည့်ပြီးရင် ပြန်ဖို့ သဘောတူထားပေမယ့် နန်စီထွက်မလာတဲ့အတွက် ၃ထပ်မြောက်ဆင်းပြီး အပြင်မှာ အော်စကာပွဲတက်သူတွေနဲ့ စကားပြော ဖြစ်ကြပါတယ်။ ဘယ်ကားအတွက် တက်ရောက်တာလဲလို့ မေးလာကြလို့ Burma VJ ကားအတွက် တက်တာဆိုတော့ အဲဒီကားရမယ်ထင်တာ မရလို့ စိတ်မကောင်းတဲ့ အကြောင်း အားပေးစကား ပြောကြပါတယ်။ မကြာခင် အော်စကာ အခမ်းအနားပြီးသွားတာနဲ့ နန်စီ ထွက်လာပါတယ်၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူအဖွဲ့ကတော့ ညစာစားပွဲကိုတက်ရောက်ပြီး တခြားလူတွေနဲ့ သွားတွေ့ဖို့ ထွက်သွားပါပြီ၊ စာရေးသူတို့က ဟော်တယ်ကိုပြန်ပြီးမှ တည်းခိုရာကျောင်းကိုပြန်ရမှာ ဖြစ်ပါတယ်၊ သွားချင်တိုင်းသွား လို့မရပါဘူး ။ဓာတ်ပုံရိုက်ခွင့်တောင် မရှိပါဘူး။ လုံခြုံရေးအစောင့်တွေက ဓာတ်ပုံမရိုက်ဖို့ အကုန်လုံးကို တားမြစ်ထားပါတယ်၊ လာကြိုတဲ့ကားကို စောင့်ရင်း ကော်ဖီ မှာသောက် နေလိုက်တယ်၊ မကြာခင် ကားရောက်လာလို့ ဟော်တယ်ပြန်ပြီး အကုန်လုံးလိုက်ပါ ကူညီပေးတဲ့ အောင်မိုးဝင်းနဲ့ ပြန်ဆုံကာ တည်းခိုရာကျောင်းကို ည ၁ နာရီလောက်မှာ ပြန်ရောက်ပါတယ်။


Burma VJ ကား အော်စကာနဲ့ လွဲခဲ့ရပေမယ့် အမေရိကန်နိုင်ငံ အော်စကာပွဲမှာ မြန်မာနိုင်ငံက ဇာတ်ကား ပထမဆုံးအကြိမ် Nomination အရွေးခံရမှုဟာ မှတ်တမ်းတခု အဖြစ် ကျန်ရှိနေမှာပါပဲ။



(ဦးပညာဇောတ A B M A)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....