Wednesday, April 28, 2010

“ အကြောက်တရားတွေနဲ့ပဲ ဒီအတိုင်းနေကြမလား ”

ဗုံး …ကွဲပြန်ပြီတဲ့ ၊ ဗုံး...တွေ့လို့တဲ့ ၊ ဗုံး…ရှာနေကြတာတဲ့ ၊ဗုံး…ခွဲတယ်ထင်တဲ့သူတွေကိုဖမ်းနေတာတဲ့။ သင်္ကြန်အကြတ်နေ့ စစ်အစိုးရခေါင်းကြီးပိုင်းမိသားစုတွေရေကစားတဲ့ X2O(Special One)မဏ္ဍပ်ရှေ့ ၊ ဗုံး သုံးလုံးဆက်ပေါက်ကွဲအပြီးမှာ ပြည်သူတွေကြားမှာလဲ အထိတ်ထိတ်အလန့်လန့် ၊ စစ်အုပ်စု အာဏာ ပိုင်တွေကြားမှာလဲ ပြာယာတွေခတ် ၊ စက္ကူဗူးခွံလေးပဲဖြစ်ဖြစ် ၊ အမှိုက်ထုတ်ပဲဖြစ်ဖြစ် တွေ့တိုင်း ဗုံးဖြစ်နေမလားစိုးရိမ်စိတ်တွေနဲ့ ။ “မဖြစ်မနေမို့သာ သွားလာနေရတယ် ၊ လမ်းထွက် ရမှာတောင်လန့်နေပြီ ”ဆိုတာမျိုး ရန်ကုန် ၊ နေပြည်တော် (ပျဉ်းမနား) စတဲ့မြို့တွေမှာ တ ဗုံးဗုံးနဲ့ ဗုံးလန့်ရောဂါ ရနေကြပါတယ် ။

ရန်ကုန်ဆေးရုံကြီး ၊ လပြည့်ဝန်းပလာဇာ ၊ ကန်တော်ကြီးမျှော်စင်ကျွန်း ၊ ဘုရင့်နောင်ရုပ်ရှင်ရုံ ၊ North Point Shopping Center တွေမှာ ဗုံးထပ်ကွဲတယ် ၊ မကွဲသေးတဲ့ဗုံးတွေမိတယ် ၊ နေပြည်တော် (ပျဉ်းမနား)မှာတောင် မြို့မဈေးမှာ ဗုံးတွေ့တယ် ၊ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင်ဟိုတယ်မှာ ဗုံးတွေ့တယ်နဲ့ ဗုံး…ဆိုင်ရာကောလဟာလမျိုးစုံ နေ့စဉ်ဖြစ်နေတာပါ ၊ စစ်အစိုးရရဲ့ ဗုံးရှင်းအဖွဲ့ဆိုတာ တွေလဲ ဟိုပြေးသည်ပြေး (ကိုယ်သွားမှကွဲမှာလဲကြောက်ရ ၊ တခုခုလွဲချော်သွားလို့ ရာထူးရှော အလုပ် ပြုတ် ထောင်ကျမှာလဲစိုးရိမ်ရ နဲ့ ) သူတို့ကိုယ်တိုင်လဲ ကြောက်နေကြပါတယ် ။

နေပြည်တော်သို့ အဆင့်မြင့်အရာရှိကြီးများ သွားလာခွင့်ကန့်သတ်လိုက်တာ ၊ နေပြည်တော်ခရီးစဉ်ရှိ ရင် လူစာရင်း ၊ လက်နက်စာရင်း ကြိုပေးရမယ်ဆိုတာတွေဟာ သင်္ကြန်ရက်မှာဖြစ်ခဲ့တဲ့ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်မှုရဲ့ ဂယက်ကြောင့် ပြည်သူလူထုသာမက စစ်အုပ်စုအာဏာရှင်တွေရဲ့ကြားမှာပါ တော်တော်တုန်လှုပ်သွားတယ်ဆိုတာ သိသာပါတယ် ။ ဗုံးကွဲပြီးစရက်တွေတုံးကတော့ ဒါ စစ်အစိုးရ က ကိုယ်တိုင်ပြန်လုပ်တာလို့ တချို့အတိုက်အခံတွေနဲ့ ပြည်သူအများစု ပြောနေကြပါတယ် ၊ ဒါပေမဲ့ ဒီဖြစ်စဉ်ကြောင့် စစ်အုပ်စုရဲ့ထိခိုက်မှုကိုပြန်တွက်တဲ့အခါ စစ်အစိုးရကိုယ်တိုင်လုပ်တာမဟုတ်ဘူးဆို တာ သိသာလာပါတယ် ။

