Tuesday, May 11, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်များကို မစ္စတာ ကာ့တ်ကမ်ဘဲလ် တွေ့ဆုံ

NEJ   /   ၁၀ မေလ ၂၀၁၀
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ဂေဟာ၌ ယနေ့ မွန်းလွဲပိုင်း (၁) နာရီခွဲကျော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။မစ္စတာကာ့တ်ကမ်ဘဲလ်သည် (၂) ရက်ကြာခရီးစဉ်အဖြစ် မေလ (၉) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင်တွင် မစ္စတာ ကာ့တ်ကမ်ဘဲလ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၀) ဦးနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံမှူး၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

၎င်းက “ဒီနေ့ မနက် (၁၁) နာရီလောက်က တွေ့တာပါ။ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးပါတယ်၊ ဦးဝင်းတင်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ သခင်စိုးမြင့်၊ ဦးဟန်သာမြင့်၊ ဦးဉာဏ်ဝင်း၊ ဒေါ်မေ၀င်းမြင့်၊ ဦးအုန်းကြိုင်တို့ ပါဝင်ပါတယ်” ဟု ပြောသည်။

ယခု မြန်မာနိုင်ငံခရီးစဉ်သည် အမေရိကန်နှင့် မြန်မာအစိုးရတို့ကြား ပုံမှန်ဆက်ဆံရေးများ ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း မစ္စတာကမ်ဘဲလ်က ပြောကြားပြီး အန်အယ်လ်ဒီဘက်မှ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က အန်အယ်လ်ဒီ၏ လက်ရှိရပ်တည်နေသည့် အနေအထားနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မစ္စတာကမ်ဘဲလ်နှင့်တွေ့ဆုံရာတွင် အန်အယ်လ်ဒီဘက်မှ အဓိကအချက် (၃) ချက်ကို တင်ပြခဲ့သည်ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ကျနော်တို့က ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ဆက်လက်တိုက်တွန်းပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလို့ကတော့ ဘာမှ အဆင်ပြေတော့မှာ မဟုတ်ဘူး။ ဒါကြောင့် မနှစ်က တိုက်တွန်းသလိုပဲ ဒီနှစ်လည်း တိုက်တွန်းချင်ပါတယ်။ အမေရိကန်နဲ့ စစ်အစိုးရ ဆက်ဆံမှုတင် မကပါဘူး၊ အတိုက်အခံအင်အားစုနဲ့ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင်လည်း လုပ်ပေးပါလို့ တိုက်တွန်းခဲ့တယ်” ဟု ပြောသည်။

ဒုတိယအချက်အနေဖြင့် အမေရိကန်အစိုးရဖြင့် စစ်အစိုးရဆက်ဆံမှုကို အားမရကြောင်း၊ စစ်အစိုးရက အမြဲတမ်းခေါင်းမာနေပြီး အမေရိကန်အစိုးရ၏ တောင်းဆိုချက်များကို တခုမှ လုပ်မပေးသည့်အတွက် ကုလသမဂ္ဂအပါအ၀င် အနောက်နိုင်ငံ အင်အားစုများက စစ်အစိုးရကို ပိုမိုထိရောက်စွာ ပြင်းပြင်းထန်ထန် ဖိအားပေးလုပ်ဆောင်ရန်လိုကြောင်း၊ စီးပွားရေးဖိအားပေးမှု၊ နိုင်ငံရေးဖိအားပေးမှုများပါ လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့ကြသည်ဟု ဦးဝင်းတင်က ပြောသည်။

“တတိယအနေနဲ့ကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မှုရှိမှာမဟုတ်ဘူး။ ဒါ့အပြင် အနောက်နိုင်ငံတွေက တောင်းဆိုနေတဲ့ အများလက်ခံယုံကြည်တဲ့ ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် ရလဒ်တွေကို အသိအမှတ်မပြုဘဲ ကြေညာထားတဲ့အတိုင်းပဲ ဆက်လက် အကောင်အထည်ဖော်ဖို့ ပြောလိုက်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အန်အယ်လ်ဒီဘက်မှ ထိုသို့တင်ပြပြောဆိုခဲ့ပြီးနောက် မစ္စတာကမ်ဘဲလ်က ၎င်းတို့အနေဖြင့် အန်အယ်လ်ဒီကို ဆက်လက်ထောက်ခံသွားမည်ဟု ပြောဆိုခဲ့ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

၎င်းက “သူ့ဘက်က ပြောတာတော့ အတိုက်အခံအင်အားစုဖြစ်တဲ့ အန်အယ်လ်ဒီဟာ ဘယ်ပုံစံနဲ့ပဲနေနေ မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ၊ တရားဝင်ပါတီ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အန်အယ်လ်ဒီကို ဆက်လက်ထောက်ခံသွားမယ်၊ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို အလေးထားပြောသွားတယ်” ဟု ဆိုသည်။

အန်အယ်လ်ဒီမှ ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံအပြီးတွင် မစ္စတာကမ်ဘဲလ်သည် ပြည်တွင်းမှ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ယနေ့ ညနေ (၆) နာရီခွဲတွင် အမေရိကန်စင်တာ၌ မစ္စတာကမ်ဘဲလ်နှင့် ပြည်တွင်းပြည်ပ သတင်းထောက်များကို တွေ့ဆုံပေးမည်ဖြစ်ကြောင်း သိရသည်။ သို့သော် မစ္စတာကမ်ဘဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမည်ကို ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား သတင်းရယူရန် အမေရိကန်သံရုံးကတဆင့် ဖိတ်ကြားခဲ့သော်လည်း အာဏာပိုင်များက သတင်းမီဒီယာသမားများအား ဧည့်ဂေဟာသို့ ၀င်ခွင့်မပေးခဲ့ကြောင်း ရန်ကုန်မှ လာသောသတင်းများအရ သိရသည်။

မစ္စတာကမ်ဘဲလ်သည် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် လာရောက်ခဲ့ပြီးသည့်နောက် ယခုခရီးစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူမှုနှင့်အတူ တိုက်ရိုက်ဆက်ဆံသည့် မူဝါဒကို ပူးတွဲကျင့်သုံးသွားမည်ဟု ကြေညာခဲ့ပြီးသည့်နောက် မစ္စတာကမ်ဘဲလ်၏ မြန်မာနိုင်ငံသို့ ပထမအကြိမ်အဖြစ် သွားရောက်ခဲ့သည့် အမေရိကန်အစိုးရအဖွဲ့မှ အဆင့်အမြင့်ဆုံးဖြစ်သည်။

ယခု ဒုတိယအကြိမ်ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ကုန်ဆုံးပြီးနောက် ရက်ပိုင်းအတွင်း လာရောက်ခြင်းဖြစ်သည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....