Monday, March 8, 2010

မိခင်ပျောက်နေတဲ့ သင်္ကြန်

အာဠာဝကပါးစပ်က

နိဗ္ဗာန်ရောက်ကြောင်းတရား ထွက်လာသလို

ဒီသင်္ကြန် အတာစားပုံက

မြန်မာ့သမိုင်း တုန်နေရှာတယ်…

လွတ်လပ်မျှတတဲ့ ဒီမိုကရေစီမုန့်လုံးရေပေါ်လေ

သင်္ကြန်အမြောက်ဆန်ဆန်

အသံတွေက ညံစီနေပေမယ့်

အဲဒီမုန့်လုံးရေပေါ်ထဲ

ဘဝဖျက်၊ နိုင်ငံခွဲ...

ငရုတ်သီးစိမ်း ဘယ်နှစ်တောင့် ပါမလဲ ဆိုတာလည်း

လူတွေအားလုံးကို ခြောက်လှန့်နေဆဲပါလေ



သေချာမယ့်နေ့မှာ

သေခါမှသေရော

အနေမပျော့ခဲ့၊ အခြေမလျော့ခဲ့တဲ့

ပိတောက်တွေနဲ့ လှနေဆဲ သံမဏိအမျိုးသမီးဟာ

ကျွန်တော်တို့အားလုံးရဲ့ …အမေ



သူလေပြုံးပြုံးလေးနဲ့ လောကဓံကို နပန်းလုံးတုန်း

ကြည်ကြည်စင်စင်နဲ့ အာဏာရှင်ကို အံတုနေတုန်း…။



သူဝင်မယ်၊ ငါတက်မယ်

ဟိုအကြံဒီအကြံနဲ့ ငတိကြီး၊ ငတိငယ်တွေ

၂၀၁၀ကို လှန်လှော်နေပေမယ့်

အမေ့ ဝှက်ဖဲကိုတော့

သူတို့လည်းတွေးတော မျှော်လင့် ရင်ခုန်ဆဲ…



အခုဆို လူတွေလူတွေ

ဒုက္ခတွေကို ခဏဘေးချပြီး

တူးပို့..တူးပို့

ရေတစိုစိုအိပ်မက်တစိုစိုနဲ့ ဧပြီကိုကြိုကြပြီ



အမေရေ

အမေ့အိမ်နောက်ကျောလမ်းက

အမေ့မြေးသား လူမမယ်များဟာ

အပျော်ကြူးလမ်းသလားနေတာ ဆိုပေမယ့်

အမေ့အတွက်ကိုတော့ တသံတည်း ထွက်ပါတယ်

“အမေ့ကိုဘဲ ကျွန်တော်တို့ချစ်ပါတယ်”

“အမေ့ကိုဘဲ သားတို့ယုံပါတယ်”တဲ့…..



လက်နက်ပြပြ လက်နက်ချချ

သံဃာသူမြတ်တွေ သွေးမြေခဖူးတဲ့.....

အဖြူအစိမ်းတွေ သွေးမြေခဖူးတဲ့.....

ရင်စို့ဖွယ်သမိုင်းကြောင်းကို

နေပြည်တော် ပြောင်းဆောက်ရုံနဲ့

တူညီဝတ်စုံ ပြောင်းခြုံရုံနဲ့

လုံခြုံမယ်ထင်ပါသလား….



ရင်ကြားစေ့ရေးထက်

ထောင်ထဲက

မတရားဖမ်းဆီးခံတွေအတွက်

လင်သားတွေ့ရေး အရင်လုပ်ပေးလိုက်ပါဗျာ...။



စက်မှုနိုင်ငံတော်ထက်

ရွက်နုလှိုင်လှိုင်မော်တဲ့

မျိုးဆက်သစ်လေးတွေအတွက်

ရွာကျောင်းလေးတွေ ပြင်ပေးဆောက်ပေးလိုက်ပါဗျာ။



တပ်မတော်သာအမိ၊ အဖ

ကလိထိုးရယ်ခဲ့ရတဲ့နေ့ညများ

ရင်ကွဲပက်လက် ဘဝပျက်ခဲ့ရတဲ့ ကာလများ

ဘီလူးက ကခဲ့သူတို့ရဲ့ အကာလများကို

သားတို့စိတ်ကုန်လှပါပြီ အမေ။



အခု ပိတောက်တွေ

ဝါရွှေတောက်ပလာပြန်လေပြီ

နှစ်ဟောင်းက အညစ်တွေကို

အတာရေသစ်နဲ့  ဆေးမယ်တဲ့…

နှစ်သစ်မှာ ထပ်လာမယ့် အညစ်သစ်တွေအတွက်

နေရာမဆန့်လို့ပဲ နေမှာပါ အမေ..…



အမေနေကောင်းလား

အမေ့ခြေဖဝါးဆုပ်နယ်

သားတို့ သမီးတို့

ခြေသည်းလှီးပေးချင်ပါတယ်။

သားတို့ သမီးတို့

ခေါင်းလျှော်ပေးချင်ပါတယ်။



အမေကျန်းမာလား

နဖူးတို့ထိ

သားတို့သမီးတို့ စမ်းကြည့် မေးမြန်းချင်ပါတယ်။

လက်ဖြားဆုပ်နယ်

သားတို့သမီးတို့ မေတ္တာဖလှယ်ချင်ပါသေးတယ် အမေ။



ရွေးကောက်ပွဲတဲ့

လှံစွပ်ကသွေးတွေ သုတ်ရင်းပြောဆို၊

ဒီမိုကရေစီတဲ့

ဝါးရင်းတုတ်ကသွေးတွေ ဆေးရင်းအော်ဟစ်၊

ငြိမ်းချမ်းရေးတဲ့

သေနတ်တွေထဲ ကျည်သစ်ထိုးရင်းကြေညာ၊

အမေ

ဘာမှမပူပါနဲ့

အမေ့ သားသမီးတွေ...မတွေဝေကြသလို

လူတိုင်းလူတိုင်းခမျာလည်း

လာလေ…လာခဲ့လို့

လက်သီးကျစ်ကျစ်ဆုပ်ပြီး စောင့်နေကြပါတယ်......



ဒါနဲ့ပဲ

နှစ်ထောင့်တစ်ဆယ်ခမျာ

တွေးရင်းငေးရင်း

ဆွဲရင်းလွဲရင်း

မြည်ရင်းတမ်းရင်း

ဧပြီထိ ပေါက်ချလာခဲ့ပြီ



အခု

ကျွန်တော်တို့အိမ်ရှေ့တွေက ပိတောက်ပွင့်တွေ

အရင့်အရင် နှစ်များစွာကအတိုင်းပဲ

အမေ့..အမည်ကိုပဲ လှိုင်လှိုင်ပွင့်ချနေတယ် အမေ..။

(အပိတ်ဆို့ခံသင်္ကြန်နှင့် မတရားအကျဉ်းစံနေရရှာသော ဒီမိုကရေစီ

မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်သို့………….)


နိုင်ငံပြုသစ္စာဖြင့်

ရွက်သစ်

(အင်္ဂါ) ၀၃၊ ၀၃၊ ၂၀၁၀။
ကောင်းကင်(http://www.kaungkin.com)မှဖေါ်ပြပါသည်။

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....