Wednesday, September 19, 2012

ဒုက္ခ



လူသားတွေဟာ များသောအားဖြင့် စိတ်ညစ်နေတဲ့အချိန်တွေ၊ တစုံတရာကို လွမ်းဆွတ်သတိရနေချိန်တွေ၊ ဝမ်းနည်းပူဆွေးနေချိန်တွေမှာ အဝေးကို လှမ်းမျှော်တတ်ကြည့်တတ်ကြတယ်။ မျှော်ကြည့်လိုက်တဲ့ ရှု့ခင်းတွေဟာ တောင်စဉ်တောင်တန်းတွေလည်း ဖြစ်နိုင်သလို၊ အပြောကျယ်လှတဲ့ လှိုင်းတန်ပိုးတွေထနေတဲ့ ပင်လယ်ပြင်ကြီးလည်းဖြစ်နိုင်သလို၊ တိမ်တောင်တိမ်လိပ်တွေ ပြည့်နှက်နေတဲ့ မိုးသားကောင်းကင်ကြီးလည်းဖြစ်နိုင်တာပဲ။



မညီညာခြင်းအလှ
အဲသည်လို ခံစားချက်ပေါင်းစုံနဲ့ လှမ်းမျှော်ကြည့်ရင်းက အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ဖြစ်လာကြရတယ်။ အကယ်၍များ တောင်စဉ်တောင်တန်းတွေသာ အနိမ့်အမြင့် မညီမညာမရှိဘဲ တောင်တန်းကြီးတခုလုံး ညီညာနေမယ်ဆိုရင် အုတ်တံတိုင်းကြီး တချပ်ကိုကြည့်နေရသလိုမျိုးဖြစ်နေမှာပဲ။ အဲသည်လိုသာဆိုရင်လည်း ကမ္ဘာမြေမှာ တောင်တန်းအလှဆိုတာ မရှိတော့သလို မြေတံတိုင်းတခုကိုကြည့်ရာမှ ထွက်လာတဲ့ အနုပညာမျိုးစုံဟာလည်း အခုလောက်တော့ လှနိုင်မယ်မထင်တော့ပါဘူး။

ဒီအတိုင်းပါပဲ  မိုးကောင်းကင်မှာရှိတဲ့ တိမ်တောင်တိမ်လိပ်တွေသာ အနားကွပ်အနားတွန့်လေးတွေမရှိဘဲ ညီညီညာညာနဲ့ တိတိကျကျကြီး ဖြစ်နေမယ်ဆိုရင် မျက်နှာကျက်ဖြူဖြူအောက်မှာနေရတာနဲ့ ဘာထူးတော့မှာလဲ။ လူသားတို့အတွက် ကဗျာများစွာ၊ စာများစွာ၊ ဂီတအနုသုခုမများစွာ၊ အတွေးပေါင်းများစွာ ပေးစွမ်းနိုင်တဲ့ ပင်လယ်ကြီးဟာလည်း အနိမ့်အမြင့် အကြီးအသေး မတူတဲ့ မညီညာတဲ့ လှိုင်းလုံးတွေ၊ အထုအထစ်တွေနဲ့ ထုဆစ်ထားတဲ့ ကျောက်ဆောင်တွေကြောင့်သာ လှပတင့်တယ်နေရတာပါ။ 

 အဖုအထစ်လေးများ၊ ကြမ်းတမ်းမှုများရဲ့ အသုံးဝင်မှု
သဘာဝတရားများ သာမကဘဲ လူသားတို့ လက်တွေ့ လှုပ်ရှားသွားလာနေကြတဲ့ ပတ်ဝန်းကျင်မှာလည်း ကြမ်းတမ်းမှုတခုက အရေးပါတဲ့ နေရာကို အပြည့်အဝ ယူထားတာကို တွေ့ရတယ်။ ကျွန်ုပ်တို့တတွေ အမြဲလိုလို ထိတွေ့အသုံးပြုနေရတဲ့ ယာဉ်အမျိုးမျိုးတို့ရဲ့ တာယာဘီးတွေမှာသာ အဖုအထစ်တွေမရှိရင်၊ ကြမ်းတမ်းမှုတွေမရှိရင်၊ လမ်းမကြီးတွေသာ သတ်မှတ်ထားတဲ့ ကြမ်းတမ်းမှု(ပွတ်မှုအား) (Friction)မရှိခဲ့ဘဲ ဘိုးလိမ်းပြေးလမ်းလို ချောမွတ်နေခဲ့မယ်ဆိုရင် မတွေးဝံ့စရာပဲ။

ရွှံ့တွေကြောင့် ချောနေတဲ့ လမ်းတွေကို အထုအထစ်တွေနဲ့ မညီညာခြင်းဖြစ်အောင် ခဲလုံး၊ အုတ်ကျိုးစတာတွေ ခင်းပေးရတယ်။ ရေညှိတွေနဲ့ ချောနေတဲ့ လမ်းတွေကိုလည်း ထုံးဖြူးပေးရတယ်။ နှင်းတွေသိပ်သည်းလွန်းလို့ ရေခဲပြင်လို ဖြစ်နေတဲ့ လမ်းတွေကို ဆားဖြူးပေးရတယ်။ ဒါတွေအကုန်လုံးဟာ လူသားတို့က မညီညာခြင်း၊ အထုအထစ်ဖြစ်ခြင်း၊ကြမ်းတမ်းခြင်းတို့ကို လိုလိုလားလား ဖန်တီးနေကြခြင်းပဲ။
ဒါကြောင့်  မညီညာခြင်း၊ ကြမ်းရှခြင်း၊ အဖုအထစ် တို့သာ မရှိရင် လောကကြီးရဲ့ အလှအပတို့ဟာ ရှိရင်းစွဲအခြေအနေထက် များစွာ အကျည်းတန်သွားနိုင်တယ်လို့ တခါတခါတွေးမိတယ်။ 

ဒုက္ခ
ဒါပေမယ့် လူသားတို့ရဲ့ ဘဝမှာ မညီညာခြင်း၊ ဖုခြင်းထစ်ခြင်း၊ကြမ်းတမ်းခြင်းတွေကို စုပေါင်းထားတဲ့ "ဒုက္ခ" ဆိုတာကြီးကိုတော့ ဘယ်သူမှ အလိုမရှိကြဘူး။ "ဒုက္ခ"ကို လူတိုင်းကြောက်ကြတယ်။ "ဒုက္ခ"နဲ့ လူတိုင်းဝေးချင်တယ်။ ဒါပေမယ့် "ဒုက္ခ"ကလည်း လူတိုင်းနဲ့ ပါတ်သက်ချင်ပုံပဲ။ တခါတခါလာရင် တခုတည်းတောင် မဟုတ်ဘူး၊ အပေါင်းအဖေါ်လေးနဲ့တောင် လာတတ်သေးတယ်။

