Wednesday, February 17, 2010

အလုပ်သမားဆန္ဒပြမှု အင်းစိန်သို့ကူးစက်ပြီး စက်မှုဇုန်အတွင်း သတင်းထောက် ၀င်ခွင့်ပိတ်

ရန်ကုန်မြို့ အင်းစိန် ရွာမ ဆန်စက်လမ်း ခေါ် ဖွဲနုလမ်းရှိ လိုင်းယွန်းစီးတီး အထည်ချုပ်စက်ရုံတွင် အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးရေး အပါအ၀င် တောင်းဆိုချက် (၃) ချက်ကို ဒုတိယနေ့အဖြစ် ယနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည်။
ယမန်နေ့ ညနေ (၄) နာရီခန့်တွင် အလုပ်သမားဦးရေ (၁၀၀) ၀န်းကျင်က အလုပ်ရပ်နားကာ စက်ရုံအတွင်း ငြိမ်သက်စွာ ဆန္ဒပြနေကြပြီး ယနေ့ နံနက်ပိုင်း အလုပ်ဆင်းချိန်တွင်လည်း ဆက်လက် ဆန္ဒပြနေကြခြင်းဖြစ်သည်။
“အများပြည်သူ ရုံးပိတ်ရက်မှာ ပိတ်ပေးဖို့ရယ်၊ လက်ရှိ အိုတီကြေး (၁၀၀) ကျပ်ကနေ (၂၀၀) တိုးပေးဖို့ရယ်၊ အခြေခံလစာတိုးပေးဖို့ တောင်းဆိုနေပါတယ်” ဟု အဆိုပါ အလုပ်သမားဆန္ဒပြပွဲသို့ ရောက်ရှိနေသည့် မျက်မြင်တဦးက ပြောကြားသည်။
အလုပ်သမားများ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရာ လိုင်းယွန်းစီးတီး အထည်ချုပ်စက်ရုံကို ရဲလုံထိန်းကား (၁၀) စီး၊ မီးသတ်ကား (၁) စီး၊ အချုပ်ကား (၁) စီးတို့ဖြင့် ၀ိုင်းရံစောင့်ကြပ်နေကြောင်း သိရသည်။
NEJနှင့်မျိုးချစ်သူ http://www.khitpyaingnews.org/

“အခြေအနေက ငြိမ်သက်နေတယ်။ လုံထိန်းကားတွေရှေ့ကနေ ရဲကား အသေးတစီးပါလာတယ်။ အထဲကိုတော့ ၀င်သွားတယ်။ အလုပ်သမား တောင်းဆိုချက်တွေကို ညှိတယ်၊ မညှိဘူး မသိရသေးဘူး” ဟု အဆိုပါမျက်မြင်ဖြစ်သူက ဆက်လက်ပြောကြားသည်။
အထည်ချုပ်အလုပ်သမားအချို့နှင့် ရင်းနှီးသူ ဈေးသည်တဦးကမူ “အထည်ချုပ်အလုပ်သမားတွေက မနက် (၈) နာရီကနေ ည (၉) နာရီလောက်အထိ အလုပ်လုပ်ကြရတာ။ လစာက (၂) သောင်းခွဲကနေ (၄) သောင်းကျပ်လောက် အတွင်းပဲရတာ။ အခု အစိုးရ၀န်ထမ်းတွေတိုးပြီး သူတို့တွေ မတိုးလို့ ဆန္ဒပြကြတာ။ ဒီနေ့တော့ ညှိမယ်လို့ကြားတာပဲ” ဟု ပြောသည်။
စက်ရုံအနီးနေထိုင်သူတဦးကလည်း “တချို့ အလုပ်သမားတွေကတော့ မနေ့ညကပြန်သွားကြပြီ။ အယောက် (၂၀) လောက်ပဲ ပြန်သွားတာ။ တော်တော်များများတော့ ဆက်ပြီး ဆန္ဒပြနေကြတယ်။ မိန်းကလေးတွေများတယ်။ စက်ရုံထဲမှာပဲ ဆန္ဒပြနေကြတာ။ အလုပ်သမား (၁၀၀) ကျော်လိမ့်မယ်။ အပြင်မှာတော့ လုံထိန်းကားတွေ စောင့်နေတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှစတင်ကာ မြန်မာနိုင်ငံတွင်းရှိ စက်ရုံအလုပ်သမားများက လစာနှင့် အလုပ်သမားအခွင့်အရေး တိုးမြှင့်ပေးရေးအတွက် ဆက်တိုက် ဆန္ဒပြတောင်းဆိုလာကြခြင်းဖြစ်သည်။

