Wednesday, May 19, 2010

ကျောင်းသားနဲ့ ထောက်လှမ်းရေး

တူမောင်ညို

“ခွပ်ဒေါင်းအလံနဲ့ (ဘီအိုင်အေ)အလံ”ကိစ္စ “ကန့်ကွက်ခြင်းခံရ၍ သက်ဆိုင်ရာပါတီကို ခေါ်ယူ၍ ပြင်ဆင်စေခဲ့သည်” ဆိုသည့် ကြေညာချက်ကို မေလ (၁၅) ရက်နှင့် (၁၆) ရက်နေ့ထုတ်၊ နေ့စဉ်သတင်းစာများတွင် ဖတ်လိုက်ရပါတယ်။

အေးလွင်တို့၊ ရဲထွန်းတို့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးထဲ ပါခဲ့ဖူးတာ ဟုတ်ချင်လည်းဟုတ်မှာပေါ့။ အရေးတော်ပုံကြီး အင်အားကြီးလာတော့ သောကောရောကောတွေကလည်း ပါဝင်လာခဲ့ကြမှာပေါ့၊ မဟုတ်ဘူးလား။


“ပဲခူးရေကြီးချိန်” နဲ့တူတယ်လို့တောင် ပြောစမှတ်ရှိခဲ့ဖူးတာဘဲ။

အလံ ၂ ခုစလုံးက နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး အမျိုးသားရေးသမိုင်းကြောင်းမှာ သိပ်အရေးကြီးတဲ့ သမိုင်းသင်္ကေတတွေ၊ သမိုင်းဝင် တိုက်ပွဲဝင်အထိမ်းအမှတ်တွေ ဖြစ်တယ်။

ရာရာစစ။ ထောက်လှမ်ရေးက မွေးထား၊ ကျွေးထား၊ ပေးထားသူတွေ၊ ဒူးထောက်အညံ့ခံပြီး ခိုင်းတာလုပ်နေသူတွေက မတန်မရာ ယူသုံးလို့ ဘယ်ရလိမ့်မလဲ။ ။ တန်ရာတန်ရာပေါ့။

အစဉ်အလာရှိသူတွေ၊ အစဉ်အလာကို အထိအခိုက် အပွန်းအပဲ့ မခံနိုင်သူတွေဖြစ်တဲ့ “စာပေဂီတ၊ ရုပ်ရှင်အနုပညာရှင်များနှင့် ကျောင်းသားပြည်သူများ” က မေလ (၆)ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စာရေးသားပြီး စုပေါင်း လက်မှတ်ရေးထိုးကာ ကန့်ကွက်လွှာ တင်ပြခဲ့ကြပါတယ်။

သခင်သိန်းမောင်၊ ဒဂုန်တာရာ စတဲ့ ၁၃၀၀ ပြည့် မျိုးဆက်ကြီးတွေ ပါဝင်သလို၊ ထင်ရှားတဲ့ လူထုစိန်ဝင်း၊ မောင်အောင်ပွင့်တို့လို စာရေးဆရာ၊ ကဗျာဆရာတွေ ပါတယ်။ ဦးအောင်သိန်းတို့လို လိုင်စင်မဲ့ ရှေ့နေကြီးတွေပါတယ်။ စာပေ၊ ကဗျာ၊ ဂီတ၊ ရုပ်ရှင်ဘက်က လူငယ်မျိုးဆက်သစ်တွေရဲ့ နာမည်တွေကို အားရဝမ်းသာစွာ တွေ့လိုက်ရတယ်။ အရေးကြီးရင် သွေးနီးပြီး သွေးစည်းတယ်ဆိုတဲ့ စကားကို သဘောပေါက်မိတယ်။

တပြိုင်နက်ထဲမှာလည်း အမေ လူထုအဒေါ်အမာနဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းတို့ကို လှိုက်လှိုက်လှဲလှဲ သတိရမိပါတယ်။ အမေတို့၊ ဆရာကြီးတို့သာ အသက်ထင်ရှား ရှိနေသေးရင် ရှေ့ဆုံးက အတက်ကြွဆုံး ပါဝင်မယ်ဆိုတာကို တွေးပြီး မြင်ယောင်မိပါတယ်။