"ဒုက္ခ"လာရင် တချို့က ငိုကြွေးတယ်။ တချို့က ထွက်ပြေးတယ်။ တချို့က အရှုံးပေးလိုက်တယ်။ တချို့က ရင်ဆိုင်တိုက်တယ်။ တချို့ကသွေးဆူတယ်။ တချို့က ညည်းညူတယ်။ ဘယ်လိုပဲကြည့်ကြည့် နှစ်မြို့စရာမရှိတဲ့ "ဒုက္ခ"ကို လက်ခံတတ်ပြီး "ဒုက္ခ"နဲ့ နည်းမှန်လမ်းမှန် ဆက်ဆံတတ်သူကတော့ ဘဝမှာ အရည်အသွေးပြည့်ဝတဲ့ အောင်မြင်သူတွေ ဖြစ်လာကြရတယ်။ "ဒုက္ခ"တွေ့တိုင်း အရှုံးပေးထွက်ပြေးသူတွေကတော့ "ဒုက္ခ"ရဲ့ နှိပ်စက်မှုအောက်မှာ နလံမထူနိုင်ဘဲ သူတပါးလက်အောက်မှာ နိမ့်ပါးစွာရှိနေတတ်ကြတယ်။

"ဒုက္ခ"ဆိုတဲ့ အရာထဲမှာ မအောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ကြံစည်တိုင်းမဖြစ်ခြင်း၊ ပျက်စီးဆုံးရှုံးခြင်းတွေ ပါနေတယ်။ "ငါတော့ ဒုက္ခရောက်ပါပြီ" လို့တွေးမိလိုက်ချိန်မှာ ကိုယ့်ကိုကိုယ် သတိထားလိုက်ပါ။ "ဒုက္ခ"ဆိုတဲ့ စကားလုံးကြီးနဲ့ ကိုယ့်ကိုကိုယ် အရင်ဆုံးမခြိမ်းခြောက်၊ မနှိပ်စက်လိုက်ပါနဲ့။ ငါရောက်နေပါပြီဆိုတဲ့ "ဒုက္ခ"က ဘာလဲ။

-တကိုယ်တည်း ကြိုးစားရင်း မအောင်မြင်တာလား၊ ပြိုင်ဘက်ကို ရှုံးနိမ့်တာလား၊ 
 -အကြံအစည်တွေ အထမမြောက်တော့တာလား၊ 
-ချစ်ခင်နှစ်သက်မြတ်နိုးအားကိုးသူ (သို့) ကိုယ်တန်ဖိုးထားရသော ပစ္စည်းဥစ္စာများ ဆုံးရှူံးတာလား  စသဖြင့် ကိုယ့်"ဒုက္ခ" ကို ပထမဦးဆုံး အမျိုးအစားခွဲကြည့်လိုက်ပါ။


မအောင်မြင်ခြင်း၊ ပြိုင်ဘက်ကို ရှုံးနိမ့်ခြင်း  “ဒုက္ခ”
သင့် "ဒုက္ခ"က တကိုယ်တည်း ကြိုးစားရင်း မအောင်မြင်ခြင်း၊ ပြိုင်ဘက်ကို ရှုံးနိမ့်ခြင်း ဆိုပါတော့။ လောကမှာ တကြိမ်တည်း ကြိုးစားရုံနဲ့သာ အောင်မြင်ကြစတမ်းဆို "ဇွဲ" ဆိုတဲ့ ဝေါဟာရတောင် ပေါ်ပေါက်လာနိုင်စရာမရှိဘူး။

မအောင်မြင်ဘူးဆိုရင်လည်း မအောင်မြင်ခြင်းကြီးကို ရင်မှာပိုက်ထွေးပြီး ပူဆွေးမနေပါနဲ့တော့။ " ငါကြိုးစားတာပဲ မဖြစ်လာတာတော့ ကံပဲ "ဆိုပြီး ဘာမှ မမြင်ရ၊ ဘာမှလည်း ပြန်မပြောနိုင်တဲ့ ကံဆိုတာကြီးကိုလည်း လွှဲချမနေပါနဲ့။ ပြိုင်ဘက်ကို ရှူံးနိမ့်ခဲ့ရင်လည်း "တကယ်ဆို ငါနိုင်ရမှာ၊ ဒိုင်လူကြီးက မျက်နှာလိုက်လို့၊ အားပေးတဲ့သူမရှိလို့၊ နေမကောင်းဖြစ်သွားလို့...စသဖြင့် မြောက်များလှစွာသော ဆင်ခြေတွေနဲ့ ကိုယ့်ကိုကိုယ် မကာကွယ်ပါနဲ့။

ကိုယ့်လုပ်ရပ်ထဲက မအောင်မြင်ရတဲ့ အားနည်းချက်ကို ရှာပါ။ ပြိုင်ဘက်ကို ကျရှူံးရင်လည်း ကျရှူံးရတဲ့ အားနည်းချက်ကို ရှာပါ။ ကိုယ့်ကိုကိုယ် မညှာဘဲ သူတပါးကို ဝေဖန်သလိုမျိုး ကိုယ့်အားနည်းချက်ကို ပိုက်စိပ်တိုက်ရှာပါ။ ကိုယ့်အားနည်းချက်ကို ရဲရဲ ရင်ဆိုင်ရဲတဲ့ သတ္တိကိုမွေးပါ။ လူအတော်များများဟာ ကိုယ့်အားနည်းချက်ကိုယ် ရဲရဲ ရင်ဆိုင်ရဲတဲ့၊ လူရှေ့မှာ ချပြောပြရဲတဲ့ သတ္တိမရှိဘူး။ အဲဒီလို သတ္တိမရှိတဲ့သူထဲမှာ သင်မပါဘူးဆိုရင် သင်ဟာ ကျရှူံးခဲ့ဖူးရင်တောင် အောင်မြင်ခြင်းနဲ့တော့ မဝေးတော့ဘူးလို့ ကျွန်ုပ်ရဲရဲကြီး အာမခံရဲပါတယ်။ 

တချို့သော လူကြီးမိဘများကဆို "တကယ်ဆို ကျမကလေးက တဖက်လူရဲ့ကလေးနဲ့ အရည်အချင်းခြင်းက အတူတူပါပဲ၊ လက်ရေးလေး နည်းနည်းမလှတာလေး တခုတည်းကို အပြစ်ရှာပြီး ဟိုဘက်က ဆရာမကို လာဘ်ထိုးထားလို့နေမှာပေါ့။ ကျမကလေးက အခု အဆင့်(၂)ပဲရတာလေ" ဆိုတာမျိုးကို ကာယကံရှင် ကလေးရှေ့မှာပါ ပြောတတ်ကြတယ်။
အဲလို ပြောလိုက်ခြင်းအားဖြင့် ကလေးစိတ်ထဲမှာ


(၁) ကိုယ့်အားနည်းချက် ကိုယ်ပြန်မမြင်တော့ဘူး၊ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြန်ကြည့်တတ်တဲ့ အလေ့အကျင့်မျိုး မရနိုင်တော့ဘူး။
(၂) ကိုယ်ရှူံးနိမ့်တာနဲ့ တပြိုင်နက် သူတပါးကို အလွယ်တကူ အပြစ်ဖို့တတ်တဲ့ အကျင့်ဆိုးကြီးကို ရသွားစေတယ်။
(၃) အောင်မြင်မှုရဖို့ကို အထပ်ထပ်အခါအခါ ပြန်ကြိုးစားချင်စိတ်ထက် ဆင်ခြေပေးပြီး ကိုယ့်ကိုကိုယ် ကာကွယ်တတ်တဲ့အကျင့်၊ ကိုယ့်ကိုကိုယ် လိမ်ညာတတ်တဲ့အကျင့်ကြီးက လူကြီးဖြစ်တဲ့အထိ ပါသွားနိုင်တယ်။ 

