Thursday, January 14, 2010

တပ်မတော်တွင်း လျှို့ဝှက် စည်းရုံးရေး

ဒီဆောင်းပါးကို ဖတ်သူများ၊ အထူးသဖြင့် ပြည်တွင်းမှဖတ်သူများ တဆင့်ပြီးတဆင့်ကူးယူ ဖြန့်ဝေပေးပါရန် စာရေးသူမှ ပန်ကြားပါသည်။
မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေး အရေးတော်ပုံမှာ ပြည်သူတွေနဲ့ အတူ တပ်မတော် ပူးပေါင်း ပါဝင်လာရေးဟာ အရေးတကြီး လိုအပ်ချက်ဖြစ်တယ်။

လူထုတိုက်ပွဲအတွင်း တပ်မတော်ပါဝင်လာနိုင်ရေး၊ အနိမ့်ဆုံး အားဖြင့် စစ်အုပ်စုနဲ့ ပြည်သူလူထုကြား ပဋ္ဋိပက္ခ မှာ ကြားနေလာရေး အတွက် တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ်၊ အရာရှိအရာခံ၊ အကြပ် တပ်သားများကို စည်းရုံး သိမ်းသွင်းရေးဟာ မလုပ်မဖြစ် လိုအပ်တယ် ဆိုတာ.....


ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု မှန်သမျှက သဘော တူကြလိမ့်မယ် လို့ ယုံကြည်တယ်။

တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်တွင်း အင်အားစုများကို လက်တွေ့ကျကျ စည်းရုံးနိုင်ဖို့ ဆိုရင် ဦးစွာအားဖြင့် နိုင်ငံရေး အင်အားစုများ အနေနဲ့ တပ်မတော်ကို စစ်အုပ်စုနဲ့ ခွဲခြား ကြည့်မြင်ကြဖို့ လိုတယ်။ ပြည်သူများနည်းတူ တပ်မတော်တွင်းရှိ အရာရှိ အရာခံ၊ အကြပ်တပ်သား အများစုကြီးဟာလည်း သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေး ဌာနအောက်မှာ စိတ်ပိုင်း ရုပ်ပိုင်းအရ အဖိနှိပ် ခံနေကြရတယ် ဆိုတာကို အသိအမှတ် ပြုကြဖို့လိုတယ်။ ဒီလိုနားလည်မှု အခြေခံ မရှိရင် စစ်အုပ်စု ဆန့်ကျင်ရေး အတွက် လက်တွေ့အရ တပ်မတော်ကို စည်းရုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တပ်မတော်ကို သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေးဌာန အောက်က ဘယ်လိုမှ ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး။

အထက်ပါသဘောထားကို ချမှတ် ဆုပ်ကိုင်နိုင်ပြီ ဆိုရင် တပ်မတော်ကို သဏ္ဌာန်နှစ်မျိုးနဲ့ စည်းရုံး ရမယ်လို့ ယူဆတယ်။ တပ်မတော်တွင်း အခိုင်အမာ U.G စည်းရုံးရေး သဏ္ဌာန်နဲ့ တပ်မတော် ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်မှု သဏ္ဌာန်တို့ ပေါင်းစပ်ရေး ဖြစ်တယ်။ ဒီသဏ္ဌာန် နှစ်ခုဟာ ဆက်စပ် နေပေမဲ့ အခိုင်အမာ ဆောင်ရွက် ရာမှာတော့ ကိုယ်ပိုင် ထူးခြားချက် အရ တသီးတခြားစီ ဆောင်ရွက် ကြရမှာဖြစ်တယ်။ ဆိုလိုတာက တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေးမှာ တာဝန် ယူနေကြတဲ့ ကလာပ်စည်းများနဲ့ တပ်ပြင်ပ တက်ကြွ အင်အားစု ကလပ်စည်း များဟာ တလိုင်းစီ သီးခြားခွဲ လှုပ်ရှားကြရမှာ ဖြစ်ပြီး ဆက်စပ် ပူးပေါင်းဆောင်ရွက်မှု မပြုရေးဖြစ်တယ်။ လိုင်းမပူးရေး ဖြစ်တယ်။

တပ်တွင်း U.G စည်းရုံးရေးသဏ္ဌာန် အရ လျှို့ဝှက် သိပ်သည်းစွာ စည်းရုံးရေး (Deep U.G.) ပီသစွာ လှုပ်ရှား ရေးဖြစ်တယ်။ ရေရှည်အမြင်နဲ့ လှုပ်ရှားရေး ဖြစ်တယ်။ ဘယ်လို နိုင်ငံရေး လှုပ်ရှားမှု အရိပ်အရောင်ကိုမှ မပေါ်စေဘဲ ကျစ်ကျစ်လစ်လစ် စည်းရုံး၊ အခွင့်အခါကောင်း စောင့်ရေး ဖြစ်တယ်။ သက်ဆိုင်ရာက အချက် ပြလိုက်တဲ့ အခါမှသာ တပ်တွင်း U.G အင်အားစုများဟာ လျှို့ဝှက် သဏ္ဌာန်မှ ပြောင်သဏ္ဌာန်သို့ ကူးပြောင်းရမှာ ဖြစ်တယ်။ ဒါတောင်မှ အချက်ပြခံရတဲ့ ကလာပ်စည်းများ ကသာ ပြောင်လုပ်ငန်းကို ကူးပြောင်းပြီး အချက်ပြ မခံရတဲ့ ကလာပ်စည်းများက လျှို့ဝှက် သဏ္ဌာန်အတိုင်း နေမြဲ ဆက်နေရမှာ ဖြစ်တယ်။

