Monday, December 14, 2009

ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချူပ်(ဂျပန်)၏ (၆၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဟောပြောပွဲအခမ်းအနား

ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချူပ်၏(ဂျပန်) (၆၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဟောပြောပွဲအခမ်းအနားကို ၂၀၀၉ခုနှစ် ဒီဇင်ဘာလ၁၃ရက် (တနင်္ဂနွေနေ့) ညနေ၅နာရီမှ ည၉နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ SHINOKUBOတွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချူပ်၏ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ အသင်းဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပထမဦးစွာအသင်း၏ဥက္ကဌ ဦးကိုကိုအောင်မှ အဖွင့်အမှာစကားနှင့်အတူ လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေကိုပါ ပြောကြားခဲ့ပါသည်။

ဥက္ကဌအနေဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေးလျက်ရှိကြောင်း၊ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ သဘောထားများ အမျိုးမျိုးဖြစ်ပေါ်လျက်ရှိကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချူပ် (DFB)အနေနှင့် ရွှေဂုံတိုင်ကြေငြာစာတမ်းပါ အချက်အလက်များကို မလိုက်လျောသရွေ့ ၂၀၁၀ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု မယူဆနိုင်ကြောင်း၊ ယခုကဲ့သို့အခြေအနေတွင် အသင်းဝင်များအနေဖြင့်လည်း စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်းများကို ပြောကြားခဲ့ပါသည်။

ဥက္ကဌအနေဖြင့်လည်း ပြီးခဲ့သောအပါတ်က ဂျပန်အောက်လွှတ်တော်ဥက္ကဌ မစ္စတာ TAKAHIRO YOKOMICHIနှင့် ဂျပန်ရိုးရာ နှစ်ကုန်နှုတ်ဆက်ပွဲတွင် တွေ့ဆုံစဉ်က မြန်မာ့နိုင်ငံရေးနှင့် ပါတ်သက်၍ အလွတ်သဘောပြောဆိုခဲ့ကြရာတွင် မိမိအနေဖြင့် ဂျပန်အစိုးရက ၂၀၁၀ရွေးကောက်ပွဲကို မထောက်ခံရန်တိုက်တွန်းခဲ့ပြီး၊ အကယ်၍ စစ်အာဏာရှင် အလိုကျရွေးကောက်ပွဲ အထမြောက် အောင်မြင်သွားပါက ပြည်တွင်းစစ်ဖြစ်လာနိုင်ကြောင်း၊ မြန်မာဒုက္ခသည်ဦးရေမှာလည်း ယခုထက်ပို၍ များပြားလာနိုင်ကြောင်းတို့ကို ဂျပန်အောက်လွှတ်တော် ဥက္ကဌအားပြောကြားခဲ့ကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချူပ်အနေဖြင့် စစ်မှန်သောဒီမိုကရေစီမရမချင်း ဆက်လက်၍ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းကို လေးလေးနက်နက်ပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ အသင်း၏လုပ်ငန်းတာဝန်များနှင့်ပါတ်သက်၍ မိမိတို့၏တာဝန်များကို ကျေပြွန်စေလိုကြောင်း၊ အလုပ်လုပ်နေသမျှ အမှားမကင်းနိုင်ကြောင်းနှင့် မှားမည်ကိုစိုးရိမ်စရာ မလိုကြောင်း၊ မှားခဲ့သည့် အမှားများကိုသင်ခန်းစာယူ၍ ရှေ့ဆက်ကောင်းအောင် ကြိုးစားကြရန်လိုကြောင်းစသဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစီအစဉ်အရ လူ့အခွင့်အရေးနှင့်ပါတ်သက်သည့် ဟောပြောမှုများကို ပြုလုပ်ခဲ့ရာ သဘာပတိအဖြစ် အသင်းမှ ဦးမိုမိုအောင်၊ ဒေါ်ဝါဝါနှင့် ကိုသိန်းသန်းတို့မှ ပြုလုပ်ခဲ့ကြပြီး၊ပထမဦးစွာဖိတ်ကြားထားသောဂျပန်၊ မြန်မာဧည့်သည်တော်များမှ လူ့အခွင့်အရေး၊ မြန်မာဒုက္ခသည်များအရေးကို မိမိတို့၏အတွေ့အကြုံများအပေါ် အခြေခံ၍ အသီးသီးဟောပြောခဲ့ကြပါသည်။ ထို့နောက် ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချူပ်အသင်းဝင်များထဲမှ ဦးဟန်သာ၊ မလဲ့လဲ့ဝင်းကို၊ ကိုပဉ္စ၊ မခိုင်ကြည်ဝင်း၊ ကိုတင်ညီညီထိုက်၊ မကြည်ကြည်မာတို့မှ လည်းလူ့အခွင့်အရေးနှင့် ပါတ်သက်၍ ရှု့ထောင့်အသီးသီးမှ တင်ပြဆွေးနွေးဟောပြောသွားခဲ့ကြပါသည်။

ထို့နောက် ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချူပ်(ဂျပန်)၏ ဥက္ကဌဦးကိုကိုအောင်နှင့် ဒု-ဥက္ကဌဦးကျော်ကျော်နိုင်တို့မှ နိဂုံးချူပ်ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။

NANDAR...2009,12,14

ဓါတ်ပုံမှတ်တမ်း...ကိုအောင်ထူးသိန်း(DFB)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....