သူတပါးကို အလွယ်တကူ အပြစ်ပြောပြီး ကိုယ့်ကိုကိုယ် ကာကွယ်တတ်သူတွေဟာ ဘယ်လိုအသိုင်းအဝိုင်းမှာမှ အဆင်မပြေနိုင်ဘူး။

ကျွန်ုပ်တို့ လက်ရှိ မြန်မာပြည်အနေအထားအရ အထက်ကပြောခဲ့သလိုပဲ တကယ်ပဲ အဂတိလိုက်စားမှုတွေ ရှိနေရင်တောင် ကလေးကွယ်ရာမှာပဲ လူကြီးမိဘတွေက တိုင်ပင်သင့်တယ်။ လူကြီးက လူကြီးတာဝန်ဖြစ်တဲ့ ကလေးဘက်က အမှန်ကန်ဆုံးဖြစ်နိုင်ရေးကို ကြိုးစားရမယ်။ ကလေးကိုတော့ စိတ်ဓါတ်မကျဖို့နဲ့ အားနည်းချက်လေးရှိတာလေးကို အပြုသဘောနဲ့ ထောက်ပြပြီး နောက်တကြိမ်မှာ ဒီ့ထက် ထပ်ကြိုးစားဖို့ကိုပဲ တိုက်တွန်းသင့်တယ်။ နုနယ်သေးတဲ့ ကလေးတယောက်ရဲ့စိတ်ထဲကိုတော့ အသုံးမကျတဲ့ ဝါဒတွေ ထည့်မပေးစေချင်ဘူး။

ဒီလိုပြောရခြင်းဟာလည်း တိုးတက်ရေးဆောင်းပါးတွေလိုက်ဖတ်၊ ကောင်းနိုးရာရာ စကားလုံးလေးတွေ လိုက်စုပြီး ကိုယ်တိုင်ဘာမှ လက်တွေ့မကျင့်ကြံခဲ့ဖူးဘဲနဲ့ ကော်ပီပြန်ကူးပြခြင်း မဟုတ်ပါဘူး။ ကျွန်ုပ်ဘဝမှာ ကိုယ်က အစွမ်းကုန်ကြိုးစားပါရက်နဲ့ ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ စွမ်းအားအရည်အချင်းကိုလည်း အသိအမှတ်ပြု ခံရပါရက်နဲ့ ကျွန်ုပ်ရည်မှန်းထားသလောက် မဖြစ်ရတဲ့ အကြိမ်ပေါင်း သုံးလေးကြိမ်လောက်ကြုံခဲ့ရဖူးတယ်။

ထင်သလောက် မဖြစ်တဲ့ဒဏ်ကို ခံလိုက်ရခါစ ၂ကြိမ်လောက်အထိကတော့ ကိုယ့်အားနည်းချက်ကိုယ် မရှာဘဲ "ဟိုလူက ကျွန်ုပ်ကို ကြည့်မရလို့၊ ဒီလူက သူ့လူဖြစ်နေလို့" "ကျွန်ုပ်က ငယ်သေးတယ်ဆိုပြီး လူရာမသွင်းချင်လို့၊ ဟိုလူကြီးကတော့ အသက်ကြီးပြီး ကျွန်ုပ်လောက်တောင် အသုံးကျတာလည်း မဟုတ်ဘဲနဲ့" စသဖြင့် ကိုယ့်ကိုကိုယ် လက်ခံနိုင်တဲ့ ဆင်ခြေတွေပေးမိတယ်။ ကျွန်ုပ်ကို ချစ်ခင်တဲ့ ပတ်ဝန်းကျင်ရဲ့ “ တချို့နေရာတွေမှာ ဒီလိုပဲရှိတတ်ပါတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့ “ လို့ ဂရုဏာနဲ့နှစ်သိမ့်ပေးတာကို ကျေနပ်စွာခံယူရင်း ကိုယ့်ကိုကိုယ် သနားနေခဲ့တယ်။ ကိုယ့်ကိုကိုယ် ညှာညှာတာတာတွေးပေးခဲ့တယ်။

(၃)ကြိမ်မြောက်လောက်ကျတော့ " ငါကြိုးစားပြီး အစွမ်းကုန် တက်လှမ်းမယ်ကြံလိုက်တိုင်း ငါခြေလှမ်းတွေကို နောက်ကို ပြန်ဆွဲနေတဲ့ အရာတွေဟာ ငါ့ကိုယ်ငါ အမြဲဆင်ခြေပေးနေကြဖြစ်တဲ့ "ငါ့ကို သူတို့က မနာလိုလို့၊ ငါ့ကို ကြည့်မရလို့၊ ငါက လုပ်ရမယ့် တာဝန်ပိုင်းနဲ့စာရင် အသက်ငယ်နေလို့" စတဲ့ အကြောင်းအရာတူ ဆင်ခြေတွေချည်း ဖြစ်ဖြစ်နေတာပါလား ဆိုတာကို သတိထားမိလာတယ်။

ဟုတ်တော့ မဟုတ်သေးဘူး။ ငါတွေးသလို ငါ့ကို လူတွေကအမြင်ကပ်တယ်၊ ကြည့်မရဘူး၊ အမြင်ကပ်တဲ့ ပုဒ်မတပ်ပြီး မထောက်ခံဘူး၊ အားမပေးဘူး၊ မလိုလားဘူး ဆိုရင်တောင်မှ ဘာဖြစ်လို့ အဲသည်လို ဖြစ်ရလဲဆိုတာကို ရှာရမယ်။ ဒါဟာ ငါ့ရဲ့အားနည်းချက်ပဲ။ ဒီအားနည်းချက်ကို ပြင်နိုင်မှ ငါမျှော်မှန်းတဲ့လမ်း ဖြောင့်တန်းနိုင်မယ်လို့ သတိပြုမိလာတယ်။ 

အဲသည်လို သတိပြုမိလာတာနဲ့အမျှ ကောင်းနိုးရာရာ နည်းတွေရှာဖွေ အသုံးပြုပြီး ကိုယ့်အားနည်းချက်ကိုယ် ပြင်ကြည့်တယ်။ စမ်းကြည့်တယ်။ တကယ်ပဲ လက်တွေ့အကျိုးကျေးဇူးတွေကို ခံစားရပါတယ်။ တချို့ကဆို နင်နည်းနည်းပြောင်းလဲသွားတယ်လို့ ဆိုတယ်။ နှစ်အတန်ကြာမတွေ့ရဘဲ ပြန်တွေ့သူတွေကတော့ နင်အတော်ကြီး ပြောင်းလဲသွားတယ်ဆိုကြတယ်။

