Wednesday, May 19, 2010

နိုင်ငံရေးအကျဉ်းသားတဦး မြင်းခြံထောင်တွင်ကွယ်လွန်

သတင်းထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂ဝ၁ဝ ခုနှစ် မေလ ၁၉ ရက်နေ့

နိုင်ငံရေးအကျဉ်းသားတဦး ထောင်တွင်း၌ ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုကျော်စိုး ယနေ့နံက်တွင် မြင်းခြံထောင်တွင်း၌ ကွယ်လွန်သွားကြောင်း ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ကြားသိရပါသည်။ အသက် ၃၉ နှစ် ရှိ ကိုကျော်စိုးသည် ၁၉၈၈ ခုနှစ်မှစတင်၍ ထောင်တွင်း၌ကွယ်လွန်သူများစာရင်းတွင် ၁၄၄ ဦးမြောက် ကွယ်လွန်သူ ဖြစ်ပါသည်။ အေအေပီပီမှ ကိုကျော်စိုးကွယ်လွန်မှုအပေါ် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကိုလည်း ဖေါ်ပြလိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး လူ့အခွင့်အရေးကာကွယ်မြင့် တင်သူများကွန်ယက် အဖွဲ့ဝင်တဦးလည်းဖြစ်သူကိုကျော်စိုး (ခ) ကိုကျော်ကျော်စိုး (ခ) ကိုဂျက်ဖရီသည် တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် နေထိုင်သူဖြစ်ပါသည်။ ကိုကျော်စိုးသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့၌အဖမ်းခံခဲ့ရပြီး ရန်ကုန်ရှိ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားခဲ့ရပါသည်။ ကိုကျော်စိုးသည် ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၁၃ (၁)၊ ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် စွဲဆိုခြင်းခံရပြီး ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံခဲ့ရပါသည်။ ထို့နောက် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်ထောင်မှ မြန်မာပြည်အလယ်ပိုင်း မြင်းခြံထောင်သို့ ထောင်ပြောင်းခံခဲ့ရပါသည်။

ကိုကျော်စိုးသည် မြင်းခြံထောင်၌ အသက်ရှူရခက်သည့်ဝေဒနာ နှင့် အစာအိမ်နှင့်ပတ်သက်သည့်ဝေဒနာများအား ခံစားခဲ့ရကြောင်းသိရှိရပါသည်။ အေအေပီပီအတွင်းရေးမှူးဖြစ်သူကိုတိတ်နိုင်မှ “ကိုကျော်စိုးဆုံးသွားတာက ၁၉၈၈ ခုနှစ်ကနေ အခုအချိန်အထိ ၁၄၄ ယောက်မြောက်ဖြစ်ပါတယ်။ သူကျန်းမာရေးမကောင်းတော့ သူ့မိသားစုက ဆေးဝယ်ပေးမယ်၊ သေသေချာချာ ကုသပေးပါရစေဆိုပြီး မြင်းခြံထောင်က ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ အာဏာပိုင်တွေက ဆေးဝါးလုံလုံလောက်လောက်ရှိတယ်၊ သူတို့လဲသေချာကုပေးနေတယ်ဆိုပြီးအကြောင်းပြန်ခဲ့တော့ သူ့မိသားစုက သူ့အတွက်ဆေးတွေလည်းပေးခွင့်မရဘူး၊ သူ့ကိုလည်း သေချာကုပေးခွင့်မရခဲ့ဘူး။ အခုတော့ ကိုကျော်စိုးအသက်ဆုံးတဲ့အထိ ဖြစ်သွားရတာပဲ။” “မြန်မာနိုင်ငံထဲက ထောင်တွေရဲ့ ဆိုးဝါးလှတဲ့ အခြေအနေတွေ၊ သင့်တော်လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာတွေ၊ ဆေးကုသခွင့်ငြင်းပယ်ခံရတာတွေ၊ နှိပ်စက်ည‡ဉ်းပမ်းခံရတာတွေက အကျဉ်းသားတွေ ကျန်းမာရေးထိခိုက်စေတဲ့ အခြေခံအကြောင်းရင်းတွေဖြစ်ပြီးတော့ အဲဒါတွေကြောင့် နိုင်ငံရေးအကျဉ်းသား မြောက်များစွာ ထောင်တွေထဲမှာ အသက်မဆုံးသင့်ပဲ ဆုံးခဲ့ကြရတာပါ” ဟု ရှင်းပြပါသည်။

ကွယ်လွန်သူ ကိုကျော်စိုးတွင် ဇနီးဖြစ်သူ မမေဟန်အိနှင့် ၇ နှစ်အရွယ် သမီးငယ်တဦး ကျန်ခဲ့ပါသည်။



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင်။ အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်။ တွဲဖက် အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃

AAPP Info Released a Political Prisoner Passed Away in Myingyan Prison

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....