(၁)ချထားတဲ့လုံခြုံရေးတွေဆိုတာ ပြည်သူလူထုအတွက်မဟုတ်ပဲ သူတို့အတွက်ပဲဖြစ်တယ်ဆိုတာမျိုး ကမ္ဘာမှာရောပြည်သူတွေကြားမှာပါ အရှက်ကွဲပါတယ် ။ (၂) အပြစ်မဲ့ပြည်သူတွေကြားလို့ ၀ါဒဖြန့်ချီရေး မူအရ ပြောနေရပေမဲ့ တကယ်တမ်းသေဆုံးသူနဲ့ဒါဏ်ရာပြင်းထန်သူအများစုဟာ (အမှတ်၎စစ်ဒေသမှုး ဗိုလ်မှုးကြီးအုန်းချိုအပါအ၀င် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲမှုး ၊ စခန်းမှုး ၊ ဒုရဲအုပ်မောင်မောင်ဟန်နဲ့ နောက်အရာရှိတစ်ယောက် ၊ မယက ဥက္ကဌ ဦးကျော်ငြိမ်း ၊ စည်ပင်အုပ်ချုပ်ရေးမှုး DSA အပါတ်စဉ်၄၀ ဗိုလ်ကြီးသန့်စင်သိမ်း ၊ ကြံ့ဖွတ်ဝင် ရယကရာအိမ်မှုးဦးမောင်လေး ၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရဲစခန်း ၀င်းနေ ရဲတပ်ကြပ်မင်းထွန်းရဲ့သား ကြံ့ဖွတ် စိုးမိုးထွန်း စသဖြင့်) ဒေါက်တိုင်တွေဖြစ်ပြီး နောင်ကို လူထု ကြားထဲ မနေရဲလောက်အောင် ၊ မြင်ရာပြည်သူကို ငါတို့ချမဲ့ကောင်တွေလားလို့ သံသယမျက်လုံးနဲ့ လိုက် ကြည့်နေရလောက်အောင် တော်တော်အထိနာခဲ့ရပါတယ် ။ (၃) ဘယ်သူလုပ်တာပါလို့ ထင်ကြေးနဲ့ တရားလက်လွတ်ပြောဆိုမှုကလွဲရင် မိအောင်ဖမ်းမပြနိုင်ခဲ့ပါဘူး ။ (၄) ဒီကောင်တွေပဲလုပ် တာပါလို့ အတိုက်အခံတွေရဲ့စွပ်ဆွဲမှုခံရသလို ပြည်သူတွေရဲ့ငြိုငြင်မှုကိုလံ ခံရပြီးရင်းခံရ ဖြစ်ရပြန် ပါတယ် ။ (၅) ကိုယ့်တပ်ထဲကလူတွေပဲ အချင်းချင်းမကြေနပ်လို့ပြန်လုပ်သလားတွေးပြီး ကိုယ့်ဘေး ကလူကိုယ်မယုံ နောက်ကျောမလုံဖြစ်နေရပါတယ် ။ (၆) ဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းမှုးနဲ့ စစ်ဒေသမှုး တွေ ကြိမ်းမောင်းခံထိသလို ရဲတချို့ထောက်လှမ်းရေးတချို့ ရာထူးချခံရ( အရေးယူခံရ)ပြီး ကျန်တဲ့သူ တွေမှာလဲ ဘေးမသင့်ရလေအောင် ဧည့်စာရင်းစစ်ပြ ၊ ကင်းပုန်းဝပ်ပြ ၊ လှည့်ကင်းပါတ်ပြ ၊ တွေ့ရာလူ ဖမ်း စစ်ဆေးပြရနဲ့ နေ့မနားညမအိပ် ပြာယာခတ်ကြရပါတော့တယ် ။ (၇) စစ်အာဏာရှင် စနစ် အောက်တွင် မည်သည့်အချိန် မည်သည့်နေရာတွင်မှ လုံခြုံမှုမရှိဆိုသည်ကို ပြည်သူများ ၊ ၄င်းတို့နှင့် စီးပွားချင်းဆက် ရပ်တည်နေထိုင်ကြသူများ သိနားလည်၍ ၊ သွားလေရာဗုံးကွဲလေမလား ဟုနေ့စဉ် အထိတ်ထိတ် အလန့်လန့် ဖြစ်လာပြီး သူတို့နဲ့ပါတ်သက်သော အလုပ်/နေရာများမှ သွေဖယ်လာကြပါ တယ် ။ (၈) မြို့ပြပြောက်ကျားစစ်လို့ အတိုက်အခံအချို့ကအော်တဲ့အပေါ်မှာ ကျန်တဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေကပါလိုက်လုပ်လာမှာ ၊ ပြည်သူတွေကပါ ရရာလက်နက်ဆွဲကိုင်ခုခံလာမှာ ကြောက် လာရပါတယ် ။ စစ်အစိုးရဟာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာမျိုးကလွဲရင် သတ္တိရှိရှိ အရှုံးခံ အနာခံပြီး ဘယ်တော့မှမတိုက်ပါဘူး ၊ ခုလဲ သူတို့အတွက် ဆုံးရှုံးနစ်နာမှုများစွာဖြစ်ခဲ့တဲ့ ဒီ ဗုံးကွဲခဲ့တဲ့ကိစ္စဟာ သူတို့ကိုယ်တိုင်လုပ်တာ မဖြစ်နိုင်ပါဘူး ။ သူတို့ရနိုင်တဲ့အမြတ်ဆိုလို့ ပြည်သူ လူထုကြားမှာ အဖျက်သမားတွေ ဗုံးလာခွဲသွားပါသည် လို့ ၀ါဒဖြန့်နိုင်ယုံလေးပဲရှိပြီး ဒါကလဲ ဗမာပြည်သူကြားတွင် ဆန်းတော့ သည့်ကိစ္စမဟုတ်တော့ ။