ကျွန်ုပ်ကိုယ် ကျွန်ုပ်perfectဖြစ်နေပါပြီလို့ ဆိုလိုခြင်း မဟုတ်ဘူး။ ကျွန်ုပ်မှာ ကိုယ်ကိုယ်တိုင် မသိသေးသော တခြားအားနည်းချက်တွေလည်း ရှိကိုရှိနေဦးမှာပဲ။ ဆိုလိုချင်တာက ကိစ္စရပ်တိုင်းမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်၊ ကိုယ့်ရည်ရွယ်ချက်တွေ ပြီးမြောက်အောင်မြင်ဖို့ လိုအပ်နေတဲ့ ကိုယ့်အားနည်းချက်တွေကို ကိုယ်တိုင်ရင်ဆိုင်ရဲတဲ့ သတ္တိမွေးပြီး မအောင်မြင်ခြင်း၊ ကျရှုံးခြင်း "ဒုက္ခ"ကို ကျော်လွှားနိုင်ကြစေဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။

အကြံအစည်တွေ အထမမြောက်ခြင်း “ဒုက္ခ”
"ကြံစည်တိုင်းလည်း ဖြစ်မလာဘူး....." သီချင်းတောင် ရှိတယ်နော်။ လူတွေရဲ့ လက်တွေ့ဘဝနဲ့ ဘယ်လောက်များ တိုက်ဆိုင်လိုက်လို့ လူတွေဘယ်လောက်တောင် လက်ခံလိုက်ကြသလဲဆိုတာ အဲသည့် သီချင်းတခါတည်း ပေါက်သွားတာသာ ကြည့်ပါတော့။ ဒါကြောင့် တစုံတခုကို ကြံစည်ပြီး ကြိုးစားဆောင်ရွက်လို့ အထမမြောက်ရင် ဒါဟာ ငါတယောက်တည်းမှ ဖြစ်ရတဲ့ ကိစ္စမဟုတ်ဘူးဆိုတာကို နှလုံးသွင်းပါ။ စိတ်ကို အတတ်နိုင်ဆုံး အတည်ငြိမ်ဆုံး ဖြစ်အောင်ထိန်းပါ။

သေသေချာချာ စနစ်တကျ ကြိုတင်ကြံစည် ပြင်ဆင်ထားပါရက်နဲ့ တပါးသူကြောင့် အကြံအစည်တွေ အပျက်ပျက် အယွင်းယွင်း ဖြစ်သွားရတဲ့ အချိန်၊ အင်မတန် ပေါက်ကွဲပစ်ချင်စရာကောင်းလှတဲ့ အချိန်မှာ မပေါက်ကွဲလိုက်ဘဲနဲ့ စိတ်ကို အတည်ငြိမ်ဆုံးထားပြီး ဖြေရှင်းသွားနိုင်တဲ့ သာဓကလေးတခုကို ပြောပြချင်ပါတယ်။ 

အိန္ဒိယလွတ်လပ်ရေး တိုက်ပွဲမှာတက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် အကြိမ်ပေါင်းများစွာ အချုပ်အနှောင်ခံခဲ့ရပြီး၊ အိန္ဒိယပြည် သံအမတ်ကြီးအဖြစ် ရုရှားနိုင်ငံ၊ အမေရိကန်နိုင်ငံတွေကို စေလွှတ်ခြင်းခံရတဲ့၊ ၁၉၅၃/၅၄မှာ ကုလသမဂ္ဂရဲ့ အထွေထွေခံညီလာခံမှာ ပထမဦးဆုံး အမျိုးသမီးသဘာပတိအဖြစ်လည်းကောင်း၊ အိုင်ယာလန်သံအမတ်၊ စပိန်သံအမတ်များအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူတယောက်။

ထိုစဉ်က အိန္ဒိယနိုင်ငံဥပဒေအရ ခင်ပွန်းသည် မရှိတော့သည့်အခါ အမွေဆက်ခံပိုင်ခွင့်မရှိဘဲ သားသမီး(၃)ယောက်နဲ့ ဒုက္ခအရောက်ကြီး ရောက်ခဲ့ရသူ (မဒမ်ပန်ဒစ်) (Vijaya Lakshmi Pandit) ဆိုသူ အာဂအမျိုးသမီးကြီးတဦးဟာ ဒုက္ခမျိုးစုံကို ကျေကျေလည်လည် ကျင်လည်စွာ ပေါင်းသင်းနိုင်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမှာ အိန္ဒိယပြည်ရဲ့ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် သူမအိမ်မှာ ဗြိတိသျှဝန်ကြီးချုပ်နဲ့ဇနီးတို့ကို အလုပ်သဘောအရ ညစာစားပွဲနဲ့ ဧည့်ခံဖို့ ဖိတ်ကြားထားတဲ့နေ့ကပေါ့......... 

အဲသည့်အချိန်မှာ သူမအတွက် အဲသည့် ညစာစားပွဲလောက် အရေးကြီးတာ မရှိပါ။ သူမဟာ အရာရာကို စေ့စပ်သေချာလွန်းစွာကို ကြိုတင်ပြင်ဆင် စီရင်မှုတွေ ပြုထားခဲ့တယ်။ အစားအသောက်စာရင်းကအစ စားပွဲပေါ်မှာ သူ့အရောင်အသွေးအလိုက် စီစဉ်နေရာချရမယ့် ပန်းများ၊ ထွန်းညှိရမယ့် ဖယောင်းတိုင်များအထိ အသေးစိတ်အစီအစဉ်တွေ ရေးဆွဲပြင်ဆင်ခဲ့တယ်။ ဧည့်သည်များ ရောက်လာပြီးအဖျော်ယမကာ နှစ်ကြိမ်ထည့်ပေးပြီးတဲ့အခါမှာတော့ သူမက ညစာကြေငြာရန် ဘဏ္ဍာစိုးကို အချက်ပြလိုက်တယ်။ သည့်နောက်မှာတော့ အားလုံးပဲ အစားအသောက်တွေကို စောင့်မျှော်နေကြတာပေါ့။

ဒါပေမယ့် အစားအသောက်ကများတော့ ရောက်မလာဘဲ အဖျော်ယမကာသာ တတိယအကြိမ်လာဖြည့်တာကို တွေ့လိုက်ရတယ်။ သူမလည်း မနေသာတော့ပဲ ဝန်ကြီးချုပ်ဇနီးမောင်နှံကို ခွင့်ပန်ပြီး နောက်ဖေး စားဖိုဆောင်ထဲကို ကမျောသောပါး ပြေးရပါတော့တယ်။ ဒီမှာတင်ပဲ သူမ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူမဟာ ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး ဖြစ်သွားတယ်။ ဒေါသလည်း အရမ်းဖြစ်သွားတယ်။ စိုးရိမ်စိတ်တွေလည်း ငယ်ထိပ်တက်ဆောင့်သွားတယ်။ ထိုင်ပြီး ငိုချလိုက်ချင်စိတ်လည်း ပေါက်သွားတယ်။

သူမမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ထမင်းချက်အကူ မိန်းကလေးက စားဖိုဆောင် အခန်းထောင့်မှာ မျက်စိပျက်မျက်နှာပျက်နဲ့ ရပ်နေတယ်။ အိမ်ဖေါ်လုပ်သူအမျိုးသမီးကြီးကလည်း နောက်တထောင့်မှာ။ စားဖိုမှူးကတော့ စားပွဲပေါ်မှာထိုင်ကာ လက်က ဟင်းချိုဇွန်းကို ဝှေ့ယမ်းလျက်၊ ခြေထောက်က စည်းချက်လိုက်ပြီး သီချင်းဆိုနေတယ်။ စားပွဲပေါ်မှာတော့ ကြက်သားတုန်းတွေက ပြန့်ကျဲလျက်။ သူမ တကိုယ်လုံး ညွှတ်ကျသွားတော့မတတ်ဖြစ်သွားခဲ့ရတယ်။

