Saturday, September 22, 2012

ဟောဒီမှာ အစိုးရက ပြည်သူကို အနိုင်ကျင့်နေပါတယ်

ပည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်ခြံဝန်းများအား မြို့တော်ဝန်က ဖယ်ရှားရှင်းလင်းပေးရန် ပြောကြားရာမှ ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွား 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်ခြံဝန်းများအား မြို့တော်ဝန်က ဖယ်ရှားရှင်းလင်းပေးရန် ပြောကြားရာမှ ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကောမတီမှ ကျုးကျော်နေအိမ်များဟု သတ်မှတ်ထားသည့် ပြည် ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ် ကံကြီးကုန်းနှင့် ဇီးအုပ်ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းများအား  စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်မှ  ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ယင်းကဲ့သို့ မန္တလေးမြို့တော်စည်ပင်မှ လူအင်းအားများဖြင့် ခြံဝန်းနေအိမ်များကို ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ရာတွင် အိမ်မြေနေရာ ပိုင်ဆိုင်ထားသူများ၊ မစိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဝီရသူနှင့် မန္တလေးမြို့ ၈၈မျိုးဆက် ကျောင်းသားများမှ ၀ိုင်းဝန်း မေတ္တာရပ်ခံခဲ့သဖြင့် ဖယ်ရှားရှင်းလင်းမှုကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။
''အခုရှင်းလင်းဖယ်ရှားခံရတဲ့ မြေနေရာတွေကို ပြီးခဲ့တဲ့နှစ်လောက်ကတည်းကစပြီး အရောင်းအ၀ယ် လုပ်နေကြတာ။ တစ်ချို့ဆိုရင် နယ်တွေ၊ ရွာတွေကနေ မရှိမဲ့ ရှိမဲ့ လယ်လေးတွေရောင်းပြီး မန္တလေးမြို့က လုပ်ကိုင်စားလို့ကောင်းတယ် ဆိုတော့ ဒီမှာဝယ်ပြီး လာနေကြတာ။ စရောင်းတုန်းက မြေဈေးကလည်း တစ်နှစ်စာအိမ်လခနဲ့ ယှဉ်ရင်သိပ်မကွာတော့ ၀ယ်နေကြတာပေါ့။ အစောကြီးကတည်းက နိုင်ငံတော်ပိုင် လယ်မြေတွေပါလို့ ထုတ်ပြန်ခဲ့ရင် အခုလို ဆင်းရဲသားတွေ ပါမလာ နိုင်ဘူး။
ဝါတွင်းကြီး ဖျက်ခိုင်းရွှေ့ခိုင်းတယ်ဆိုတော့ အကုန်အခက်အခဲ ဖြစ်ကုန်တာပေါ့။ မြေရောင်းချတဲ့သူ တွေကိုတော့အရေးမယူဘဲ မရှိမဲ့ ရှိမဲ့နဲ့ ၀ယ်တဲ့သူတွေကိုမှ အရင်ဖယ်ရှား ရှင်းလင်းခိုင်းတာ''ဟု ကံကြီးကုန်းကျေးရွာအတွင်း မြေကွက်ဝယ် ယူထားရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''အခုဖျက်ဖို့ လုပ်တဲ့အိမ်တွေက ပြီးခဲ့တဲ့ သြဂုတ်လပိုင်းတုန်းကမှ အိမ်ထောင်စုစာရင်းတွေကောက်ပြီး ဆောက်ခိုင်းထားတဲ့ အိမ်တွေ။ တစ်ချို့အိမ်တွေဆိုရင် အိမ်နံပါတ်တွေတောင် ကျနေပြီ။ အိမ်နံပါတ်ချပေးမယ်ဆိုလို့ ငါးထောင်၊ တစ် သောင်းပေးဆိုလည်း ပေးလိုက်ရတယ်။

 ရပ်ကွက်ရုံးက အိမ်ထောင်စုဇယားတွေကို ဇီးအုပ်ထဲမှာ တိုးဆိုလို့လည်း ငွေသုံးသောင်းပေးပြီး တိုးခဲ့ရတယ်။ အမျိုးမျိုးပေး၊ အမျိုးမျိုးလုပ်နေလည်း အဖျက်ခံရတာပဲ''ဟု ဇီးအုပ်ကျေးရွာမှ အိမ်အဖျက်ခံရသူတစ် ဦးက ပြောကြားခဲ့ပါသည်။
ထို့နောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင်  မန္တလေးမြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးဦးအောင်မောင်းက ကံကြီးကုန်းနှင့် ဇီးအုပ်ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်း ၀ယ်ယူထားရှိသူများအား ကံကြီးကုန်းကျေးရွာ မကွေးဘုန်းတော် ကြီးကျောင်းတိုက်၌ ခေါ်ယူတွေ့ဆုံပြီး ရှင်းလင်းဖယ်ရှားပေးရန် ပြောကြားခဲ့သည်။


ယင်းကဲ့သို့ မြို့တော်ဝန်မှ ခြံဝန်းနေအိမ်ဝယ်ယူထားရှိသူများအား ဖယ်ရှားပေးရန် မေတ္တာရပ်ခံပြောကြားပြီးနောက် မကွေးဘုန်တော်ကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာရာတွင် ၀ယ်ယူထားရှိသူများက ကျေနပ်မှုမရှိသဖြင့် မြို့တော်ဝန်၏ ယာဉ်တန်း ရှေ့တွင်ဖယ်ရှားမှု မပြုရန်အတွက် ၀ိုင်းဝန်းပိတ်ဆို့ ဆန္ဒပြုရာမှ လုံခြုံရေး ရဲဝန်းထမ်းများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြသည်။
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် မန္တလေးမြို့တော်ဝန်သည် မကွေးကျောင်းတိုက်ဆရာတော်၊ ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး အချိန်ခုနစ်ရက်အတွင်း အဆိုပါနေအိမ်များအား ဖယ်ရှားရှင်းလင်းမှု မပြုလုပ်သေး ကြောင်း၊ နောက်ပိုင်းတွင်ကြေညာချက်များ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်ဟု တွေ့ဆုံညှိနှိုင်းမှုတွင်ပါဝင်သော ၈၈မျိုး ဆက် ကျောင်းသားအဖွဲ့မှ ကိုမောင်ခိုင်က ပြောကြားခဲ့သည်။














ELEVEN MEDIA GROUPမှ ဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....