Tuesday, June 15, 2010

ကုလားတန်မြစ်ကြောင်း တလျှောက် သောင်ဖြစ်ထွန်းမှု သိသာစွာ တိုးလာ

မိုးမိုးကျော် (Arakan Review)
ဇွန် (၁၄)၊ ၂၀၁၀။
 
စစ်တွေ ဆတ်ရိုးကျ သင်္ဘောဆိပ်တွင် ရပ်နားထားသော သင်္ဘောပျက် တစီး
ရခိုင်ပြည်အတွင်းရှိ မြစ်များသည် တနေ့ထက် တနေ့ ပိုမို သောင်ထွန်းမှုများ ဖြစ်ပေါ်လာက မြစ်ရေ တိမ်ကောမှုများလည်း တနေ့ထက် တနေ့ သိသိသာသာ ဖြစ်ထွန်းလာကြောင်းနှင့် အဓိက ကုလားတန် မြစ်ကြောင်း တလျှောက် အမှိုက်များ ပေါများလာပြီး လက်ဝဲ၊ လက်ယာ မြစ်ကမ်းနား ရှိ တံငါသည်များမှာလည်း ယခင်ကထက် လျော့နည်းလာကြောင်း စစ်တွေမှ ဘူးသီးတောင်သို့ ရေကြောင်းခရီးဖြင့် ကုန်တင်ပို့နေသူ တဦးမှ Arakan Review သို့ ပြောသည်။
“ လွန်ခဲ့တဲ့ သုံး၊လေး နှစ်လောက်က စစ်တွေကနေ ဘူးသီးတောင်ကို သဘောင်္ာနဲ့ (၁၀) နာရီလောက်ပဲ သွားရတယ်။ အခုဆိုရင် (၁၄) နာရီနဲ့ကို မရောက်နိုင်တာ။ အယင်တုန်းက  စစ်တွေကနေ မနက် (၇) နာရီလောက်က ထွက်ပြီး (၁၂) နာရီလောက် ဆိုရင် ရသေ့တောင်ကို ရောက်ပီ၊ အဲဒီမှာ နာရီဝက်လောက် နားပြီး ခရီးသည်တွေ၊ ကုန်တွေ တင်ပြီးမှ ထွက်တာ၊ ဒါတောင် ညနေစောင်း (၅) နာရီ ခွဲလောက် ဆိုရင် ဘူးသီးတောင်ကို ရောက်ပြီ။ ဒါပေမယ့် အခုဟာက စစ်တွေကနေ သင်္ဘော ဘယ်အချိန် ထွက်မယ် ဆိုတာတောင် တိကျအောင် မပြောနိုင်ဘူးဖြစ်နေတယ်။ ရေအတက် အကျကို ကြည့်ပြီးတော့ကို  ထွက်နေရတာ။ မြစ်ရေက တိမ်လာတယ်ဆိုတော့ သင်္ဘောကြီးတွေနဲ့ သွားရတာ အဆင်မပြေဘူးဖြစ်လာတယ်၊ အဲဒီလို မြစ်ရေက တိမ်လာတော့ အယင်တုန်းက တွေ့ရတဲ့ တံငါသည်တွေလည်း မတွေ့ရတော့ဘူး” ဟု စစ်တွေကနေ ဘူးသီးတောင်သို့ ကုန်စည် ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်နေသူ တဦးက ပြောသည်။
နေ့စဉ်နှင့် အမျှ ပြေးဆွဲနေသော စစ်တွေ-ဘူးသီးတောင် ရေကြောင်းခရီးစဉ် သင်္ဘောများပေါ်တွင် စည်းကမ်းမဲ့အမှိုက်မပစ်ရ ဆိုသည့် စာတမ်းများ သင်္ဘောပေါ်တွင် ရေးကပ်ထားသော်လည်း သင်္ဘောပေါ်ရှိ ခရီးသွားများ အတွက် သတ်မှတ်ထားခြင်းသာ ဖြစ်ပြီး သင်္ဘော ၀န်ထမ်းများကမူ မြစ်ထဲသို့ အမှိုက်များ စည်းမဲ့ကမ်းမဲ့ ပစ်ချနေကြကြောင်း သိရသည်။
ရခိုင်ပြည်ရှိ မြစ်ရေများ တိမ်ကော လာရခြင်းနှင့် မြစ်ကမ်းနံဘေးများ ပျက်စီး ဆုံးရှုံးရခြင်းသည် နိုင်ငံတော်၏ စီမံကိန်းများ ဖြစ်သည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၊ ကုလားတန်မြစ် စီမံကိန်း စသည့် အစိုးရ စီမံကိန်းများကြောင့် အဓိက ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ရခိုင် မြစ်ချောင်းများကွန်ရက်မှ ဒါရိုက်တာ ကိုအောင်မင်းဦးက ပြောသည်။
“မြစ်တွေ တိမ်ကောလာတာရယ်၊ ဒီရေတောတွေ ဆုံးရှုံးလာတာတွေဟာ မြစ်ထဲကို စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာတွေက သိသိသာသာ ပျက်စီးဆုံးရှုံးမှုကို မဖြစ်စေလောက်ပါဘူး။ အစိုးရရဲ့ စီမံကိန်းတွေကသာ သိသိသာ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေတာပါ” ဟု ပြောသည်။
စစ်တွေမြို့ ဆတ်ရိုးကျ သင်္ဘောဆိပ်နှင့် စစ်တွေမြို့ ဖောင်တော်ဆိပ်မှ သင်္ဘောကြီးများသည် ကုလားတန် မြစ်ကို အဓိကထား၍ ရေကြောင်း ကုန်သွယ်မှုကို ပြုလုပ်နေကြရာ ယခုကဲ့သို့ မြစ်ရေများ တိမ်ကော လာခြင်း၊ မြစ်ကမ်းနားများ ပျက်စီးလာခြင်းသည် ရေကြောင်း သွားလာရေးအတွက် အခက်အခဲများစွာ ဖြစ်နေကြောင်း သိရသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....