သူမဟာ အမူးသမား စားဖိုမှူးကို ချက်ချင်းပဲ အလုပ်ထုတ်ပစ်လိုက်ချင်ပေမယ့် လက်တွေ့မှာ စိတ်ကို အနိုင်နိုင်ထိန်းရင်း သွေးအေးအေးနဲ့ ကိုယ်ကြံစည် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခြင်း ဒုက္ခကို ရင်ဆိုင်ဖြေရှင်းလိုက်တယ်။ စားဖိုမှူးကို အတတ်နိုင်ဆုံး အကောင်းဆုံး အနေအထားနဲ့ ဟင်းပွဲတွေ အမြန်ဆုံးဖြစ်အောင်သာ စီစဉ်ပေးဖို့ ပြောလိုက်တယ်။ ဟင်းပွဲတွေထွက်လာပြီး တည်ခင်းဧည့်ခံချိန်မှာတော့ မူလက ကြိုတင်ပြောကြားထားတဲ့ အစားအသောက်စာရင်းနဲ့ သိပ်မကိုက်ညီတော့လို့ အနည်းငယ်တောင်းပန်လိုက်ရတယ်။

 မီးဖိုဆောင်ထဲက အဖြစ်အပျက်ကိုပြောပြလိုက်တဲ့ အခါမှာတော့ ဧည့်သည်များထံက အံ့သြသံတွေ တပြိုင်နက်ထွက်လာတယ်။ ‘အရက်မူးနေတာတောင် ဒီလောက်ကောင်းအောင် ချက်နိုင်ရင် အရက်များမမူးရင် ဘယ်လိုနေမလဲမသိဘူးနော်” လို့ ချီးကျူးကြတယ်။ သူမလည်း စိတ်သက်သာရာရပြီး ရယ်လိုက်တဲ့အသံဟာ ငိုသံထွက်နေသလိုလိုပဲ….လို့ ရေးထားတာဖတ်ဖူးပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ ကြံစည်ထားတိုင်းဖြစ်မလာပေမယ့် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေကို အချိန်တိုအတွင်းမှာ ပေါက်ကွဲမှုမရှိဘဲ အကောင်းဆုံးရင်ဆိုင် ဖြေရှင်းလိုက်နိုင်တဲ့အတွက် နောက်တကြိမ် အလားတူ ဒုက္ခလာရင်လည်း သူမ မကြောက်တော့ဘူး။ ဒီလို ဒုက္ခမျိုးက သူမကို နှိပ်စက်လို့ မရတော့ဘူး။ 

သို့ဖြစ်ပါ၍ “ ကြိုတင်ကြံစည်ထားတဲ့ ကိစ္စရပ်တခု မအောင်မြင်ခြင်းဆိုတဲ့ ဒုက္ခ” နဲ့တွေ့တဲ့ အခါတိုင်းမှာ ဆင်ခြေပေးစရာ အကြောင်းပြချက်တွေ အလွယ်တကူ ရှာဖွေ၍ရနိုင်သော်ငြားလည်း ကိုယ့်ကိုကိုယ် မလှည့်စားဘဲ "ဒုက္ခ"ကိုသာ ပစ်မှတ်ထားပြီး လိမ္မာပါးနပ်စွာ ဖြေရှင်းသင့်ပါတယ်။

ချစ်ခင်နှစ်သက်မြတ်နိုးအားကိုးသူ ဆုံးရှုံးရခြင်း” ဒုက္ခ” 
လောကမှာ ဘယ်အရာမှ မမြဲပါဘူး။ လက်လွတ်ဆုံးရှုံးခြင်း ဒုက္ခဆိုတာလည်း ကိုယ့်တယောက်တည်းမှ ဖြစ်ရတဲ့ ဒုက္ခမဟုတ်ပါဘူး။ လူတိုင်းလူတိုင်း အနည်းနဲ့အများတော့ ဆုံးရှုံးဖူးကြတာချည်းပါပဲ။ အများအားဖြင့်တော့ ကိုယ်ချစ်ခင်ရသူထက် ကိုယ်မှီခိုအားကိုးရသူ ဆုံးရှုံးသွားရတဲ့အခါမျိုးမှာ ဆုံးပါးသူအတွက်ရော၊ ကိုယ့်အတွက်ရော အပူနှစ်လုံးကြွ၊ စိတ်ဓါတ်တွေ အကြီးအကျယ်ကျ၊ ဆုံးရှုံးခြင်း ဒုက္ခကို မရှူ့မလှ ခံစားကြရပါတယ်။ 

အဲဒီလို အခါမျိုးမှာ ပူဆွေးဝမ်းနည်းနေခြင်း၊ ဒုက္ခကို မယှဉ်ပြိုင်ဘဲ လက်မှိုင်ချနေခြင်းထက် “ဘယ်လို ဒုက္ခမျိုးကမှ ငါအသက်ရှင်သန်နေသရွေ့ ငါ့ကို ပြိုလဲသွားအောင် လုပ်နိုင်စွမ်းမရှိစေရ” ဆိုတဲ့ စိတ်ဓါတ်ကို မွေးပစ်လိုက်ပါ။ “တယောက်တည်းပဲ ဒါပေမယ့် ငါ”  ဆိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်နဲ့ ကိုယ့်ကိုကိုယ် အားပေးပစ်လိုက်ပါ။ 

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကြီးရဲ့ “ဒုက္ခ”
(၁၂)နှစ်သား အရွယ်ကောင်ကလေး တယောက်နဲ့ မကြာခင်မှာ လူ့လောကထဲက ထွက်ခွာသွားရတော့မယ့် သူ့မိခင်တို့ဟာ နေဝင်ဆည်းဆာကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့ကြတယ်။ မိခင်ဖြစ်သူ သားလက်ကို ဆုပ်ကိုင်ရင်း အခုလို ပြောတယ်။

” လောကဘုရားသခင်ဟာ အမေတို့ရဲ့ အရည်အချင်းတွေ စမ်းသပ်ချင်လို့ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို အမေတို့ဆီ ပို့ပေးတယ်။ ဒါပေမယ့်လည်း တဖက်မှာ ဒါတွေကို ရင်ဆိုင်တိုက်ဖို့ လက်နက်ကောင်းတွေဖြစ်တဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ ခံနိုင်ရည်ရှိမှုတို့ကိုလည်း ထားရှိပေးထားတယ်။ ဒါတွေရှိနေသမျှ ဘယ်ဒုက္ခကိုမှ ကြောက်ဖို့မလိုဘူးသား၊ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကိုတော့ ဘယ်လိုဒုက္ခမျိုးကြောင့်မှ အပျက်စီးမခံနဲ့” လို့ နောက်ဆုံးအနေနဲ့ အားပေးပြီး ကောင်လေးကိုထားကာ လူ့လောကထဲက ထွက်ခွာသွားခဲ့တယ်။