ဒီတော့ ပြည်သူတွေကြားမှာ မင်းတို့ရဲ့ရန်သူ အမြဲတမ်းရှိနေတယ်ဆိုတာမျိုး စစ်အစိုးရကိုဦးတည် တိုက်ခိုက်တဲ့ ၊ လက်နက်ကိုင်တိုက်မှ ဘယ်လိုနည်းမျိုးမဆိုသုံးမှ နိုင်မယ်လို့ယုံကြည်ထားတဲ့ တော်လှန်ရေးအင်အားစု တစ်ခုခုက လုပ်တာဖြစ်နိုင်သလို နောက်ထပ်လဲ အကြိမ်ကြိမ်ထပ်ဖြစ်လာနိုင် ပါတယ် ။

အဓိက ကတော့ ဘယ်သူလုပ်တယ် ၊ ဘယ်ဝါလုပ်တယ်ဆိုတာထက် ဘာ့ကြောင့် ဒီဖြစ်စဉ်တွေဖြစ်နေရလဲက အရေးကြီးပါတယ် ၊ ပြည်သူကို အနိုင်ကျင့်ချင်တိုင်းကျင့် ၊ သူတို့ ကိုယ်တိုင်နဲ့ သားသမီးတွေ ၊ မိသားစုတွေ ၊ ပါတ်သက်ရာပါတ်သက်ကြောင်းတွေ ကောင်းစားရေး က လွဲရင် တိုင်းပြည်ဘာဖြစ်ဖြစ် ၊ ပြည်သူတွေဘာဖြစ်ဖြစ် ဂရုမစိုက်တဲ့ စစ်အာဏာရှင်တွေအုပ်ချုပ် နေသမျှ တော်လှန်ပုန်ကန်မှုပုံသဏ္ဍာန်မျိုးစုံကြုံတွေ့ပြီး ၊ တိုင်းပြည်က တည်ငြိမ်အေးချမ်းမှုမဲ့ ခုလို အထိတ်ထိတ်အလန့်လန့်နဲ့ အကြောက်တရားနဲ့နေ နေရဦးမှာပါပဲ ။