ပါတီစုံဒီမိုကရေစီဆိုတာ မတူကွဲလွဲတာတွေ ရှိမှာပဲ။

ဒါပေမယ့် ဒီလိုအရေးမှာတော့ သူတို့များ ပါလာလေမလားဆိုတဲ့ အမြင်နဲ့ (မျှော်လင့်လွန်းလှလို့တော့ မဟုတ်ပါ) ရှာကြည့်ပါသေးတယ်။ သူတို့မပါဘူး။ သူတို့ဆိုတာ သခင်တင်မြ၊ မောင်စူးစမ်း၊ ကျော်ဝင်း။

ဘာပဲဖြစ်ဖြစ် “ခွပ်ဒေါင်းအလံနဲ့ (ဘီအိုင်အေ)အလံ” ကို ထောက်လှမ်းရေးက မွေးထား၊ ကျွေးထား၊ ပေးထားသူတွေ၊ ဒူးထောက်အညံ့ခံပြီး ခိုင်းတာလုပ်နေသူတွေက မတန်မရာ ယူသုံးလို့မရတာတော့ အောင်ပွဲတစ်ခုဖြစ်ပါတယ်။

ထောက်လှမ်းရေးက ကျောင်းသားလူငယ်တွေကို ဦးနှောက်ရော ပါးစပ်ပါ ဆေးပြီး သူတို့ခိုင်းချင်တာ ခိုင်းနေတာပါ။ ကျောင်းသားနဲ့ ကျောင်းသားလှုပ်ရှားမှုကို ဖိနှိပ်ချေမှုန်းတာနဲ့ မလုံလောက်တော့ဘူးဆိုတာ သဘောပေါက်လာတဲ့အတွက် လူမွေးပြီး သပ်လျှိုဖြိုခွဲတာကို ပီပီပြင်ပြင် လုပ်ဆောင်လာပါတယ်။

“၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)” တို့၊ “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်” တို့၊ “မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ” တို့၊ “ဝံသာနုNLD (ပြည်ထောင်စုမြန်မာနိုင်ငံ)” တို့ ဆိုတာ မျိုးဆက်သစ် ကျောင်းသားလူငယ်ထုကို သပ်လျှိုသွေးခွဲရေးအတွက် ထောက်လှမ်းရေးက စီစဉ်ညွှန်ကြား ဖန်တီးလာတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေပဲ ဖြစ်ပါတယ်။

“ခွပ်ဒေါင်းအလံနဲ့ (ဘီအိုင်အေ)အလံ” ကိစ္စကတော့ ပွဲဦးထွက် သွေးတိုးစမ်းတဲ့ တိုက်ကွက်တစ်ခု ဖြစ်ပါတယ်။ ဒီလိုအကဲစမ်းတဲ့ တိုက်ကွက်ကို ပြည်တွင်းပြည်ပ အင်အားစုများက စုစုစည်းစည်းနဲ့ ကန့်ကွက်အနိုင်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ “တော်လှန်ရေးကောင်စီ”၊ “(မဆလ)”၊ “(နဝတ-နအဖ)” လို့ ဘယ်လိုအမည်တပ်ထားထား၊ မဖျောက်နိုင်၊ မဖျက်နိုင်၊ မဖုံးကွယ်နိုင်တဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကျောင်းသားနဲ့ ကျောင်းသားလှုပ်ရှားမှုကို အငြိုးတကြီးနဲ့ ဖမ်းဆီးဖိနှိပ် ဖြိုခွဲသတ်ဖြတ်တာပါပဲ။

သမိုင်းဝင် (တကသ)အဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုချပြီး ကျောင်းသားတွေကို သတ်ခဲ့တဲ့ စစ်အုပ်စုဟာ ဒီကနေ့အထိလည်း ကျောင်းသားတွေနဲ့ ကျောင်းသားလှုပ်ရှားမှုကို ဖမ်းဆီးဖိနှိပ် သတ်ဖြတ်နေဆဲဖြစ်တယ်။