ကောင်လေးအဖေဟာလည်း ကောင်လေးအမေဆုံးပြီး ရက်ပိုင်းရှေ့ဆင့်နောက်ဆင့်ပဲ ကွယ်လွန်သွားခဲ့တယ်။ ကောင်လေးဟာ မိဘနှစ်ပါးကို အရပ်က သဂြိင်္ုလ်ပေးလိုက်လို့ သုဿန်က ပြန်ထွက်အလာမှာတော့ ကလေးပီပီ အားကိုးရာမဲ့စွာ ပူလောင်စွာ ဝမ်းနည်းငိုကြွေးခဲ့တာပေါ့။ ဒါပေမယ့် သိပ်မကြာပါဘူး သူ့အမေရဲ့ အားပေးစကားတွေကို ပြန်ကြားရင်း သူ့ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ဖြတ်တောက်လိုက်ပစ်လိုက်တယ်။ 

အတိုချုပ်ပြောရရင် သူဟာ တဦးတည်းသော အဖွားဖြစ်သူထံမှာ မှီကပ်နေပြီး မူလတန်းကျောင်းတက်ရတယ်။ နောက်တော့ သတင်းစာတိုက်မှာ လက်တိုလက်တောင်း၊ စာစီအကူ၊ နေအိမ်တွေမှာ ကြမ်းခင်းကောဇောခင်းပေးခြင်းအလုပ်တွေကို လုပ်ရင်း အထက်တန်းကျောင်း တက်ခဲ့တယ်။ နီဂရိုးကောင်လေးတယောက်ဖြစ်တဲ့သူဟာ လူဖြူတွေကြားမှာ တော်ပါရက်နဲ့ အရည်အချင်းပြည့်ဝပါရက်နဲ့ အမျိုးမျိုး အနှိမ်ခံခဲ့ရတယ်။ သူဟာ စိတ်ပျက်ခြင်းမရှိသလို ဘယ်သူ့ကိုမှလည်း အပြစ်တင်ခြင်းမရှိဘဲ ကျရောက်လာတဲ့ အမျိုးအစား စုံလင်လှသော ဒုက္ခတွေကိုသာ နည်းမျိုးစုံးနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့တယ်။

လူငယ်ဘဝမှာ ခါးသီးတဲ့ အတွေ့အကြုံတွေကို ဆင့်ကဲဆင့်ကဲ ရလာတဲ့ အဲသည့်ကောင်လေးဟာ တက္ကသိုလ်ကျောင်းသားဘဝ၊ ဆရာဘဝတို့မှတဆင့် စစ်တွင်းကာလာ အမေရိကန်ပြည်ထောင်စု OSSတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းကလည်း သူအားကိုးရတဲ့ လေးစားအထင်ကြီးရတဲ့ ဗိုလ်မှူးကြီးတွေ သူ့ရှေ့မှာတင် ရုတ်တရက်ကျဆုံးပြီး မမျှော်လင့်ဘဲ ကျရောက်လာတဲ့ တာဝန်တွေကို သူဟာ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ပြီး လူမှုရေးသိပ္ပံပညာရှင်တစ်ဦးအနေနဲ့ ကိုလိုနီစနစ်ဆိုင်ရာ ပြဿနာများနဲ့ စပ်လျဉ်း၍ အထူးကျွမ်းကျင်သူ အဖြစ်ထင်ရှားလာခဲ့တယ်။ 

မိဘရဲ့အပ
သူအိမ်ထောင်ကျပြီး သူ့သားလေး(၇)နှစ်အရွယ်အရောက်မှာတော့ ကလေးဟာ ပိုလီယိုရောဂါစွဲကပ်ပြီး ခြေထောက်တွေ မလှုပ်နိုင်တော့ဘဲ ဒုက္ခိတလေးဘဝကို ကျရောက်တော့မယ့်ဆဲဆဲအချိန်။ သူအကြီးအကျယ် တုန်လှုပ်ခဲ့ရတယ်။ အဲသည့်အကြိမ် ကျရောက်လာတဲ့ ဒုက္ခကိုတော့ သူအပြင်သူ့သားလေးကို လက်တွဲခေါ်ပြီး ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့တယ်။ 

သူ့သားလေးကို သနားလိုက်တာ ဆိုတဲ့ စကားမျိုးကို ကလေးရှေ့မှာ တခွန်းမှ မပြောခဲ့ဘူး။ စိတ်ဓါတ်မကျဖို့ ကြိမ်ဖန်များစွာအားပေးရင်း ကျောက်ပတ်တီး ဖြေပြီးရင် သားရေကူးနိုင်ရမယ်၊ သားစက်ဘီးစီးနိုင်ရမယ်ဆိုတာတွေကိုသာ ကလေးမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင် ပြောခဲ့တယ်။ တဖြေးတဖြေးနဲ့ သူ့သားလေးဟာ တက်ကြွလာခဲ့တယ်။ သူ့ဘဝအနာဂတ်အတွက် စိုးရိမ်ကြောင့်ကျမှုမရှိတော့ဘဲ ကျောက်ပတ်တီးထဲက ကြွက်သားများ၊ အကြောများနိုးကြားလာရတယ်လို့ သားလုပ်သူက နေကောင်းသွားတဲ့ အချိန်မှာ ပြောပါတယ်။

ဒီလိုနည်းနဲ့ သူဟာ လူမည်းတယောက်အနေနဲ့ ဘဝမှာ ဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီးတဲ့နောက်မှာတော့ ၁၉၅၀ခုနှစ် ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုကို လူမဲများထဲတွင် ပထမဦးဆုံးအနေဖြင့် ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ပုဂ္ဂိုလ် (Ralph Johnson Bunche)ဖြစ်ခဲ့ရတော့တယ်။ 

(၁၂)နှစ်သားအရွယ်ကတည်းက မိဘမဲ့၊ ခိုကိုးရာမဲ့ဖြစ်ခဲ့ရပြီး၊ အတန်းထဲမှာ၊ လူ့လောက ပတ်ဝန်းကျင်မှာ အနှိမ်ခံ၊ အနိုင်ကျင့်ခံခဲ့ရတဲ့ လူမဲလေး Buncheဟာ ဒုက္ခကို လုံးဝမကြောက်သူ တယောက်အဖြစ်ရပ်တည်ရင်း (ထိုအချိန်က) ကမ္ဘာကုသမဂ္ဂမှာ လက်ထောက်အထွေထွေ အတွင်းရေးမှူး ရာထူးအထိ ရရှိခဲ့တယ်။

ကိုယ်တန်ဖိုးထားရသော ပစ္စည်းဥစ္စာများ ဆုံးရှူံးခြင်း “ဒုက္ခ”
လောကကြီးမှာ အချိန်တိုအတွင်းမှာ မမြဲဆုံးအရာကို ပြပါဆိုရင် ရုပ်ဝတ္ထု ပစ္စည်းဥစ္စာများကိုသာ ပြရပါလိမ့်မယ်။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဆိုတဲ့ ရန်သူမျိုးငါးပါးဒဏ်ကြောင့် အချိန်မရွေးဆုံးရှုံးသွားနိုင်တယ်။ အဲဒီလို ဆုံးရှုံးသွားတဲ့အခါ ရေကြောင့် မီးကြောင့်ဆိုရင်တော့ ပြန်မရနိုင်တော့ဘူးပေါ့။

