Tuesday, April 27, 2010

စစ်ဗိုလ်ချုပ် ၂၃ဦး လူယောင်ဆောင် ကြံ့ဖွံ့ပါတီထောင်တော့မည်

ရန်ကုန် ။ ဧပြီ ၂၇။
နအဖ ဝန်ကြီးချုပ် နှင့် အခြားဝန်ကြီး ဒုဝန်ကြီးများ ပါဝင်သော ထိပ်တန်းအဖွဲ့ဝင်များသည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် သူတို့၏ စစ်ဘက်ဆိုင်ရာ ရာထူးများမှ မနေ့က ညဥ့်နက်ပိုင်းတွင် နှုတ်ထွက်သွားကြပြီဟု နအဖ အရာရှိတဦးကပြောပါသည်။
အမည်ထုတ်ဖေါ်ရန် ငြင်းဆန်သော ထို နအဖ အဆင့်မြင့် အရာရှိက ယခုအခါ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ဦးသိန်းစိန်ဟု ခေါ်ဆိုရတော့မည်ဟု ဆိုပါသည်။ ၄င်းက ဆက်လက်ပြောဆိုရာတွင် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ဒုဝန်ကြီး စုစုပေါင်း ၂၃ဦးတို့သည် သူတို့၏ စစ်ဘက်ဆိုင်ရာ ရာထူးများမှ နှုတ်ထွက်ခဲ့ကြသည်ဟု ဆိုပါသည်။ သူတို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ရမည့် မေလ ၆ ရက်နေ့ မတိုင်မှီ ပါတီအဖြစ် ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်လိမ့်မည်ဟုလည်း ပြောပြခဲ့ပါသည်။
ထိုသို့ နှုတ်ထွက်ခဲ့ကြသူများတွင် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဝန်ကြီးချုပ်) ၊ ဗိုလ်မှူးချုပ်ဌေးဦး စိုက်ပျိုးရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်မင်း (ရထားပို့ဆောင်ရေး ဝန်ကြီး)၊ ဒုဗိုလ်ချုပ် တင်နိုင်ငြိမ်း ( ကုန်သွယ်ရေးဝန်ကြီး) ၊ ဗိုလ်မှူးကြီး ဇော်မင်း( အမှတ်၁ လျှပ်စစ်စွမ်းအင် ဝန်ကြီး) ၊ ဗိုလ်မှူးချုပ် ခင်မောင်မြင့် (အမှတ် ၂ လျှပ်စစ် စွမ်းအင် ဝန်ကြီး) ၊ ဒုဗိုလ်ချုပ် ဖုန်းရွှေ (ပြည်ထဲရေးဝန်ကြီး) တို့ ပါဝင်ပါသည်။အရေအတွက်ကို သိရသော်လည်း ကျန်ရှိသော နှုတ်ထွက် ဗိုလ်ချုပ်များ၏ စာရင်းကို သိရှိရခြင်း မရှိသေးပါ။
ထို အရာရှိက စစ်ဗိုလ်ချုပ်များ နှုတ်ထွက်ခြင်းနှင့်ပါတ်သက်၍ ပြောဆိုခဲ့ခြင်း မရှိသော်လည်း မကြာခင်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများအရ စစ်တပ်ရာထူး လက်ရှိ ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲ ဝင်ခွင့်မရှိပါ။
ယခုအခါ NLD ပါတီက တရားမျှတခြင်း မရှိသော ရွေးကောက်ပွဲ ဥပဒေများကြောင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုတော့ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ယခု စစ်ဗိုလ်ချုပ်များ ဦးဆောင်ထူထောင်မည့် ကြံ့ဖွံ့ပါတီသည် လက်ရှိ အခြေအနေတွင် အင်အားအကြီးမားဆုံး ပါတီဖြစ်လာနိုင်ပါသည်။

ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ရွှေဝါရောင် သတင်းလွှာ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....