လှိုင်သာယာစက်မှုဇုန် အလုပ်သမားဆန္ဒပြဓာတ်ပုံများ နိုင်ငံခြား သတင်းမီဒီယာများတွင် ပါခဲ့သည့်အတွက် အလုပ်သမားဝန်ကြီးဌာနက မီိဒီယာသမားများကို စက်မှုဇုန်အတွင်း မ၀င်ရောက်ရန် ကန့်သတ်ထားကြောင်း သတင်းရရှိသည်။

“အင်တာနက်မှာ လူတွေအစုလိုက် ထိုင်နေတဲ့ ပုံတွေပါတယ်။ ဒါကို ၀န်ကြီးက တွေ့သွားတဲ့အတွက် သတင်းတွေ ပေါက်ကြားတယ်ဆိုပြီးတော့ အခု လှိုင်သာယာစက်မှုဇုန်ကို သတင်းကိစ္စနဲ့ပတ်သက်ပြီးတော့ လာတယ်လို့ပြောရင် လုံးဝ ၀င်ခွင့် ပိတ်ရမယ်လို့ ညွှန်ကြားထားတယ်” ဟု ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံး၏ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်း သတင်းမီဒီယာသမားတဦး၏ ပြောပြချက်အရ ပြည်တွင်းသတင်းဂျာနယ်များတွင် လှိုင်သာယာစက်မှုဇုန် အလုပ်သမားကိစ္စနှင့် ပတ်သက်၍ သတင်းများ ရေးသားဖော်ပြခွင့်မရကြောင်း သိရသည်။

“ကျနော်တို့က သတင်းထောက်တွေဆိုတော့ သတင်းဖြစ်တဲ့နေရာကို သွားတယ်၊ သတင်းယူတယ်၊ ဒါက တာဝန်ပဲ။ ဘယ်သူမှ ခိုင်းစရာမလိုဘူး၊ ဘယ်သူမှလည်း တားမြစ်စရာမလိုဘူး၊ အာဏာရှင်ကတော့ အာဏာသုံးမှာပေါ့ဗျာ၊ အာဏာနဲ့ကန့်ကွက်တယ် ဆိုရင်လည်း အားမတန်လို့သာ မာန်လျှော့ရတာပေါ့လေ” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

လှိုင်သာယာစက်မှုဇုန်တွင်၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အပြင် အင်းစိန်မြို့နယ်၊ လိုင်းယွန်းစီးတီး အထည်ချုပ်စက်ရုံတွင်လည်း လစာတိုးမြှင့်တောင်းခံသည့် ကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဆန္ဒပြမှု ယမန်နေ့ညနေမှ စတင်ဖြစ်ပေါ်ခဲ့သည်။

“အလုပ်သမားတွေ လုပ်အားခတိုးမြှင့် တောင်းဆိုတာကို ဂျာနယ်သမားတွေက သွားပြီးတော့ သတင်းယူတယ်။ အင်တာဗျူးတွေ လုပ်တယ်၊ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ဂျာနယ်သတင်းထောက်လေးတွေ အလွန်လက်သွက်ကြတယ်။ သူတို့ခမျာ သူတို့ ကြိုးစားပမ်းစား ယူထားရတဲ့ သတင်းတွေကို စာမျက်နှာပေါ်မှာ မတွေ့ရတာတောင် စိတ်ဓာတ်မကျကြဘူး” ဟု ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

အလုပ်သမား ဆန္ဒပြမှုဖြစ်စဉ်များမှာ၂၀၀၉ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက စက်မှုဇုန် ဇုန် (၃) ရှိ ဆန်နီဖိနပ်စက်ရုံမှ အလုပ်သမား (၁၀၀) ခန့် ဆန္ဒပြမှု၊ ဒီဇင်ဘာ (၁၄) ရက်နေ့က Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဖြစ်ပွားသောဆန္ဒပြမှုနှင့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် စက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံ အလုပ်သမား (၁၀၀) ခန့် ဆန္ဒပြမှုတို့ဖြစ်သည်။

ယင်းနောက် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ (၇) ရက်နေ့တွင် တိုင်ရီဖိနပ်စက်ရုံတွင်လည်းကောင်း၊ ဖေဖော်ဝါရီ (၈) ရက်နေ့တွင် ကိုရီးယားနိုင်ငံသားပိုင် အိုပယ် (၂) အထည်ချုပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ်စက်ရုံတို့တွင် လုပ်သား (၁,၄ဝဝ) ခန့်က ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြမှုဖြစ်စဉ်အားလုံးတွင် လုပ်အားခတိုးမြှင့်တောင်းဆိုခြင်းက အဓိက တောင်းဆိုချက်များဖြစ်ကြောင်း သိရသည်။

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....