တပ်ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယျေဘုယျ စည်းရုံး လှုံ့ဆော် လုပ်ငန်းကတော့ တမျိုးဖြစ်တယ်။ သူက တပ်တွင်းကို ဝင်ပြီး အခိုင်အမာ စည်းရုံးတာမျိုး မဟုတ်ဘူး။ တပ်တွင်း အခိုင်အမာ စည်းရုံးရေး လုပ်ငန်းလုပ်နေတဲ့ U.G. ကလာပ်စည်းတွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ရတာဖြစ်တယ်။

တပ်တွင်းအခိုင်အမာ စည်းရုံး လှုပ်ရှားတဲ့ U.G ကလာပ် စည်းများဟာ တပ်မတော် တရပ်လုံး လက္ခဏာ (ကြည်း၊ ရေ၊ လေ) အရ တပြိုင်တည်း၊ တချိန်တည်း အကျယ်အပြန့် စည်းရုံး လှုံ့ဆော်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီ တပ်တွင်း U.G တွေဟာ တစက်က တမျက်နှာဖြစ်အောင် ရည်မှန်းချက်ချပြီး တိုးချဲ့ ယူရတာဖြစ်တယ်။ အခွင့်သာတဲ့ နေရာ အချက်အလက်ရှိတဲ့ နေရာမှာ ခြေကုတ်ယူ၊ ကျိတ်စည်းရုံးပြီး အခွင့် အခါကောင်း စောင့်ကြရတာ ဖြစ်တယ်။

တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်တဲ့ တပ်ပြင်ပရှိ တက်ကြွ အင်အားစု U.G များရဲ့ တာဝန်ကတော့ ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးကို အတွေးအခေါ် နိုင်ငံရေးအရ၊ တတိုင်းပြည်လုံး ဆိုင်ရာ၊ နိုင်ငံတကာ ဆိုင်ရာ အခြေအနေ ပညာပေးရေး အရ အကျယ် အပြန့် တင်ပြ ညှိနှိုင်းနိုင်တယ်၊ လှုံ့ဆော် စည်းရုံး နိုင်တယ်။ မီဒီယာများရဲ့အကူအညီကို စည်းရုံးရယူပြီး တိုင်းပြည်ပြဿနာ အရပ်ရပ်ကို ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးသို့ တချိန်တည်း တပြိုင်တည်း အကျယ်အပြန့် တင်ပြနိုင်တယ်။ တပ်မတော်တွင်း မျိုးချစ် ပြည်ချစ် အင်အားစု များရဲ့ အမှန်တရား လိုလားစိတ်ကို နိုးကြား စေနိုင်တယ်။ ဒီနည်းနဲ့ တပ်တွင်း အခိုင်အမာ လျှို့ဝှက် စည်းရုံး လှုပ်ရှားနေတဲ့ U.G ကလာပ်စည်းများ မလုပ်နိုင်တဲ့ အလုပ်ကို ဖြည့်စွမ်း ပေးနိုင်တယ်။ ဒီနည်းနဲ့ မြန်မာပြည်သူ၊ ကမ္ဘာ့ ပြည်သူတွေပါ တပ်မတော်ကို စည်းရုံးရာမှာ ပါဝင်လာအောင် ဖန်တီးပြီး တပ်မတော်တွင်းမှာ ကောင်းမွန်တဲ့ နိုင်ငံရေး ဂယက်ကို ရိုက်ခတ်စေနိုင်တယ်။ ဒီနည်းနဲ့ တပ်မတော်တွင်းရှိ မျိုးချစ် ပြည်ချစ် အရာရှိအရာခံ၊ အကြပ် တပ်သားတွေကို နိုင်ငံရေးအရ၊ လက်တွေ့ လှုပ်ရှားမှု အရ အကြံဉာဏ် နည်းနာတွေ ရရှိစေနိုင်မှာ ဖြစ်တယ်။

ဒီလို တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လုပ်ငန်းကို အကောင်အထည် ဖော်ဖို့ဆိုရင် တက်ကြွတဲ့ အင်အားစု မျိုးဆက်သစ်များကို အခြေခံပြီး မြေအောက် U.G သဏ္ဍန်နဲ့ စုစည်းရမှာ ဖြစ်တယ်။ ဥပမာ- အဲဒီ အင်အားစုရဲ့အမည်က "တပ်မတော်တွင်း မျိုးချစ်ပြည်ချစ် အင်အားစုများရဲ့ ညီအစ်ကိုတော်များ အဖွဲ့" ဆိုကြပါစို့။ အဲဒီအဖွဲ့မှာ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်းလမ်းညွှန် ပေါ်လစီများ ရှိရမယ်။ အကြမ်းဖျင်း တင်ပြရရင် အဲဒီ အလုပ်အဖွဲ့ရဲ့ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်း လမ်းညွှန် ပေါ်လစီမှာ အောက်ပါ အချက်များ ပါဝင်သင့်တယ်။