ဒီလိုဖမ်းဆီးဖိနှိပ် သတ်ဖြတ်ဖြိုခွဲရာမှာ အဓိကအကျဆုံး ယန္တယားကတော့ ထောက်လှမ်းရေးပဲ။ ဒီလုပ်ငန်းကို အကျွမ်းကျင်ဆုံး၊ လက်အယဉ်ဆုံးကတော့ စစ်အုပ်စုက လက်သပ်မွေးထားတဲ့၊ အသွင်အမျိုးမျိုးယူထားတဲ့ လက်မရွံ့ထောက်လှမ်းရေးပဲ။ (MI) ၊ (NIB)၊ (SB) (စရဖ) စသဖြင့် ဘယ်လိုပဲ နာမည်ပြောင်းထားပါစေ ထောက်လှမ်းရေးဟာ ထောက်လှမ်ရေးပါပဲ။

အခုအခါမှာ စစ်အုပ်စုက ကျောင်းသားနဲ့ ကျောင်းသားလှုပ်ရှားမှုကို ဖိနှိပ်သတ်ဖြတ်တဲ့ နည်းတစ်ခုထဲတင်မကတော့ဘဲ ကျောင်းသားလူငယ်ထုကြားထဲမှာ လက်ပါးစေမွေးပြီး သွေးစည်းညီညွတ်မှု ပြိုကွဲအောင်လုပ်တဲ့ သပ်လျှိုဖြိုခွဲရေး နည်းလမ်းကို ကျင့်သုံးလာခဲ့တယ်။

ဒီနည်းလမ်းကို ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ခင်ညွန့်ထောက်လှမ်ရေးက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပါတယ်။ ကျောင်းသားလှုပ်ရှားမှုထဲမှာ (ဗ) နဲ့ (မ) ဆိုပြီး ကွဲအောင်လုပ်ခဲ့တာ ခင်ညွန့်ထောက်လှမ်းရေးပဲ။ ၁၉၈၈ မတိုင်ခင်က ကျောင်းသားလှုပ်ရှားမှုထဲမှာ (ဗ) နဲ့ (မ) ဆိုတဲ့ ပြဿနာမရှိဘူး။

ဒီနည်းလမ်းက ခင်ညွန့်ထောက်လှမ်းရေးအတွက် တော်တော် အသုံးဝင်ခဲ့တယ်။ အခုထိလည်း (စရဖ) တို့၊ (SB) တို့ တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေဆဲဖြစ်တယ်။ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေ၊ အပစ်မရပ်သေးတဲ့ အဖွဲ့တွေလည်း သပ်လျှိုဖြိုခွဲတဲ့ ဒဏ်ကို ကြီးကြီးမားမား ခံလိုက်ရတာပါ။

ဒီလို ပြင်ပလောကမှာ မပြောနဲ့ အကျဉ်းထောင်အတွင်းမှာပါ ရှိတဲ့ ကျောင်းသားလူငယ်တွေကြားမှာ၊ နိုင်ငံရေးအုပ်စုတွေကြားမှာ ပြိုကွဲအောင် ထောက်လှမ်းရေးက ကလိမ်ကကျစ် ဉာဏ်နီဉာဏ်နက်မျိုးစုံ သုံးပြီးကို ဖြိုခွဲတာပါ။ ဖြိုခွဲနေတာပါ။

မကြာသေးမီက ထွက်လာတဲ့ “လှမျိုးနောင် ဆိုသူရဲ့စာ” ဆိုတာ ထောက်လှမ်းရေးက ဖန်တီးတဲ့ စနက်တစ်ခုသာ ဖြစ်ပါတယ်။ တချို့ဆို ထောင်ထဲမှာ “ကော်ဖီမစ်တစ်ထုပ်” ၊ “အသားတစ်တုံး” နဲ့ ထောက်လှမ်းရေးဆီ ဒူးထောက်ပြီး ခိုင်းတာလုပ်ရတဲ့ ဘဝ ကျရောက်သွားရတာတွေ ကြားဖူးတယ်။

အလျဉ်းသင့်လို့ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ထဲမှာ ဖေါ်ပြထားတဲ့ ထောက်လှမ်းရေးနဲ့ပတ်သက်တဲ့ အချက်တစ်ချို့ကို ထုတ်နှုတ်ပြပါရစေ။

