Monday, September 10, 2012

ကိုယ့်လိပ်ပြာ ကိုယ်သန့် ပါ



ဒီဇိုင်း ခွပ်ဒေါင်းအော်သံ  

ခွပ်ဒေါင်းအော်သံ မှ ရင်ဘတ်ကြီးထဲက တင်ဆက်တာပါ ..။

ABSDF (မြောက်ပိုင်း ) ကချင်ဒေသ
တောတွင်းအာဏာရူးတစ်စု ၏ လူမဆန်စွာ ရက်စက်သတ်ဖြတ်မှုကြောင့် ကြွေလွင့်ခဲ့ရသော ကြယ်ပွင့်များစွာ ...
-------------------------

အမှန်တရားဟာ မီးအလား
စက္ကူနဲ့အုပ်ထား ထုပ်ထားလို့မလုံ
မီးအဟုန်က
အစွမ်းကုန်အောင်
တောက်လောင်ပေလိမ့်မယ်…။

မပုပ်ရင်မပေါ်

မဟုတ်ရင်မကျော်ပါသကွဲ့
အတော်ရင်နာစရာကောင်းတဲ့ဖြစ်ရပ်
လူသတ်ခဲ့တဲ့အရိုင်း
မြောက်ပိုင်းကျောင်းသားဇာတ်
လျှပ်ပြက်နှယ်ထင်ရှား
လူသိများလာချေပြီ…။

တရားသည် မတရားသည်
ကိုယ့်ပေါ်မှာသာမူတည်
မလိမ်လည် မညာစတမ်း
ကိုယ့်ဖါသာကိုယ်တရားစစ်ကြည့်စမ်း…။

မှန်သလား မှားသလား
အငြင်းပွားစရာ မလို
နဂိုရ်ရှိမှ နကိုင်းထွက်
အရိုင်းအစိုင်းဖက်သမျှ
အပိုင်းအပိုင်းထွက်လာမယ်ပ…။

လူလူချင်း စာနာမှုကင်း
အယွင်းအမှား ဇာတ်တူသားစား
အာဏာသားကိုတိုက်တဲ့သူ
မြွေပူရာ ကင်းမှောက်လို့
အမှောက်မှောက် အမှားမှား
အဖေါက်ဖေါက်အပြားပြားနဲ့
လောက်များထက်ဆိုဝါး
အသားထဲက လောက်ထွက်
ပက်စက်တဲ့အကြံနဲ့ရက်စက်ကြပြန်
အမှန်တရား မမြင်တော့ပါလား
လက်တွင်ကိုင်ထား တခွဲသားအာဏာနဲ့
ကျောင်းသားအချင်းချင်း
ညှာတာမှုကင်း ရက်စက်ခြင်းများစွာနဲ့
အားမနာနှိပ်စက် အသက်ထွက်တဲ့အထိ
မိုက်ရိုင်းစွာသတ်ဖြတ်လိုက်ပါဘိ…။

အသိခေါက်ခက် အ၀င်နက်တဲ့သူ
လူမဆန် မူမမှန် တယူသန်သမား
ခုနေအခါများမှာ
ပွဲလန့်ရာ ဖျာဝင်ခင်း
အတင်းနာမည်ဝင်ခံ ပြည်တော်ပြန် သတဲ့..။

အဖြစ်မှန် စနက်တံသည်ကား
ဗုံးကျည်ဆန်အလား
ပေါက်ကွဲလာပါတကား…။

ကိုယ်လုပ်ကိုယ်ခံ အမှန်စံရမှာ
အမှန်သေခဲ့ရ ကြေကွဲခဲ့ရတာက
ဖျက်လို့မရတဲ့သမိုင်း..
သမိုင်းရိုင်းအောင် လုပ်ဆောင်ခဲ့သူမှန်ရင်
ကံတရားက မည်သူမျက်နှာမှမထောက်ထား
အကြောက်တရားကြီးကြီးနဲ့
ဆောက်စားကြီးသူတွေရဲ့မျက်နှာကို
အစိတ်စိတ်အမွှာမွှာ လှီးပစ်မှာ သေချာပါပေတယ်။

တက္ကသိုလ်ဘုန်းကြွယ်
(စက်တင်ဘာ ၉ ၂၀၁၂)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....