နိုင်ငံရေး
၁။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး။
၂။ တပ်မတော်တွင်း အထက်အောက် အခွင့်အရေး အလွန်အကျွံ ကွာခြားမှု တိုက်ဖျက်ရေး။
၃။ ဒီမိုကရေစီနည်းကျ တောင်းဆို တင်ပြတဲ့ လူထု လှုပ်ရှားမှုများကို ပစ်ခတ် သတ်ဖြတ် ဖြိုခွဲရေး အတွက် ပေးတဲ့ အမိန့် မှန်သမျှ မလိုက်နာရေး။
၎။ တပ်မတော်ကို ခုတုံးလုပ် အသုံးချပြီး စစ်အုပ်စုက စီးပွားရေး လက်ဝါးကြီးအုပ်မှု မှန်သမျှ ရပ်ဆိုင်း ပစ်ရေး။
၅။ ပြည်တွင်းစစ် သက်ဆိုးရှည်စေမယ့် စစ်အုပ်စုရဲ့ နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက်မှု မှန်သမျှ ဆန့်ကျင်ရေး။
၆။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ညီညွတ်ရေး အတွက် နိုင်ငံရေး ပါတီများ၊ လူမျိုးစု ကိုယ်စားပြု အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး။

ဖွဲ့စည်းမှု
၁။ မြေအောက် U.G ကလာပ်စည်း သဏ္ဌာန် အရ ဖွဲ့စည်းရေး။
၂။ မြေအောက် U.G လှုပ်ရှားဆိုင်ရာ နည်းနာ စည်းကမ်းများကို ချမှတ် ကျင့်သုံးရေး။

လက်တွေ့လုပ်ငန်းတာဝန်
၁။ တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် အင်အားစုများအား အဓိက ပစ်ကွင်းထား စည်းရုံး လှုံ့ဆော်ပြီး စစ်အုပ်စုအား နိုင်ငံရေး၊ စီးပွားရေးအရ ဘက်စုံမှ ဖွင့်ချရေး။
၂။ တပ်မတော်တွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။
၃။ စစ်အုပ်စုတွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။
၎။ စုဆောင်းရရှိတဲ့ တပ်တွင်းဆိုင်ရာ သတင်းအချက်အလက်၊ စစ်အုပ်စုတွင်း ဆိုင်ရာ သတင်းအချက် အလက် များကို အခြေခံပြီး တပ်မတော် စည်းရုံးရေးကို အထောက်အကူ ပြုမယ့် အကြောင်းအရာများကို သတင်း ထုတ်ပြန်ချက်များ၊ သဘောထား ကြေငြာချက်များ သတင်း ဆောင်းပါးများ ရေးသားပြုစုရေး။
၅။ ပြုစုရရှိတဲ့ သတင်းများ၊ သဘောထားကြေငြာချက်များ၊ ဆောင်းပါးများကို တပ်မတော် တရပ်လုံး၊ မြန်မာ တပြည်လုံး၊ ကမ္ဘာ့ပြည်သူ တရပ်လုံးသို့ အသိပေး ဖြန့်ချီနိုင်ရန် နိုင်ငံတကာ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်သံလွှင့်စတဲ့ မီဒီယာများနဲ့ ဆက်သွယ် ဖြန့်ချီနိုင်ရေး ဆောင်ရွက်ရေး။
၆။ မီဒီယာများမှ ဖြန့်ချီတဲ့အခါ တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေး လုပ်ငန်းအား မထိခိုက်စေဖို့ ဂရုပြုရေး စတာတို့ ဖြစ်ပါတယ်။

တပ်မတော်ကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူထုတိုက်ပွဲမှာ ပါဝင်လာအောင် စည်းရုံး ရာမှာ တပ်မတော် ပြင်ပရှိ တက်ကြွ လှုပ်ရှားသူများရဲ့ တပ်မတော်ကို အဓိက ပစ်ကွင်းထားတဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လှုပ်ရှားမှုဟာ အရေးပါတဲ့ လုပ်ငန်း တရပ်အဖြစ် ယူဆပါတယ်။

ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအနေနဲ့ ဒီလှုပ်ရှားမှု သဏ္ဌာန် အကောင်အထည် ဖော်ရေး၊ တပ်မတော်တွင်း U.G စည်းရုံးရေးနဲ့ ပေါင်းစပ်ရေးကို အလေးထား ဆောင်ရွက် သင့်တယ်လို့ ထင်မြင် မိပါတယ်။

တပ်မတော်သားဟောင်းတဦး
ဖြိုးဝေ(mmp)မှပေးပို့ပါသည်။

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....