Thursday, March 25, 2010

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာ မြန်မာ့အရေး အလွတ်သဘော သာဆွေးနွေးနိုင်၊ စစ်အုပ်စုအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူမယ့်ကိစ္စ မှန်သမျှ တရုတ်နိုင်ငံက ကန့်ကွက်

(တရုပ်က သဘောမတူလို့ မြန်မာ့အရေး တရားဝင် မဆွေးနွေးနိုင်သေးတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ခမ်းမကြီး)
မတ်လ ၂၄ ရက်နေ့ ညနေ အခု အချိန်မှာ မြန်မာနိုင်ငံရေး အတွက် သီးသန့် အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာအရေးပေါ်အစည်းအဝေးထိုင်နေကြပါတယ်။ ဒါဟာ မြန်မာ့အရေး အတွက် လုံခြုံရေးကောင်စီရဲ့ တရားဝင် တိုင်ပင် ညှိနှိုင်းတဲ့ စည်းဝေးပွဲဖြစ်ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ဦးဆောင် တောင်းဆိုခဲ့ကြတဲ့အတွက် အခုလို အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ကြပါဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံက တော့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ အာဂျင်ဒါတခု၊ ဆွေးနွေးမယ့် အကြောင်းအရာတခု အနေနဲ့ တရားဝင် ထည့်သွင်းဆွေးနွေးမှာကို လုံးဝမလိုလားဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် မြန်မာ့အရေး ဟာ လုံခြုံရေးကောင်စီမှာ အခုကို အလွတ်သဘော သာ တွေ့ဆုံဆွေးနွေး နိုင်ကြ ကြောင်း ဝမ်းနည်းဖွယ် သိရှိရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့အရေးကို အမြန်ဆုံး စည်းဝေးပွဲ ခေါ်ယူ ကျင်းပပေးဖို့ ဗြိတိန်၊ ပြင်သစ်၊ သြစတြီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့က လိုလားနေကြ ပါကြောင်းသိရှိရပါတယ်။ ဗြိတိသျှအစိုးရ ကတော့ မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေး လုပ်ဆောင်ကြဖို့ အစွမ်းကုန် ကြိုးစား နေပါတယ်။ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင်က ဒီကိစ္စကို လိုလိုလားလား ရှိတဲ့အကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ အလွတ်သဘော ကျင်းပမယ့် မြန်မာပြည်ဆိုင်ရာ လုံခြုံရေးကောင်စီ စည်းဝေးပွဲက မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ တရားဝင် ထည့်သွင်း ဆွေးနွေးဖြစ်ဖို့အတွက် ဆုံးဖြတ်ချက် ကျမယ်၊ မကျဘူး ဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။

မနက်ဖန် မတ်လ ၂၅ ရက်နေ့ မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) အနေနဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ကုလသမဂ္ဂမှာ ခေါ်ယူကျင်းပဖို့ စီစဉ်ထားတာမို့ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲ မကျင်းပခင် တရက်အလိုမှာ အခုလို ကြိုတင် ဆွေးနွေးကြ တာ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအ၀င် အာရှနဲ့ ဥရောပတိုက်က နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပါတယ်။ လုံခြုံရေးကောင်စီဝင် ကြီး ၅ ကြီး အပါအဝင်၊ အီးယူ၊ နော်ဝေ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျှ၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နိုင်ငံ တို့ ပါဝင်ပါတယ်။

မြန်မာပြည်အရေးဟာ ပြည်တွင်းရေး သက်သက်သာ ဖြစ်တယ်၊ နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်ခြင်း မရှိဘူးလို့ တရုတ်တို့ဘက်က လက်ခံထားဆဲ ရှိပြီး၊ မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူမယ့်ကိစ္စ မှန်သမျှကို တရုတ်နိုင်ငံက အသေအလဲ ကန့်ကွက်နေကြောင်း သတင်းရရှိပါတယ်။

(အဓိပဓိကြီး)

ပြန်ခေါက်ထားရန်



(အဓိပဓိကြီး)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....