စစ်အုပ်စုက ပြည်သူတွေနဲ့ အောက်ခြေ၀န်ထမ်းတွေကို အကြောက်တရားနဲ့နေသားကျအောင် လုပ် ထား တာကြာနေပါပြီ ၊ မတရားမှန်းသိကြပါလျက် ၊ ငတ်မွတ်ခေါင်းပါးမှုတို့ရဲ့အဓိကတရားခံကိုသိကြ ပါလျက် မဆန့်ကျင်ရဲ ၊ ငြိမ်ခံဖြစ်နေခဲ့ကြတာ နှစ်ပေါင်းမနည်းတော့  ။ ၁၉၉၀ ရွေးကောက်ပွဲလုပ်ပေးပြီး ပြည်သူ့ ဆန္ဒမဲရှင် NLD ကို ဗြောင်ကျကျ အာဏာလွှဲမပေးခဲ့တာလဲ မပြောရဲခဲ့ကြ ၊ ကိုယ့်သဘောနှင့် ကိုယ် ၊ ကိုယ့်လူနှင့်ကိုယ် စိတ်တိုင်းကျရေးဆွဲသော ဖွဲ့စည်းပုံဥပဒေအတွက်ကျင်းပခဲ့သည့် အမျိုးသား ညီလာခံဆိုသည်ကို ဘယ်နိုင်ငံတွင်မှမကြုံဘူးလောက်အောင် အချိန်ဆွဲခဲ့တာကိုလဲ မပြောရဲခဲ့ကြ ၊ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးနှင့် ကျောင်းသားလူငယ်များအား ဥပဒေမဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့ တာကိုလဲ မပြောရဲခဲ့ကြ ၊ ၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေသွေးမြေကျရတာ ၊ ဘာသာ သာသနာကို စော်ကားချင်တိုင်းစော်ကားတာကိုလဲ မပြောရဲခဲ့ကြ ၊ နာဂစ်မှာ မုန်တိုင်းသင့် ပြည်သူတွေကို ကယ်ဆယ်ရေးထိထိရောက်ရောက်မလုပ်တာကိုလည်း မပြောရဲခဲ့ကြ ၊ ၂၀၀၈ မေ မှာ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲဆိုပြီး ပြည်သူ့ဆန္ဒအမှန်မဟုတ်ပဲ အင်ထုလိမ်ညာခဲ့တာလဲ သိသိနဲ့ မပြောရဲ ခဲ့ကြ ၊ အရွယ်မရောက်သေးသူတွေကို စစ်ထဲအဓမ္မသွင်း ကလေးစစ်သားလုပ်ခိုင်းနေတာတွေကိုလဲ မပြောရဲခဲ့ကြ ၊ ကျေးရွာတွေမှာ မီးကင်းကြေး ၊ သံလမ်းကင်းကြေး ၊ဘာကြေးငြာကြေးတွေကောက် ၊ ပေါ်တာဆွဲ ၊ မုဒိန်းကျင့် ၊ ရွာလုံးကျွတ်သတ် ၊ ကြက်ဝက်နွားလု ၊ ရွာတွေမီးရှို့မတရားမှုများစွာ လုပ်နေတာလဲ မပြောရဲခဲ့ ကြ ၊ နိစ္စဓူဝကြုံတွေ့နေရတဲ့ လျှပ်စစ်မီးမရတဲ့ကိစ္စ ၊ သုံးရေမလုံလောက်တဲ့ ကိစ္စ ၊ လိုင်းကားမလုံလောက်တဲ့ကိစ္စ ၊ ကုန်ဈေးနှုန်းကြီးမားပြီးစားဝတ်နေမှုမဖူလုံတဲ့ကိစ္စ ၊ ကျန်းမာ ရေးစောင့်ရှောက်မှုမရတဲ့ကိစ္စ ၊ နေရာတိုင်းလာဒ်မထိုးရင် ဘာမှအဆင်အပြေတဲ့ကိစ္စ ၊ ကလေးတွေ ပညာရေး ဗလာစာအုပ်မပြောနဲ့ နိုင်ငံတော်ထုတ်ဖတ်စာအုပ်တောင် လူစေ့အောင်မထုတ်ပေး နိုင်တဲ့ ကိစ္စ ၊ နောက်ဆုံး ကိုယ့်မိသားစုဝင်တယောက်နာရေးဖြစ်လို့တောင် အဆင်ပြေပြေသင်္ဂြိုလ်ဘို့ တော်တော်ခက်တဲ့ကိစ္စ ၊ ဘာပဲဖြစ်ဖြစ်မပြောရဲတော့ပဲ အကြောက်တရားကြိးစိုးပြီး ကြိတ်ခံနေကြတာ ကြာနေပါပြီ ။

အို ….အမိအဖ ပြည်သူအပေါင်းတို့ ၊ မိမိတို့ရဲ့သားသမီးမြေးမြစ်တွေကို ခေတ်ဆိုးရဲ့အမွေတွေပဲ ပေးထားခဲ့ကြတော့မလား ၊ လူဖြစ်ရကျိုးမနပ်တဲ့ကျွန်သဘောက်ဘ၀ကို ကိုယ်တင်သာမက နောင်လာ နောက်သားတွေကိုပါ ဆက်ခံစေတော့မလား ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပြည်သူတွေရဲ့သတ္တိနဲ့ မင်းဆိုးတွေဖြုတ်ချ အောင်ပွဲတွေရဘူးခဲ့ကြတာမမေ့ပါနဲ့ ၊ သမိုင်းခေတ်က ရှစ်လေးလုံးလို လူထုအုံကြွ မှုတစ်ရပ် ၊ ရရာလက်နက်စွဲကိုင်တိုက်ပွဲဝင်ကြမဲ့ တော်လှန်ရေးကြီးတရပ်ကို တောင်းဆိုနေပါပြီ ၊ အကြောက်တရားတွေထဲက ရုန်းထကြပါစို့ ၊ ပြည်သူ့အစိုးရတစ်ရပ် ဖွဲ့စည်းတည်ထောင်ကြပါစို့ ၊ စစ်အာဏာရှင်တွေကို ဖယ်ရှားကြပါစို့ ။

ရွှေသန်း

8888peoplepower Group mail မှ ပြန်လည်ဖေါ်ပြပါသည်

1 comment:

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....