ပြန်မရနိုင်တော့တဲ့ ရေမြောပစ္စည်းတွေ၊ ပြာပုံတွေကို ကြည့်ပြီး ဝမ်းနည်းနေခြင်းဟာ ကိုယ့်ကိုကိုယ်ပါ အဲသည့်ပစ္စည်းတွေနဲ့အတူ ရေစုန်မျှောနေခြင်း၊ ပြာပုံတောထဲထည့်နေခြင်းသာ ဖြစ်ပါတယ်။ရင်မှာပိုက်စရာ ဆုံးရှုံးမှုတွေတောင် မရှိတော့တဲ့ဘဝမှာ အရာအားလုံးကို အသစ်က ပြန်စမယ်ဆိုတဲ့ စိတ်ကို အမြန်ဆုံးမွေးနိုင်သူဟာ အမြန်ဆုံး ပြန်လည်နလံထူလာမယ့်သူပါပဲ။



မင်းအစိုးရကြောင့်၊ ခိုးသူကြောင့်၊ မချစ်မနှစ်သက်သောသူကြောင့် ဆုံးရှုံးရပြီဆိုရင်တော့ ပြန်ရနိုင်စရာရှိရင် ပြန်ရနိုင်မယ့် နည်းလမ်းအသွယ်သွယ်ကို ခေါင်းအေးအေးထားပြီး စဉ်းစားပါ။ ဒီအချိန်မှာ ကိုယ့်ရဲ့ လိမ္မာပါးနပ်မှု၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေမှု၊ သူတပါးကို ကူညီစောင်မထားမှုတွေက ကိုယ့်ကိုပြန် အကျိုးပြုပါလိမ့်မယ်။ 

ကျွန်ုပ်ဘဝမှာ အဲသည် ဥစ္စာပျက်ခြင်း ဒဏ်ကို အသက်(၂၀)ကျော် အရွယ်မှာ မရှု့မလှ ခံခဲ့ရဘူးတယ်။ အလွန်ရင်းနှီးသော မိတ်ဆွေများသိကြပါတယ်။ အဲသည့်အချိန်မှာ ကျွန်ုပ်ဘေးမှာ ဆွေမျိုးသားခြင်း၊ ညီအကိုမောင်နှမ၊ မိတ်ဆွေ အပေါင်းအသင်း ဘယ်သူဆို ဘယ်သူမှ မရှိခဲ့ကြဘူး။ ကိုယ့်တိုင်းပြည်မှာလည်း မဟုတ်ဘူး။ ခိုကိုးရာ အားကိုးမဲ့တဲ့ ဘဝမှာ စပြီးဒုက္ခရောက်တဲ့အချိန်ကစလို့ နောက်(၇)ရက်အတွင်းမှာ ငါဘယ်ရောက်နေမလဲဆိုတာ ကိုယ့်ကိုကိုယ် မသိသေးတဲ့အနေအထား။

နဖူးကချွေး အဝီစိရောက်အောင် ကြိုးစားပမ်းစား ရှာထားသမျှတွေလည်း အားလုံးဆုံးရှုံးခဲ့ရပြီး အေးစက်စက် မိုးရေအောက်မှာ တယောက်တည်း လမ်းလျှောက်ရင်း ကိုယ့်ဘဝကိုယ် ဆွဲထူခဲ့ရဖူးတယ်။ ငိုကြွေးနေဖို့ အချိန်မရှိခဲ့ဘူး။ “တယောက်တည်းပဲ ဒါပေမယ့် ငါ” ဆိုတဲ့ ဒုက္ခရောက်တိုင်း ကိုယ့်ကိုကိုယ် အားပေးတဲ့ စကားနဲ့ ကိုယ်ရော စိတ်ပါအလုပ်လုပ်ခဲ့ရတယ်။ 

အလုပ်လုပ်ခဲ့ရတယ်ဆိုပေမယ့် ပိုက်ဆံရဖို့ အချိန်ပိုင်း အလုပ်ဆင်းတာကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကြီး တခုလုံး ပြိုပျက်စီးသွားတာကို ပြန်လည်ထူထောင်ရတဲ့ အလုပ်တွေကို ပြောတာပါ။ အဲသည့်ကာလတုန်းက တနေ့မှာ ၅နာရီပဲ အိပ်ပြီး ၁၈နာရီ အလုပ်လုပ်ခဲ့ရတယ်။ ၁၅မိနစ်ထမင်းစားချိန်၊ ရေချိုးအပေါ့အပါးသွားချိန်မိနစ်(၃၀)ကလွဲပြီး ကျန်နာ၇ီတွေမှာ ဆက်တိုက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ခဲ့ရတယ်။

အဲသည့်တုန်းကဆို တခါထမ်းရင် (၁၀)ကီလိုလောက် လေးတဲ့ ဝန်တွေကိုထမ်းရင်း ၅၂ထစ်ရှိတဲ့ လှေကားကို တနေ့ထဲမှာ အခေါက်ပေါင်း ရာနဲ့ချီပြီး တက်ခဲ့ဆင်းခဲ့ရတာလည်းပါတယ်။ ညဘက်ကြီးလည်း ကိုယ်မသိတဲ့လူတွေနဲ့ မတွေ့မဖြစ် မပြောမဖြစ်တဲ့ ကိစ္စတွေအတွက် မိန်းကလေးတန်မဲ့ ကိုယ့်ကိုကိုယ် စောင့်ရှောက်ရင်း၊ ကြိုတင်ကာကွယ်မှုတွေ လုပ်ရင်း တွေ့ခဲ့ရတာမျိုးလည်းရှိတယ်။

နောက်ပိုင်း နည်းနည်း အဆင်ပြေလာတဲ့အချိန်ရောက်မှ ကျွန်ုပ်တွေ့ကြုံရတဲ့ ဒုက္ခတွေကို ကျွန်ုပ်ထက်အသက်ကြီးပြီး အတွေ့အကြုံများစွာရှိတဲ့ အမျိုးသားကြီးတွေက သိရတော့ “ နင့်နေရာမှာသာ ငါတို့ဆို ရူးသွားနိုင်တယ်”တဲ့။ ကိုယ် စုတ်ပြတ်သပ်သွားတဲ့ ကိစ္စဟာ ပြန်လည်အရသာခံ ပြောချင်စရာမကောင်းတာတော့ အမှန်ပဲ။ 

ဒါပေမယ့် အခုခေတ် လူငယ်မိန်းကလေးတွေ တော်ရုံတန်ရုံ ရည်းစားနဲ့ကွဲတာလောက်နဲ့ ကိုယ့်ဝတ်လစ်စလစ်ပုံ အင်တာနက်ပေါ်ရောက်သွားတာနဲ့ တိုက်ပေါ်က ခုန်ချတဲ့အထိ ရှုံးနိမ့်ပစ်လိုက်တာကိုတော့ လုံးဝအားမပေးဘူး။