“ထောင်ထဲက စစ်ထောက်လှမ်းရေးတွေ စစ်မေးညှဉ်းပန်းနှိပ်စက်မှုတွေဟာ တိရစ္ဆာန်ထက်တောင် ပိုမို ရက်စက်ကြမ်းကြုတ်တယ်” (နှာ - ၁၅၃)

“ထောင်ထဲမှာ စစ်ကြောရေးလုပ်ခံရပြီဆိုရင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖို့ နိုင်ငံရေးဘဝပျက်ပြီ၊ စီးပွားရေးဘဝပြိုပြီ၊ လူမှုရေးဘဝပြောင်းပြီ။ အဲဒီလို တစ်ထစ်ချမှတ်ပေရော့” (နှာ - ၁၅၃)

“ထောက်လှမ်းရေးက သတ်ပါတယ်၊ ခရမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့၊ ဒီချုပ်အလုပ်သမားခေါင်းဆောင် ဦးမောင်ကိုတို့၊ အခြားနိုင်ငံရေးသမား အမြောက်အများတို့ စစ်ကြောရေးလက်ချက်နဲ့ သေခဲ့ကြရပြီမဟုတ်လား” ( နှာ - ၁၅၄)

“စစ်ထောက်လှမ်းရေးက ဦးနှောက်ဆေးရုံတင်မက ပါးစပ်ကိုပါ ဆေးတယ်၊ စစ်ကြောခံရသူရဲ့ ပါးစပ်တွေ ရွဲ့ကုန်တယ်၊ လျှာတွေ လိပ်ကုန်တယ်။ ကွေးကုန်တယ်။ သူ့ပါးစပ်က လိမ်ညာတဲ့စကားတွေ၊ ကောက်ကျစ်တဲ့စကားတွေ၊ ဆိုးညစ်တဲ့စကားတွေ အန်ဟလာတယ်”
“အဲဒီပါးစပ်ပဲ့ထဲက နိုင်ငံရေးမူဝါဒ၊ ပါတီအဖွဲ့အစည်း၊ ခေါင်းဆောင်ပုဂ္ဂိုလ်၊ ပြည်သူလူထု ဆိုတဲ့ သူယုံကြည်ရာတွေအားလုံးကို ဆန့်ကျင်တဲ့စကားတွေ၊ ရှုတ်ချတဲ့စကားတွေ၊ ပယ်လှန်တဲ့စကားတွေ၊ ပြက်ရယ်တဲ့စကားတွေ လျှံတက်၊ အန်ထွက်လာတယ်။ စစ်ထောက်လှမ်းရေးဟာ လူတစ်ယောက်ကို ဆန့်ကျင်ဘက်ရုပ်လုံးထုပြီး ပြင်ပလောကကို ပြန်လွှတ်လိုက်တယ်” (နှာ - ၁၅၅)

ဒါတွေဟာ ထောက်လှမ်းရေးနဲ့ စစ်ကြောရေးရဲ့ သရုပ်မှန်ဖေါ်ပြချက်တွေပဲ ဖြစ်ပါတယ်။ သို့သော်လည်း တချို့က အဲလို ဘဝတွေ၊ သွေးတွေ၊ အသက်တွေ၊ ယုံကြည်ချက်တွေနဲ့ ခင်းခဲ့ ရင်းခဲ့ရတဲ့ သရုပ်မှန်တွေကို မေ့နေကြပြီး “ခင်ညွန့်နဲ့သာဆိုရင်” ဆိုပြီး လွမ်းသလို ဆွေးသလို ရေးနေတာတွေ ဖတ်ရတယ်။

ဒါကြောင့် သစ်သစ်၊ ဟောင်းဟောင်း ထောက်လှမ်းရေးနဲ့ပတ်သက်လာရင် ဦးဝင်းတင် စကားငှားပြောရမှာပဲ -
“ထောက်လှမ်းရေးဆိုရင် အစာမကြေဘူး၊ ကမ္ဘာမကြေဘူး” ။           ။

x x x x x
တူမောင်ညို
(၂၀၁၀ မေလ ၁၆ ရက်)

 ရိုးမ၃ မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....