ကိုယ်မှားရင် ကိုယ်ခံရမှာပဲပေါ့။ မှားတုန်းကတော့ ဖရိုဖရဲ မှားရဲပြီးတော့ ခံရမယ့်အလှည့်ကျတော့ ဆိုဆိုဆဲဆဲ ခံလိုက်ရုံပေါ့။ ကိုယ့်အမှားကိုယ်သိရင် ပြင်လိုက်ရုံပါပဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးမထားရင်တောင် ဒီအရွယ်ရောက်လာအောင် ကျွေးမွေးပြုစု ပျိုးထောင်လာရတဲ့ အုပ်ထိန်းသူတွေရဲ့ မေတ္တာတွေနဲ့ ကျေးဇူးတွေကိုတော့ တန်ဖိုးထားသင့်ပါတယ်။ထားပါလေ။ ဒုက္ခ အကြောင်းပဲ ပြန်ချုပ်ပြောကြပါစို့။

ဒီတော့ကာ ဒုက္ခနဲ့တွေ့လိုက်တာနဲ့ “ငါ ဖြစ်ပါ့မလား” လို့ မတွေးပါနဲ့။ “ငါ ဖြစ်တယ်” လို့ပဲ တွေးပါ။ “ငါ ငိုနေတဲ့အချိန်မှာ ရယ်နေသူတွေဟာရော ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့ တန်ခိုးတွေကို ပိုင်ဆိုင်နေလို့ ရယ်နေနိုင်တာလဲ၊ သူတို့တွေက တခုဘူးမှ မငိုခဲ့ဖူးဘူးလား၊ ငါကရော အမြဲတမ်း ငိုနေရမှာမို့လို့လား” စသဖြင့် လူတွေအားလုံးထဲမှာ ကိုယ်တယောက်တည်း ဒုက္ခရောက်နေတာ မဟုတ်ဘူးဆိုတာကို မှန်မှန်ကန်ကန် တွေးတတ်ပါစေ။

လောကမှာ သက်ရှိသက်မဲ့ အရာအားလုံးရဲ့ အသုံးဝင်မှု၊ အရည်အသွေးကို ခံနိုင်ရည်နဲ့ပဲ တိုင်းတာဆုံးဖြတ်လေ့ရှိကြတယ်။ (မှတ်ချက်…လူတယောက်ရဲ့တန်ဖိုး၊ စိတ်နေသဘောထား မပါပါ။) “ဒီပစ္စည်း သိပ်ခံနိုင်ရည်ရှိတယ်။ ဒီပစ္စည်းကတော့ တခါလောက်သုံးပြီးတာနဲ့ သွားပါပြီကွာ”၊ “ဒီလူက လောကဓံကို ကြံ့ကြံခံနိုင်တယ်ဗျ၊ အလကားပါဗျာ ဘာမှ ခံနိုင်ရည်ရှိတဲ့သူမဟုတ်ဘူး လူပျော့” စသဖြင့် ခံနိုင်ရည်အားနဲ့ စကားပြောတတ်ကြတယ်။

ဒုက္ခများများ ရောက်ဖူးတဲ့သူဟာ ဒုက္ခသိပ်မရောက်ဖူးတဲ့သူထက် ခံနိုင်ရည်ရှိတယ်။ အသုံးလည်းကျတတ်တယ်။ အသုံးလည်း ဝင်တယ်။ အတွေ့အကြုံလည်းများတယ်။ ဒါကြောင့်မို့ ဒုက္ခနဲ့တွေ့တဲ့အခါမှာ ငါတော့ ကွာလတီ တရည်တက်ဦးမယ်လို့ သဘောထားပြီး ဒုက္ခကို လက်ခံဖြေရှင်းလိုက်ပါ။ 

တစ်ချိန်က သူ့တိုင်းပြည်တခုတည်းသာမက၊ ကမ္ဘာကပင် စောင့်မျှော်နားဆင်ခဲ့ရတဲ့၊ စစ်ကာလများအတွင်း အားတက်ဖွယ်၊ ကြက်သီးမွေးညင်းထဖွယ် မိန့်ခွန်းကြီးများ ပြောကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီး၊ လက်ရွေးစင်မိန့်ခွန်းများ စုစည်း၍ စာအုပ်တွဲပေါင်းများစွာ ထုတ်ဝေခဲ့ရသည့် ပုဂ္ဂိုလ်ကြီးဖြစ်သူ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဝန်စတန်ချာချီလ်ဟာ အသက်အရွယ် ကြီးမြင့်အိုမင်းလာချိန်၊ မှတ်မှတ်ရရ သူ့မိန့်ခွန်းကိုလည်း ပရိသတ်က စိတ်ဝင်စားစွာ အချိန်ပေးစောင့်ဆိုင်းပြီး နားထောင်ရန် အဆင်သင့် ဖြစ်နေချိန်မှာ အိုမင်းလှပြီဖြစ်တဲ့ ချာချီလ်ဟာ စကားတွေ အများကြီး မပြောနိုင်တော့ဘူး။

အားလုံး လူစုံချိန်မှာ သူစင်ပေါ်တက်လာလိုက်တယ်။ ပရိသတ်ကတော့ အပ်ကျသံတောင် မကြားရအောင် သူ့မိန့်ခွန်းကို တိတ်ဆိတ်စွာ မျှော်လင့်စောင့်စားနေကြတယ်။ သူ မိန့်ခွန်းကို တကြောင်းတည်းပဲ ပြောလိုက်တယ်။ သို့သော် သူပြောချင်တဲ့ အနှစ်သာရအားလုံး အဲသည့်ထဲမှာပါတယ်။ ပရိသတ်မျက်နှာကို စူးစိုက်ကြည်ပြီး သူ့စကားကို ခွန်အားအပြည့်ထည့်ပြီး သူ တခွန်းတည်း ပြောလိုက်တယ်။ သူပြောလိုက်တာကတော့…..

“ Never,never,never,never,never,never give up!” တဲ့။



မြန်မာလို ဆီလျော်အောင် ပြန်ရရင်တော့
 “ဘယ်သောအခါမှ လုံးဝ၊ လုံးဝ၊ လုံးဝ အရှုံးမပေးကြနဲ့” ပေါ့။

အချုပ်ဆိုရရင် ဒီစာရဲ့ အစပိုင်းမှာ ပျိုးခဲ့တဲ့အတိုင်း လောကကြီးဟာ မညီညာခြင်း၊ ကြမ်းတမ်းခြင်း၊ အဖုအထစ်တွေနဲ့ အလှဆင်နေသလို၊ လူသားတို့ရဲ့ ဘဝမှာလည်း ကြမ်းတမ်းခြင်းတွေနဲ့ “ဒုက္ခ” ၊ မညီညာခြင်းတွေနဲ့ “ဒုက္ခ” ၊ အဖုအထစ်တွေ ပြည့်နှက်နေတဲ့ “ဒုက္ခ” ကို လှပစွာ အသုံးချပြီး ရည်ရွယ်ရာ ပန်းတိုင်ကို အရောက်သွားနိုင်ကြပါစေလို့ ဆုတောင်းဆန္ဒပြုလိုက်ပါတယ်။
 နန္ဒာ (ဂျပန်)
၂၀၁၂.စက်တင်ဘာလ.၁၈ရက်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....